ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၄)
ထိုမှတစ်ပါး တီးပေါ့ဒုံးနယ်မြေ ရှုပ်ထွေးမှုကြီးကို ကြည့်ကြဦးစို့။ သင်တို့ ထိုအမှုကြီးကို မှတ်မိသေးရဲ့လား။ ထိုအမှုကြီးအတွက် သတင်းစာများသည် နှစ်ပေါင်းများစွာ ဆူပွက်ခဲ့၍ ထိုအမှုကြီးသည် အမေရိကန်ပြည်ထောင်စုကို တုန်လှုပ်ချောက်ချားစေခဲ့၏။ လူများ မှတ်မိသလောက် ထိုမျှ ကြီးကျယ်သောအမှုမျိုး အမေရိကန်သမိုင်းတွင် မဖြစ်ပေါ်ဖူးသေးပေ။ ဖြစ်ပုံမှာ ဤသို့တည်း။ သမ္မတဟာဒင် အစိုးရအဖွဲ့၏ ပြည်ထဲရေးဝန်ကြီး အယ်လဘတ်ဖော ဆိုသူအား အမေရိကန်ရေတပ်အတွက် အသုံးပြုရန် သီးသန့်ထားသော အဲလ်ခဟီးနှင့် တီးပေါ့ဒုံးအရပ်ရှိ ရေနံမြေတို့ကို အငှားချထားရန် တာဝန် အပ်နှင်းထားလေသည်။ ပြည်ထဲရေးဝန်ကြီးဖောသည် ထိုရေနံမြေများကို ငှားရန် လေလံတင်သလား။ မတင်ပါခင်ဗျား။
ထိုမျှ ‘အသားများသော’ ကန်ထရိုက်ကို သူ၏သူငယ်ချင်း အက်ဒွပ်အယ်ဒိုဟင်နီသို့ ပေးလိုက်လေသည်။ ထိုအတွက် ဒိုဟင်နီက ဘာပြန်လုပ်သလဲ၊ ချေးသည်ဟု အမည်တပ်ပြီးလျှင် ဒေါ်လာငွေတစ်သိန်းကို ဒိုဟင်နီက ပြည်ထဲရေးဝန်ကြီးဖောအား ပေး၏။ ထိုငွေရပြီးနောက် မည်သူ့ကိုမျှ ဂရုမစိုက်သော အနေနှင့် ဒိုဟင်နီ၏ ရေနံတွင်းများ၏ ရေနံကြောတို့မှ ရေနံများကို စုပ်ယူနေသော ဒိုဟင်နီ၏ ရေနံတွင်းများနှင့် ကပ်လျက်ရှိသည့် အခြားရေနံတွင်းများမှ တွင်းပိုင်ရှင်တို့ကို အမေရိကန်ရေတပ်သားတို့အား နှင်ထုတ်ရန် အာဏာပေးလေသည်။ အနှင်ခံရသော တွင်းပိုင်ရှင်များသည် တရားရုံးများသို့ သွားရောက်၍ ငွေတစ်သိန်း လာဘ်ထိုးမှုကို ဖော်ကြ၏။ ဤအမှုကြီး၏ အပုပ်နံ့သည် ဟောင်လွန်းသဖြင့် ဟာဒင်၏ အစိုးရအဖွဲ့လည်း ပြုတ်၊ တစ်တိုင်းတစ်ပြည်လုံးလည်း စိတ်မသက်မသာဖြစ်၊ ရီပတ်ဘလီကင်ပါတီလည်း ပျက်သွားမတတ်ဖြစ်၊ ထိုမျှသာမက ပြည်ထဲရေးဝန်ကြီး ဖောလည်း အကျဉ်းချခံရ၏။
တိုင်းကျိုးပြည်ဆောင်များထဲမှ ပြည်ထဲရေးဝန်ကြီး ဖောကဲ့သို့ ကဲ့ရဲ့ရှုတ်ချ အပြစ်တင်ပေးခြင်း ခံရသောသူမှာ အနည်းငယ်မျှလောက်သာ ရှိပေလိမ့်မည်။ ဤကဲ့သို့ ကဲ့ရဲ့ရှုတ်ချလိုက်သဖြင့် ဖောသည် နောင်တ ရရဲ့လား၊ မရပါ။ ထိုအမှုဖြစ်ပြီး နောက် နှစ်ပေါင်းအတော်ကြာသောအခါ သမ္မတဟောင်း ဟာဒင်သည် သူ၏ သူငယ်ချင်းတစ်ဦးက သစ္စာဖောက်သောကြောင့် စိတ်ညစ်ပြီး သေဆုံးသွားရသည်ဟု ဟားဗတ်ဟူးမားက အစည်းအဝေးတစ်ခုတွင် ပြောပြလေသည်။ ထိုစကားကို ဖော၏ဇနီးက ကြားသောအခါ ထိုင်ရာမှ ဖြုန်းခနဲ ခုန်ထပြီး နောက် ကံဆိုးရခြင်းကို အပြစ်တင်လျက် ငိုယိုကာ ‘ဘာ ဟာဒင်ကို ဖောက သစ္စာဖောက်တယ်၊ တယ်ဟုတ်ပါလိမ့်၊ ကျုပ်ယောက်ျားဟာ မည်သူ့ကိုမျှ သစ္စာမဖောက်ခဲ့ဖူးဘူး၊ ဒီအိမ်နဲ့အပြည့် ရွှေတွေပေးတောင်မှ ကျုပ်ယောက်ျားဟာ မဟုတ်တာကို လုပ်မှာမဟုတ်ဘူး။ သူ့ကိုသာ လူများက သစ္စာဖောက်သွားတာ၊ အားလုံးယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်း ပုံချတာကို ခံရတာပါ’ ဟု ပြောလေသည်။
ဒါကိုသာ သင်တို့ကြည့်ပါလော့။ အမှားလုပ်မိသည့် သူတစ်ဦးသည် မိမိကလွဲပြီး အခြားသူများကိုသာ အပြစ်တင်နေခြင်းမှာ လူတို့၏ ဝါသနာပင်တည်း။ ကျွန်ုပ်တို့အားလုံးလည်း ဤနည်းနှင်နှင်ပင်။ ထို့ကြောင့် လူတစ်ဦးဦးကို မနက်ဖြန် အပြစ်တင်ရတော့မည်ဆိုလျှင် အယ်ကပုန်း၊ ‘သေနတ်နှစ်လက်ကိုင်’ ကရိုလီနှင့် အယ်လဗတ်ဖောတို့ကို ပြန်၍ သတိရကြစို့။ အပြစ်တင်ခြင်းသည် ‘အကျိုးလိုလို့ ညောင်ရေလောင်း’ မှုနှင့် တူကြောင်းကို အမှတ်ရကြစို့၊ မုချ’ပတ်ထမ်းတွေ့’ ရမည်ဖြစ်၏။ ကျွန်ုပ်တို့ အပြစ်တင်ခြင်းကို ခံရမည့်သူသည် သူမှန်ကြောင်းကို ထုချေရှင်းလင်း၍ ကျွန်ုပ်တို့အား တန်ပြန်၍ အပြစ်ဖို့လိမ့်မည်ဖြစ်ကြောင်းကို အမြဲ သတိရကြစို့။ ထိုကဲ့သို့မှ မလုပ်ပြန်လျှင်လည်း သမ္မတဟောင်းတပ်ဖ်ကဲ့သို့ ‘ယခု ကျွန်တော် လုပ်နေတာဟာ အရင်က လုပ်ခဲ့တာထက် ဘယ်လိုများ ထူးခြားသွားသလဲဆိုတာ ကျွန်တော်ဖြင့် မတွေးတတ်အောင် ရှိတော့တာပဲ’ ဟူ၍ပြန်ပြောမည်ကိုလည်း သတိထားကြစို့။