ကျွန်ုပ်နေသော အရပ်သည် နယူးယောက်မြို့သစ်၏ အလယ်ဗဟိုလောက်တွင် တည်ရှိလေသည်။ ကျွန်ုပ်၏အိမ်မှ တစ်မိနစ်လောက် လျှောက်လိုက်လျှင် မရှင်းလင်းရသေးသော သစ်တောကြီးဆီသို့ ရောက်နိုင်သည်။ နွေဦးပေါက်လျှင် ထိုတောထဲရှိ သစ်ပင်ပန်းပင်တို့သည် ဝေဝေဆာဆာရှိကြ၏။ ထိုတောထဲတွင် ရှဉ့်ငယ်ကလေးများသည် အသိုက်များလုပ်၍ ရှဉ့်ငယ်ကလေးများ ပေါက်ဖွားကြ၏။ ထိုသစ်တောကို ‘ဖောရက်ပတ်’ ဟု ခေါ်လေသည်။ ကိုလံဗတ်သည် အမေရိကန်ပြည်ကို ရှာတွေ့သည့်နေ့က ထိုတောကြီးတွင် ဖြစ်ပေါ်နေသော အခြေအနေတို့မှာ ယနေ့တိုင် ပြောင်းလဲဟန်လက္ခဏာ မရှိသေးပေ။ ထိုတောတွင် ကျွန်ုပ်၏ ခွေးဘီလူးကလေး ‘ရက်စ်နှင့်အတူ ကျွန်ုပ်သည် လမ်းလျှောက်လေ့ရှိ၏။ ထိုခွေးသည် မကိုက်တတ်ရုံသာမက တောထဲတွင်လည်း ကျွန်ုပ်တို့မှတစ်ပါး တစ်စုံတစ်ယောက်ကို အလွန်တွေ့ရခဲသောကြောင့် ကျွန်ုပ်၏ခွေးကို နှုတ်သီးစည်းနှင့် သားရေကြိုးတို့ကို တပ်မပေးမိချေ။
တစ်နေ့တွင် အလွန်တန်ခိုးပြချင်နေသော မြင်းစီးပုလိပ်အရာရှိတစ်ယောက်နှင့် ကျွန်ုပ်သည် ရင်ဆိုင်တိုးမိသည်။ ပုလိပ် ‘ဒီခွေးကို နှုတ်သီးစည်းနှင့် သားရေကြိုးမတပ်ဘဲ ဘယ်နှယ်ကြောင့် ဒီလိုလွှတ်ထားရသလဲ၊ ဒီလိုလုပ်ရင် ဥပဒေကျူးလွန်ရာရောက်တယ်ဆိုတာ မသိဘူးလား’ ကျွန်ုပ် (လေသံခပ်ပျော့ပျော့နှင့်) ‘ဟုတ်ကဲ့ သိပါတယ် ခင်ဗျာ၊ သို့ပေမယ့် ဒီခွေးကလေးဟာ ဒီနေရာမှာ ဘယ်သူ့ကိုမှ ရန်ရှာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး’ ပုလိပ် ‘ဘာ ကျွန်တော် မထင်ပါဘူးလဲ၊ မင်းမထင်ပေမယ့် ဥပဒေကတော့ နေမှာမဟုတ်ဘူး၊ ဒီခွေးဟာ ရှဉ့်ပေါက်ကလေးတွေကိုဖြစ်ဖြစ်၊ ကလေးတွေကိုဖြစ်ဖြစ် ကိုက်မယ် မဟုတ်ဘူးလား၊ ကောင်းပြီ၊ ဒီတစ်ခါတော့ ချမ်းသာပေးလိုက်မယ်၊ နောက်တစ်ခါ ဒီလိုတွေ့ရရင် ရုံးမှာထုချေပေတော့’ ‘ကောင်းပါပြီ’ ဟူ၍ ကျွန်ုပ် ဝန်ခံလိုက်၏။
ထိုပုလိပ်၏စကားကို နားထောင်သည်ကား မှန်၏။ သို့ရာတွင် ခေတ္တမျှသာ နားထောင်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ နှုတ်သီးစည်းထားခြင်းကို မကြိုက်နိုင်။ ထို့ကြောင့် ပုလိပ်အလစ်တွင် နှုတ်သီးမစည်းဘဲနှင့် တစ်ကြိမ်လောက်စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ အတန်ကြာစွာ မည်သူ့ကိုမျှ မတွေ့ရချေ။ တစ်နေ့တွင် ခွေးကလေးနှင့် ကျွန်ုပ်သည် တောထဲရှိ တောင်ပူစာပေါ်တွင် လျှောက်၍ ပြေးနေစဉ် မြင်းစီးပုလိပ်အရာရှိနှင့် ဖြုန်းခနဲ ရင်ဆိုင်တိုးမိနေ၏။ ထို့ကြောင့် ပုလိပ်အရာရှိက စကားစ၍ပြောအောင်ပင် မစောင့်ဘဲ ‘ဆရာ၊ ကျွန်တော့်ကို ဒီတစ်ခါ လက်ပူးလက်ကြပ်မိနေပြီ၊ ကျွန်တော့်အပြစ်အတွက် ကျွန်တော်ဆင်ခြေတွေ မပေးတော့ပါဘူး၊ အရင် တနင်္ဂနွေတစ်ပတ်လောက်က ခွေးကို နှုတ်သီးစည်း တပ်မပေးရင် ကျွန်တော့်ကို ဒဏ်ရိုက်မယ်လို့ ဆရာ သတိပေးလိုက်ပြီးပါပြီ’ ‘ကဲ ကောင်းပြီလေ၊ ဒီလိုပေါ့၊ လူသူလေးပါး ရှင်းတဲ့အခါ ကိုယ့်ခွေးကလေးနဲ့ ဒီလိုပြေးရတာ အင်မတန်ဇိမ်ရှိတာပဲ’ ဟူ၍ ပုလိပ်အရာရှိက ဖြည်းညင်းသာယာစွာ ပြန်ပြော၏။
‘ဇိမ်ရှိတာတော့ မှန်ပါရဲ့၊ သို့ပေမယ့် ဥပဒေနဲ့ ဆန့်ကျင်နေလို့’ ‘ကိစ္စမရှိပါဘူးလေ၊ ဒီလောက် ခွေးကလေးကလည်း ဘယ်သူ့ကိုမှ ရန်မရှာနိုင်ပါဘူး’ ဟူ၍ အရာရှိသည် ကျွန်ုပ်ဘက်မှလိုက်၍ ပြောနေသဖြင့် ကျွန်ုပ်က ‘ရှဉ့်ကလေးတွေကို ကိုက်မှာစိုးရတယ် ဆရာ’ ဟု ပြန်ပြောပါသည်။ ထိုအခါ ‘အို ကိုယ့်လူကလည်း အသေးအဖွဲကလေးတွေကို တကယ့်အကြီးအကျယ်ကြီးလို့ လုပ်နေပြန်ပါပြီ၊ ကိုင်း ကျုပ်မမြင်နိုင်တဲ့ ဟောဟိုက တောင်ကုန်းပေါ်မှာ သူ့ကို ဆက်ပြီးပြေးပါစေ၊ အတော်လေးကြာရင် ဒီကိစ္စကို ကျုပ်တို့ မေ့ကုန်ကြမှာပဲ’ ဟု ပုလိပ်အရာရှိက ပြန်ပြော၏။ ထိုပုလိပ်အရာရှိသည် ပုထုဇဉ်ဖြစ်သည့်အတိုင်း ရှိသည့် အာဏာကလေးကို ပြလိုက်ချင်သေး၏။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်ကိုယ်တိုင်က ဆီး၍ အပြစ်တင်လိုက်သောအခါ အာဏာပြချင်သော ဆန္ဒတို့သည် အတော်ကျေနပ်သွားကြပြီးလျှင် ‘ငါ ချမ်းသာခွင့် ပေးနိုင်သည်’ ဟူသော တန်ခိုးကို ဆက်၍ ပြရန်သာရှိတော့၏။
အကယ်၍သာ ကျွန်ုပ်တွင် အပြစ်မရှိဟူ၍ ငြင်းနေလျှင် ဘယ်လိုဖြစ်မည်လဲ။ တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံကြရတော့မည်မှာ မလွဲပင်။ ထိုသို့ ငြင်းခုံမိကြလျှင် ဘာဖြစ်မည်ကို အဆွေကိုယ်တိုင် သိပါလိမ့်မည်။ ဤကဲ့သို့ ငြင်းခုံနေမည့်အစား ကျွန်ုပ်၏အမှားကို ရက်ရက်ရောရော ဝန်ခံလိုက်၏။ ကျွန်ုပ်သည် သူ့ဘက်ကနေ၍ ပြောသောကြောင့် သူသည် ကျွန်ုပ်ဘက်ကနေ၍ ကာကွယ်ပေး၏။ ကိုယ့်ကိုယ်ကို ပြန်၍အပြစ်တင်ခြင်းသည် အခြားသူက အပြစ်တင်ခြင်းထက် အခံရမသက်သာပေဘူးလား။ တစ်ဖက်သားက သင့်အားပြောမည့်စကားများကို သင်ကိုယ်တိုင်က သူမပြောနိုင်မီ ကြိုတင်၍ ပြောလိုက်ပါ။ တစ်ဖက်သားသည် အ သွားလိမ့်မည်။ ထိုအခါ တစ်ရာလျှင် ကိုးဆယ့်ကိုးယောက်သောသူတို့သည် သင်၏အပြစ်များကို ကာကွယ်၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏ခွေးကလေးကို ပုလိပ်အရာရှိက ချမ်းသာခွင့်ပေးသလို သင့်အား အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်။
တစ်ဖက်သားကို အလွန်အပြစ်တင်တတ်သော ပန်းချီကား အရောင်းအဝယ်လုပ်သူ ကုန်သည်ကြီးတစ်ဦးကို မိမိဘက်သို့ပါအောင် ပန်းချီဆရာဖာဒီနန် အီးဝါးရင်း အထက်ပါနည်းကို အသုံးပြုခဲ့ဖူး၏။ ကြော်ငြာအတွက် ပုံများကိုဆွဲရာတွင် တိတိကျကျ မှန်ကန်ရန် အလွန်အရေးကြီးလေသည် ဟူသော စကားဖြင့် သူ၏ အဖြစ်အပျက်အကြောင်းကို စ၍ ပြောပြလေသည်။ ‘အချို့သော ပုံဆွဲဘက်ဆိုင်ရာ စာတည်းတို့သည် သူတို့ခိုင်းသော အလုပ်များကို အလျင်အမြန် လုပ်ပေးစေချင်၏။ ထိုသို့ အမြန်လုပ်ရာတွင်လည်း အနည်းအကျဉ်း မှားယွင်းတတ်သည်မှာ ဓမ္မတာပင် ဖြစ်လေသည်၊ ကျွန်ုပ်နှင့်သိသော ပုံဆွဲစာတည်းများတွင် စာတည်းတစ်ဦးသည် တစ်ဖက်သားကို အပြစ်ရှာရာတွင် အလွန်မြိန်ရေရှက်ရေရှိသည်ကို တွေ့ဖူး၏။ ကျွန်ုပ်သည် သူနှင့်တွေ့ပြီးတိုင်း နှလုံးမသက်မသာ ဖြစ်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ကျွန်ုပ်ကို အပြစ်ရှာသောကြောင့် မဟုတ်၊ သူ၏ အပြစ်ရှာပုံကို သဘောမကျသောကြောင့်ပင် ဖြစ်လေသည်။ များမကြာမီက ထိုစာတည်းအတွက် အလုပ်တစ်ခုကို အလျင်အမြန် လုပ်ပေးခဲ့ရဖူး၏။ ကျွန်ုပ်၏ပုံကို သူ့ထံတွင် အပ်ပြီးနောက် များမကြာမီ ကျွန်ုပ်ထံသို့ သူသည် စကားပြောကြေးနန်းဖြင့် အပြစ်တင်စကား ပြောကြားပြီးလျှင် သူ့အလုပ်ခန်းသို့ အမြန်လာရန်ခေါ်၏။ ကျွန်ုပ် ရောက်သွားသောအခါ ကျွန်ုပ် မျှော်လင့်ထားသည့်အတိုင်း တွေ့ရ၏။ စာတည်းသည် အလွန် ဒေါပွ၍ ကျွန်ုပ်ကို အပြစ်ရှာရန် ဟန်ပြင်လျက်ရှိ၏။ အဘယ့်ကြောင့် ထိုကဲ့သို့ ဆွဲရသနည်းဟူ၍ ကျွန်ုပ်အား ဒေါသနှင့် မေး၏။ ကျွန်ုပ်မှာကား လေ့လာပြီးဖြစ်သော မိမိကိုယ်ကိုမိမိ အပြစ်တင်ရန်နည်းကို အသုံးပြုရန် အခွင့်ကောင်းကြုံသဖြင့် အောက်ပါအတိုင်း ပြောလေသည်။