hapeye

မှားလျှင် ဝန်ခံပါ (အပိုင်း – ၂)

ကျွန်တော် ‘ဒီလိုဆိုရင်ဖြင့် ကျွန်တော် သိပ်ပြီးဆိုးတာပဲ၊ ဆင်ခြေတွေ ပေးနေပေမယ့်လည်း ဒီအပြစ်ကတော့ ချမ်းသာမယ်မဟုတ်ပေဘူး၊ ဒီလောက်ကြာကြာ ဆရာနဲ့ အလုပ်လုပ်ဖူးရင် ဆရာ ဘာကြိုက်တယ်ဆိုတာကို ကျွန်တော်သိဖို့ ကောင်းပါတယ်၊ ခုလို မသိတာ အင်မတန်မှ ရှက်ဖို့ကောင်းတာပါပဲ’ ထိုစာတည်း၏ အမူအရာသည် ရုတ်တရက် ပြောင်းသွားပြီးလျှင် ကျွန်ုပ်ဘက်ကနေ၍ ကျွန်ုပ်ကို ကာကွယ်၏။ စာတည်း ‘ဟုတ်တယ်လေ၊ ဒါ သိပ်အရေးမကြီးပါဘူး၊ အမှားဆိုပေမယ့်’ ကျွန်တော် (သူပြော၍ အပြီးကို မစောင့်ဘဲ ကြားဖြတ်၍) ‘အမှားရှိတာ ကောင်းကိုမကောင်းဘူး၊ ဘယ်အမှားပဲဖြစ်ဖြစ် နည်းနည်းကလေးမှားလိုက်ရင် အကုန်ပျက်ကုန်တာပဲ’ စာတည်းသည် ကျွန်ုပ်၏စကားကို ကြားဖြတ်၍ပြောရန် ကြိုးစားပါသေး၏။ သို့ရာတွင် ကျွန်ုပ်သည် အတင်းဆက်၍ ပြောသောကြောင့် သူမပြောသာချေ။ ကျွန်ုပ်လည်း အတော်နေရာကျလျက် ရှိ၏။ တစ်သက်နှင့်တစ်ကိုယ် ကိုယ့်ကိုယ်ကိုယ် ပြန်၍ အပြစ်တင်ခြင်းသည် ဤအကြိမ် ပထမဖြစ်၍ ကျွန်ုပ်ကိုယ်တိုင်လည်း နှစ်သက်၏။

ကျွန်တော် ‘ဒီကိစ္စမှာ ကျွန်တော်ကိုယ်တိုင် သတိနည်းနည်းပေါ့သွားပါတယ်၊ ပိုက်ဆံပေးစရာရှိရင် ဆရာပဲ အများဆုံး ပေးတာပဲ၊ ဒီတော့ အကောင်းဆုံး ရစရာရှိရင်လည်း ဆရာပဲ ရထိုက်တယ် မဟုတ်ပါလား၊ ကျွန်တော် ပြန်ဆွဲပေးပါမယ်’ စာတည်း ‘နေ နေ နေ၊ ဘာဖြစ်လို့ ဒုက္ခရှာမလဲ၊ ပြင်ချင်တာက နည်းနည်းကလေး ပြင်ချင်တာ၊ သို့ပေမယ့် ကိစ္စမရှိပါဘူး’ ဟူ၍ ပြောပြီးလျှင် ကျွန်ုပ်၏ စကားကို ချီးမွမ်းတော့၏။ ကျွန်ုပ်ကိုယ်ကိုပြန်၍ အပြစ်တင်နေသဖြင့် စာတည်းကား ကျွန်ုပ်အား အပြစ်တင်ရန် အခွင့်မရတော့ချေ။ စကားပြောကြပြီးနောက် ကျွန်ုပ်ကို နေ့လည်စာကျွေးပြီးလျှင် ကျွန်ုပ်၏ဆွဲကားအတွက် ချက်လက်မှတ်ကို ထုတ်ပေးရုံသာမက အလုပ်သစ်တစ်ခုကိုလည်း နောက်ထပ် ပေးလိုက်ပါသေးသည်။

ကိုယ့်အပြစ်ကို ကိုယ်ဖုံးရန်အတွက် ပညာရှိဖို့မလို ပညာမဲ့တိုင်းလိုလိုပင် ကိုယ့်အပြစ်ကို ကိုယ်ဖုံးတတ်ကြ၏။ သို့ရာတွင် မိမိအပြစ်ကို ဝန်ခံတတ်ခြင်းသည် ထိုဝန်ခံသူအား သာမန်သူတို့ထက် ထူး၍မြင့်မြတ်စေလေသည်။ ထို့ပြင်လည်း မိမိ၏ အပြစ်ကို ဝန်ခံလိုက်ခြင်းအားဖြင့် ထိုဝန်ခံသူတွင် ထူးကဲသော စိတ်၏အရသာကို ခံစားရလေသည်။ သာဓကတစ်ခုကို ဖော်ပြပါအံ့။ ဂတ်တီးစဗတ်တိုက်ပွဲတွင် အကြီးအကျယ်ရှုံးသော အပြစ်ဒဏ်ကို စစ်ဗိုလ်ချုပ်ကြီး ရောဗတ် အီလီ သည် သူတစ်ယောက်တည်း ကျုံး၍ ခံခဲ့၏။ သမိုင်းထဲတွင် ရောဗတ်အီလီ နှင့် စပ်လျဉ်း၍ ရေးထားသော အကြောင်းများတွင် ဤအကြောင်းသည် အလွန်မြင့်မြတ်သော အကြောင်းပင် ဖြစ်လေသည်။

လီ၏ တစ်သက်တွင် ဤအမှားတော်ပုံထက် ကြီးကျယ်သော အမှားမရှိခဲ့ပေ။ လီသည် အလွန့်အလွန် စိတ်ပျက်လျက် ရှိသောကြောင့် တောင်ပိုင်းပြည်နယ် သမဂ္ဂနိုင်ငံများ၏ သမ္မတဂျက်ဖာဆန် ဒေဗီ ထံသို့ နှုတ်ထွက်စာတင်ပြီးလျှင် သူ့ထက် စွမ်းရည်သတ္တိပိုရှိသော လူငယ်တစ်ဦးကို ပို့လိုက်ရန် တောင်းပန်၏။ လီသည် အကယ်၍သာ အခြားတစ်စုံတစ်ယောက်အပေါ်သို့ စစ်ရှုံးရသည့်အပြစ်ကိုချလိုပါလျှင် အကြောင်းအမျိုးမျိုး ပြနိုင်လေသည်။ ဥဒါဟရုဏ်၊ သူ၏ လက်အောက်ခံဗိုလ်များက သူပြောသည့်အတိုင်း မလုပ်သောကြောင့် ရှုံးရသည်၊ ခြေလျင်တပ်ကိုကူရန် မြင်းတပ်သည် အချိန်မီမရောက်သောကြောင့် ရှုံးရသည် အစရှိသဖြင့် အကြောင်းအမျိုးမျိုး ပြနိုင်၏။

သို့ရာတွင် လီသည် မြင့်မြတ်သော လူတစ်ယောက်ဖြစ်၍ ဤကဲ့သို့ တစ်ဖက်သားပေါ် အပြစ်ချသော ကိစ္စမျိုးကို လုပ်မည်မဟုတ်ပေ။ သူ၏စစ်တပ်များသည် စစ်ရှုံးရာမှ ပြန်လာသောအခါ သူသည် ကိုယ်တိုင်ထွက်၍ နှုတ်ဆက်ပြီးလျှင် ‘ဒီလိုရှုံးတာ ငါ့အပြစ်ပါပဲ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး၊ ငါ့ကြောင့် စစ်ရှုံးတာပဲ’ ဟူ၍ ပြောပြ၏။ သမိုင်းအစောင်စောင်ကို ပြန်၍ကြည့်လျှင် ဤကဲ့သို့ ဝန်ခံရဲသော စစ်ဗိုလ်ချုပ်ကြီးမျိုးလည်း အလွန်ရှားမည်ဖြစ်၏။ အဲဗတ်ဟပ်ဘတ် သည် တိုင်းပြည်တစ်ပြည်လုံး၏ စိတ်ဓာတ်ကို တက်ကြွအောင် ရေးသားရာတွင် အလွန်အရေးကောင်းသူတစ်ယောက် ဖြစ်လေသည်။ သူ၏ အရေးအသားများထဲတွင် အချို့စာကြောင်းများသည် တစ်ဖက်သားကို မခံမရပ်နိုင်အောင် ဖြစ်စေ၏။ သို့ရာတွင် လူများနှင့် ဆက်ဆံရာတွင် အရည်ဝပြီးသား ဖြစ်သောကြောင့် သူ၏အရေးအသားကို မခံရပ်နိုင်သော သူ၏ ရန်ဘက်များသည် များသောအားဖြင့် သူ၏မိတ်ဆွေများ ဖြစ်လာကြ၏။

ဥဒါဟရုဏ်၊ စာဖတ်သူတစ်ဦးဦးသည် ဟပ်ဘတ်၏ အရေးအသားကို မခံမရပ်နိုင်သောကြောင့် မခံမရပ်နိုင်ကြောင်းကိုသာ ရေးရုံမက ဟပ်ဘတ်ကို ဘာကောင်ပဲ ညာကောင်ပဲ အစရှိသည်ဖြင့် ဆဲရေးတိုင်းထွာခြင်း ပြုလုပ်သောအခါ ဟပ်ဘတ်သည် အောက်ပါအတိုင်း စာပြန်ရေးမည်ဖြစ်၏။

အဆွေ
တစ်ကြိမ်ပြန်ပြီး စဉ်းစားလိုက်တဲ့အခါ အဆွေမနှစ်သက်သော စာပိုဒ်ကို ကျွန်တော်ကိုယ်တိုင်လည်း လုံးလုံးလျားလျား နှစ်သက်လှသည် မဟုတ်ပါ။ မနေ့က ကျွန်တော် ရေးသားလိုက်သမျှသော အရေးအသားကို ယနေ့ ကျွန်တော် မနှစ်သက်တော့ပါ။ ဤကိစ္စနှင့် စပ်လျဉ်း၍ အဆွေ၏သဘောထားကို သိရသဖြင့် ဝမ်းသာပါသည်။ တစ်နေ့နေ့ လမ်းကြုံလျှင် ဤကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရအောင် ကျွန်တော်ထံသို့ ဝင်ခဲ့စေချင်ပါသည်။
သဘောထားရိုးသားစွာဖြင့်

သင့်ကို ဤသို့ဆက်ဆံသော သူတစ်ဦးအား သင်သည် မည်ကဲ့သို့ စိတ်ထားမည်နည်း။ တစ်ခါတုန်းက ကျွန်ုပ်၏အတန်းထဲတွင် အတန်းသားများကို တစ်ယောက်စီ ထ၍ ပြစေ၏။ ထိုအခါ ကျန်အတန်းသားများက အတန်းသားတစ်ဦးနှင့် စပ်လျဉ်း၍ အဘယ်ကဲ့သို့ ထင်ကြသည်ကို ရေးသားကြရလေသည်။ ထိုစာရွက်များပေါ်တွင် လက်မှတ်မထိုးရသောကြောင့် အတန်းသားများသည် မိမိတို့၏ ဝမ်းတွင်းတွင် ရှိသမျှကို ဘွင်းဘွင်းကြီး ဖွင့်၍ ရေးကြ၏။

ထိုအတန်းကို ဖြုတ်လိုက်သောအခါ အတန်းသားတစ်ဦးသည် ဝမ်းနည်းပက်လက်ဖြစ်ပြီးလျှင် ကျွန်ုပ်ထံသို့ လာ၏။ အတန်းသားများသည် သူ့အကြောင်းကို ရစရာမရှိအောင် ရေးသားထားကြ၏။ ‘သူ့ကိုယ်သူ အထင်ကြီးသည်၊ ကြွားလွန်းသည်၊ လူများအပေါ်တွင် နိုင်လိုမင်းထက်လုပ်ချင်သည်’ အစရှိသည်ဖြင့် ရေးသားထားကြ၏။ အတန်းသားတစ်ယောက်ကမူကား သူ့ကို အတန်းထဲမှ ထွက်သွားရန်ကိုပင် ရေးသားထားလေသည်။

နောက်တစ်ကြိမ် အတန်းပြန်တက်သောအခါ သူ့အကြောင်း ရေးသားထားသော စာအားလုံးကို သူသည် ထ၍ဖတ်ပြ၏။ ဖတ်ပြပြီးသည့်နောက် ဤသို့ ရေးသားသူများကို ပြန်လည်ရှုတ်ချ ပြစ်တင်လိုသော ဆန္ဒသည် ကြီးမားလျက်ရှိသော်လည်း ထိုဆန္ဒကို မျိုသိပ်ထားပြီးလျှင် အောက်ပါအတိုင်း ပြောပြ၏။ ‘အဆွေတို့၊ ငါဟာ လူတိုင်းနဲ့ မတည့်တာအမှန်ပဲ၊ ဒီစကားဟာ ဘယ်နည်းနဲ့မှ မမှားနိုင်ဘူး၊ ဒီစာတွေ ဖတ်ရတော့ စိတ်ထဲတွေဟာ ငါ့ကို အများကြီး အကျိုးရှိစေတယ်၊ ဒီစာတွေဟာ ငါ့ဝါသနာဆိုးကို နှိမ်လိုက်ပြီး ငါ့ကို သင်ခန်းစာတစ်ခု ပေးခဲ့တယ်၊ ငါဟာ ပုထုဇဉ်ပါ၊ မင်းတို့လို မိတ်ဆွေသင်္ဂဟနဲ့ နေချင်တာပဲ၊ ငါ့ကို လူတွေ ချစ်ကြစေလိုတာပဲ၊ မင်းတို့ ငါ့ကို မကူညီကြတော့ဘူးလား၊ လူသူလေးပါးနဲ့ ပေါင်းနိုင်အောင် ငါ့ကိုယ်ကို ငါ့ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့ စာတွေကို ဒီနေ့ ညကျရင် ကျေးဇူးပြုပြီး ရေးပေးကြဦးမယ် မဟုတ်လား၊ ရေးပေးကြမယ်ဆိုရင် ငါ့ကိုယ်ငါ ပြုပြင်အောင် အဟုတ်တကယ် ကြိုးစားပါ့မယ်’

သူသည် ညာ၍နေခြင်းမဟုတ်။ အူထဲ အသည်းထဲတွင် လှိုက်လှိုက်လှဲလှဲ ဖြစ်သည့်အတိုင်း ပြောသောကြောင့် သူ့စကားကို ကြားရသော အတန်းသားတို့လည်း လှိုက်လှိုက်လှဲလှဲ ဖြစ်ကြ၏။ တနင်္ဂနွေ တစ်ပတ်လောက်တုန်းက သူ့အားဝိုင်း၍ ဆဲကြသော လူတစ်စုသည် ယခုအခါတွင် သူနှင့်ညီညွတ်လျက်ရှိကြ၏။ ဘွင်းဘွင်းဖွင့်ပြောတတ်ခြင်း၊ နှိမ့်ချခြင်း၊ သွန်သင်သည်ကို နာယူရန် အသင့်ရှိခြင်းတို့အတွက် သူ့အား ဝိုင်း၍ ချီးမွမ်းကြ၏။ အတန်းသားတို့သည် သူ့ကို ဝိုင်း၍အားပေးကြ၏။ အကြံကောင်းကို ဝိုင်း၍ ပေးကြ၏။ သူ့ကို ချစ်ခင်စပြုလာရုံသာမက ကူညီချင်သော စိတ်ထားများ ပေါ်ပေါက်လာပြီ ဟု အတန်းသားများကိုယ်တိုင်က ဝန်ခံကြ၏။

သူ၏ ချိုသာသောနှုတ်သည် သူ့အပေါ်တွင် ထားရှိသော အတန်းသားတို့၏ ဒေါသမီးကို ငြိမ်းစေ၏။ ကျွန်ုပ်တို့ မှန်သောအခါ တစ်ဖက်သားတို့ကို ကျွန်ုပ်တို့ဘက်သို့ ပါအောင် ဖြည်းညင်းသာယာစွာ ဆွဲယူပါ။ ကျွန်ုပ်တို့ မှားသောအခါ (ကျွန်ုပ်တို့သည် ပြောမယုံနိုင်လောက်အောင် မကြာခဏ မှားလိမ့်မည်) ကျွန်ုပ်တို့သည် ရိုးသားဖြောင့်မတ်သောသူများ ဖြစ်ခဲ့ပါလျှင် ကျွန်ုပ်တို့၏အမှားများကို လျင်လျင်မြန်မြန် ရက်ရက်ရောရော ဝန်ခံပါ။

‘တိုက်ယူခြင်းအားဖြင့် သင်သည် ဘယ်အခါမျှ လိုသလောက် ရမည်မဟုတ်၊ သို့ရာတွင် လျှော့ပေးခြင်းအားဖြင့် သင် မျှော်လင့်သည်ထက် ပို၍ရလိမ့်မည်’ ဟူသော စကားပုံဟောင်းကြီးကို ကောင်းစွာမှတ်သားပါလေ။ ထို့ကြောင့်ပင် တစ်ဖက်သားကို သင့်ဘက်ပါအောင် ဆွဲချင်လျှင် ‘အကယ်၍ သင်သည် မှားခဲ့ပါလျှင် ထိုအမှားကို လျင်လျင်မြန်မြန် လေးလေးနက်နက် ဝန်ခံပါ’

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts