ရိုးသားဖြောင့်မတ်

ရိုးသားဖြောင့်မတ်စွာ စီမံခန့်ခွဲခြင်း

စီမံခန့်ခွဲတတ်ရုံနှင့် ဘဝအောင်မြင်မှုကို မရရှိနိုင်သေးပါ။ ရိုးသားဖြောင့်မတ် ဖို့လိုပါသေးသည်။ မှန်ပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အောင်မြင်ဖို့အတွက် အထိရောက်ဆုံးနှင့် အကောင်းဆုံး မဟာဗျူဟာ ဖြစ်သည်။ ဤနေရာတွင် ရိုးအခြင်းနှင့် ရိုးဖြောင့်ခြင်း နှစ်ခုကွဲပြားခြားနားပုံကို ကောင်းမွန်စွာ နားလည်သဘောပေါက်ဖို့ လိုပါသည်။ ရိုးအ၍ ဘဝတွင် မအောင်မြင်နိုင်ပါ။ ရိုးဖြောင့်ခြင်းဖြင့်သာ အောင်မြင်မှုကို ရယူဆွတ်ခူးနိုင်မည် ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အောင်မြင်ဖို့အတွက် အထိရောက်ဆုံးနှင့် အကောင်းဆုံး မဟာဗျူဟာ ဖြစ်သည်။

ရိုးသားဖြောင့်မတ်ဖို့အတွက် ရိုးသားဖြောင့်မတ်ခြင်းဟူသည့် စကားလုံး၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်သဘောပေါက်ဖို့ လိုသည်။ ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းသည် မတူညီပါ။ ဖြောင့်မတ်ခြင်းဟူသည့် စကားလုံးက ရိုးသားခြင်းဟူသည့် စကားလုံးထက်ပို၍ ကျယ်ပြန့် နက်ရှိုင်းပါသည်။ ရိုးသားသည်ဆိုသည်က အခြားသူများပေါ် မဟုတ်တာမလုပ်ခြင်း၊ မရိုးမသားမလုပ်ခြင်းကို ဆိုလိုပါသည်။ ဖြောင့်မတ်သည်ဆိုသည်မှာ သူတစ်ပါးအပေါ် မဟုတ်တာမလုပ်ခြင်း၊ သူတစ်ပါးကို မလိမ်ခြင်း သာမက မိမိကိုယ်ကို မဟုတ်တာမလုပ်ခြင်း၊ မိမိကိုယ်ကို မလိမ်ခြင်းကို ပါဆိုလိုခြင်းဖြစ်သည်။

မိမိမှာမရှိသည်ကို ရှိချင်ယောင် မဆောင်ဘဲ၊ မိမိမတတ်သည်ကို တတ်ချင်ယောင်မဆောင်ဘဲ ဖြောင့်မတ်စွာကြိုးစား အားထုတ်ပါမှ အောင်မြင်မှုများကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်သည်။ လောကတွင် နှစ်ခြောက်ဆယ်အထက် ကာလရှည်ကြာစွာ အောင်မြင်မှုမှတ်ကျောက် အတင်ခံနိုင်သူများသည် ရိုးသားဖြောင့်မတ်စွာ ကြိုးစားသူများဖြစ်သည်။ ရိုးသားဖြောင့်မတ်စွာ စီမံခန့်ခွဲနိုင်သည့်နှင့်အမျှ ဘဝတွင် အောင်မြင်မှုများ ရရှိလာနိုင်မည် ဖြစ်သည်။

ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်း စာအုပ်မှကောက်နုတ်ထားပါသည်။

OpenYourBusinessOnline

Related Posts