ယောက်ျားတို့၏ စာရိုက်ဆိုးများ

ယောက်ျားတို့၏ စာရိုက်ဆိုးများ

ယောက်ျား မိန်းမ အမူအကျင့်များကို လေ့လာသူများက အောက်ပါ လက္ခဏာများသည် ယောကျာ်းတို့၏ စရိုက်ဆိုးများ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

၁။ ဘယ်အရာမဆို မိမိကသာ အနိုင်ရယူလိုခြင်း။
ဤသည်မှာ အားကစား၊ ပြေးခုန်ပစ်၊ စီးပွားရေးသာမက လင်နှင့်မယား ဆက်ဆံရေးမှာပါ ထင်ရှားသည်။ အိမ်ထောင်ရေး၌ အမြဲတမ်း ကြက်ဖကသာ ‘တွန်’ ချင်ကြသည်။

၂။ ဘဝတစ်လျှောက် ခိုက်ရန်ဖြစ်ပွားမှုများခြင်း။
ငယ်ငယ်ကတည်းက သတ်ပုတ်လာသည်မှာ အသက်ကြီး၍ ကိုယ်တိုင် သားသမီးများရသည့်တိုင် သတ်ပုတ်ခြင်းနှင့် ဆိုင်သော အလုပ်ကို နှစ်သက်ခြင်း။ ဥပမာ- ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ နပမ်းများကို အားပေးခြင်း စစ်ချီတက်သီချင်းများကို ကြိုက်နှစ်သက်ခြင်း။

၃။ ရုပ်ဝတ္ထုကို အလေးပေး တန်ဖိုးထားခြင်း ။
အဖိုးတန်သော အိမ်၊ မော်တော်ကား၊ တီဗွီ စသည်တို့ကိုသာမက မိမိ၏ ဇနီးမယားကိုပင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပေါ် ပိုမိုတန်ဖိုးထားခြင်း၊ မိမိ၏ ဇနီးမယားအသက်ကြီးရင့်၍ မလှမပသောအခါ အခြား ငယ်ရွယ်သော မိန်းကလေးများကို ကြိုက်နှစ်သက်ခြင်း။

၄။ စာရင်းဇယားများကို အသားပေးလွန်းခြင်း။
မိမိ၏ ဝင်ငွေထွက်ငွေကိုသာမက ဘယ်အရာမဆို ဂဏန်းဖြင့်သာ သတ်မှတ်ထားခြင်း။ ဇနီးမယား၏ ချစ်ခြင်းမေတ္တာကိုပင် မိမိအပေါ် အလိုလိုက်နမ်းရှုတ်မှုတို့နှင့် တိုင်းတာလိုခြင်း။

၅။ စက်မှုကိရိယာများကို စိတ်ဝင်စား အလေးထားခြင်း။
မည်သည့်အရာမဆို စက်မှုကိရိယာဖြင့် ပြုလုပ်က ပိုကောင်းသည်။ စက်ကြီးလေ ကောင်းလေ၊ စက်ကလုပ်သမျှ ကောင်းသည်ဟု ထင်တတ်ခြင်း။

သို့ဖြစ်၍ မိမိ၏အိမ်၊ အသုံးအဆောင်၊ အိမ်ထောင်ပရိဘောဂ မှန်သမျှကို ကြီးမှကြိုက်ခြင်း၊ စက်နှင့်လုပ်မှကြိုက်ခြင်း၊ တန်ဖိုးကြီးမှကြိုက်ခြင်း။ မိမိ၏ဇနီးမယားကိုလည်း တန်ဖိုးကြီးကြီးပေး၍ ပိုးရ ပန်းရမှ၊ လက်ထက်ရမှ ကျေနပ်ခြင်း။

ဤသို့ဖြစ်နေလျှင်သင်သည် ယောကျ်ားဖြစ်ပါက ယောကျ်ားစရိုက်ဆိုးများ ဝင်နေသည်ဟု မှတ်ယူရမည်ဟု ဆိုကြပါသည်။

ဒေါက်တာမောင်မောင်ညို ရေးသားသည့် “မိန်းမရောဂါများနှင့် နောက်ဆုံးပေါ်ဆေးများ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts