မြေပဲ

မြေပဲ ၏ ဆေးဖက်ဝင်စွမ်းအင်

မြေပဲ (Groundnut) ကို ရုက္ခဗေဒအမည်အရ Arachis hypogaea လို့ ခေါ်ပြီး အိန္ဒိယကတော့ Mongphali လို့ ခေါ်ပါတယ်။ အခြား အင်္ဂလိပ်အမည်အနေနဲ့ Peanut, Monkey-nut, Ground Pea လို့လည်း ခေါ်ကြပါတယ်။ မြေစိုက်ပဲ အမျိုးအစားဖြစ်ပြီး အစေ့ဆန် အမျိုးအစားလို့ သတ်မှတ်ထားတာကိုက အာဟာရပြည့်ဝတဲ့ အဆီအနှစ်ကြောင့်လို့ ယူဆရပါတယ်။ သရေစာ၊ အချိုတည်းစာအဖြစ်ရော ဟင်းလျာအဖြစ်ပါ နည်းအမျိုးမျိုးနဲ့ စားသုံးလို့ ရပါတယ်။ မြေပဲရဲ့ ထူးခြားချက်ကတော့ မြေကြီးထဲမှာ သီးတဲ့ တစ်မျိုးတည်းသော အခွံမာသီး ဖြစ်ခြင်းပါ။ မြေထဲမှာ အသီးပွားပြီး အပင်ကတော့ မြေပေါ်ကို ၅၀ စင်တီမီတာ ထိုးထွက်နေတတ်ပါတယ်။ အပွင့်ကတော့ မြေထဲမှာ ဖွံ့ဖြိုးပြီး အသီးဖြစ်တဲ့အခါ အစေ့နှစ်စေ့ ပါလေ့ရှိပါတယ်။ အဲသည် မြေပဲသီးလေးတွေဟာ နှစ်လလောက်ကြာတဲ့အခါ ဖွံ့ဖြိုးလာပါတယ်။ မြေပေါ်က အပင်မှာ အရွက်တွေ အဝါရောင်ပြောင်းလာလျှင် အပင်ကို နုတ် အခြောက်ခံရပါတယ်။ ၃ ပတ်ကနေ ၆ ပတ် ကြာတဲ့အခါ မြေပဲသီးတွေကို ရရှိပါတယ်။

စတင်တွေ့ရှိရာဒေသ
Origin and Distribution

မြေပဲ ကို ရာစုနှစ်ပေါင်းများစွာကတည်းက တောင်အမေရိကမှာ ထွန်ယက်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ပီရူးကမ်းခြေဒေသမှာတော့ လွန်ခဲ့တဲ့ ဘီစီ ၁၀၀၀ လောက်ကတည်းက စိုက်ပျိုးနေကြပြီလို့ ဆိုပါတယ်။ ၁၆ ရာစုနှစ် ရောက်တဲ့အခါ ပေါ်တူဂီလူမျိုးတွေဟာ ဘရာဇီးလ်ကနေ အာဖရိကအနောက်ပိုင်းကို သယ်ဆောင်လာခဲ့ကြပြီး အဲသည်ကနေ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ ဖိလစ်ပိုင်နိုင်ငံ ကျွန်းများဆီ ပျံ့နှံ့လာခဲ့ပါတယ်။ အဲသည်ကနေတစ်ဆင့် တရုတ်၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယထိ ပျံ့နှံ့လာခဲ့တာပါ။ ဒါပေမယ့် မြေပဲထုတ်လုပ်မှုမှာတော့ ကမ္ဘာ့ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ အိန္ဒိယနိုင်ငံက ဝယ်ယူတာ ဖြစ်ပါတယ်။

အာဟာရတန်ဖိုး
Food Value

မြေပဲ မှာ ဇီဝတန်ဖိုးမြင့်မားတဲ့ ပရိုတင်းများစွာ ပါဝင်ပါတယ်။ မြေပဲ ဟာ အသားတွေထက် ပရိုတင်းပိုများပြီး ကြက်ဥထက် ၂ဆခွဲ ပိုပါတယ်။ ပဲပိစပ် (soyabean) က လွဲလျှင် အခြားအသီးအရွက်အားလုံးထက်လည်း ပရိုတင်းဓာတ် ပိုပြီး ပါဝင်ပါတယ်။ မြေပဲ ကနေ ထုတ်လုပ်ထားတဲ့ အစားအစာမှန်သမျှ အာဟာရပြည့်ဝပြီး အားအင်ဖြစ်ထွန်းစေပါတယ်။ မြေပဲကို အာဟာရ ဓာတ်ခွဲကြည့်တဲ့အခါ မြေပဲစားလို့ရတဲ့ အစေ့ ၁၀၀ ဂရမ်မှာ ရေဓာတ် ၃%၊ ပရိုတင်း ၂၅.၃%၊ အဆီ ၄၀.၁%၊ သတ္တုဓာတ် ၂.၄%၊ အမျှင်ဓာတ် ၃.၁%၊ ကာဗိုဟိုက်ဒြိတ် ၂၆.၁% ပါဝင်ပါတယ်။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ ကယ်လ်စီယမ် ၉၀ မီလီဂရမ်၊ ဖော့စဖရပ် ၃၅၀ မီလီဂရမ်၊ သံဓာတ် ၂.၈ မီလီဂရမ်၊ ဗီတာမင်အီး ၂၆၁.၄ မီလီဂရမ်နှင့် ဗီတာမင်ဘီ အုပ်စု ပါဝင်ပါတယ်။ ကယ်လိုရီအားဖြင့် ၅၆၇ ကယ်လိုရီ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူး
Natural Benefits

မြေပဲ ကို ကမ္ဘာပေါ်မှာ အာဟာရအဖြစ်ဆုံး အစားအစာတွေထဲမှာ တစ်မျိုးအဖြစ် စားသုံးကြပါတယ်။ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနကတော့ အရေးကြီးတဲ့ အာဟာရဓာတ် ငါးမျိုးဖြစ်တဲ့ ပရိုတင်း၊ ဖော့စဖရပ်၊ သိုင်ယာမင်း၊ နိုင်ယာဆင်၊ အစာစွမ်းအင်ကို မြေပဲစားခြင်းဖြင့် ရနိုင်တယ်လို့ ဆိုပါတယ်။ မြေပဲမှာ အာဟာရပြည့်ဝရုံမကသေးဘဲ ဆေးဖက်ဝင်စွမ်းအင်တွေလည်း ပါရှိနေပါတယ်။ မြေပဲဆီဟာ ဝမ်းလွယ်စေပြီး အသားအရေကို နူးညံ့စေတယ်။ မြေပဲ လတ်လတ်ဆတ်ဆတ်ကို လှော်၍ ထန်းလျက်၊ ဆိတ်နို့နဲ့ ရောပြီး ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများကို ကျွေးလျှင် အားဖြစ်စေပါတယ်။ မြေပဲဟာ ကိုယ်ခံစွမ်းအား ကောင်းစေပြီး ရောဂါပိုးများကို သေစေနိုင်စွမ်းရှိလို့ အဆုတ်ရောဂါ၊ အသည်းရောဂါရှင်များကိုလည်း အကျိုးပြုနိုင်ပါတယ်။ အချို့သူများက မြေပဲလှော်စားလျှင် ဓာတ်မတည့်မှု ဖြစ်ပွားတတ်ကြပါတယ်။ ပန်းနာရောဂါ ဖြစ်နေသူများဆိုလျှင်တော့ မြေပဲကို အလွန်အကျွံမစားမိအောင် ရှောင်သင့်ပါတယ်။ အစာအိမ်ရောဂါရှိသူ၊ အသည်းရောင်အသားဝါရှိသူများလည်း မြေပဲကို အများကြီး မစားသင့်ပါဘူး။ မြေပဲ အစားများသွားလျှင် အစာအိမ်မှာ အက်စစ်ဓာတ် လွန်ကဲပြီး အစာမကြေ၊ ရင်ပူခြင်း ဖြစ်လာစေပါတယ်။

ကုသပျောက်ကင်းနိုင်သော ရောဂါများ Currative Properties
ဆီးချိုရောဂါ
Diabetes

မြေပဲက ဆီးချိုရောဂါဝေဒနာရှင်အတွက်တော့ အဖိုးတန်ပါတယ်။ မြေပဲ လက်တစ်ဆုပ်ကို နေ့စဉ်စားပေးပါ။ ဆီးချိုဝေဒနာရှင်အတွက် အာဟာရမမျှတခြင်း (malnutrition) နှင့် နိုင်ယာဆင်ချို့တဲ့ခြင်းအတွက်သာ မဟုတ်ဘဲ နားလည်ရန် ခက်ခဲနက်နဲတဲ့ သွေးကြောနဲ့ ဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ စစ်ဆေးပြီးသား ဖြစ်စေပါတယ်။

ဝမ်းလျှောရောဂါ
Diarrhoea

မြေပဲဟာ ဝမ်းပျက်ဝမ်းလျှောသူတွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အစားအစာတစ်ခုပါ။ အထူးသဖြင့် နာတာရှည်ဝမ်းလျှောနေသူတွေ၊ အစာစားပြီးပြီးချင်း မကြာခဏ ဝမ်းသွားသူတွေအတွက် သိသာစွာ သက်သာစေနိုင်တယ်။ ဆေးနည်းကတော့ မြေပဲလှော် လက်တစ်ဆုပ်စာကို ရှောက်သီး အနည်းငယ်ညှစ်ကာ ဆိတ်နို့စစ်စစ်မှာ ထည့်ပြီး သောက်ပေးရပါမယ်။ အထူးသဖြင့် နစ်ကိုတင်းနစ်အက်စစ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ ဝမ်းလျှောရောဂါကို အမြန်ဆုံး သက်သာစေပါတယ်။ မြေပဲဟာ နိုင်ယာဆင် လိုအပ်သူတွေအတွက် အဖိုးတန်လှပါတယ်။

သွေးလွန်ခြင်း
Excessive Bleeding

မြေပဲ သို့မဟုတ် မြေပဲနှင့် လုပ်တဲ့ အစားအစာတွေဟာ သွေးမခဲနိုင်တဲ့ မျိုးရိုးလိုက်တဲ့ ရောဂါ (haemophilia) မျိုးနှင့် လိပ်ခေါင်းသွေးယိုခြင်းကို ကုသရာမှာ အသုံးဝင်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းအပြင် ဓမ္မတာသွေးများတဲ့အခါမှာလည်း မြေပဲစားစေခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

အဝလွန်ခြင်း
Obesity

အဝလွန်ခြင်းအတွက် မြေပဲက အသုံးဝင်လှပါတယ်။ မြေပဲလှော်လက်တစ်ဆုပ်စာကို သကြားမပါတဲ့ လက်ဖက်ရည် သို့မဟုတ် ကော်ဖီနဲ့ နေ့လယ်စာမစားမီ တစ်နာရီအလိုမှာ တိုက်ပါ။ အစာကို အလိုလို လျှော့စားဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန် လျှော့လာပါလိမ့်မယ်။ အဝလွန်သူများအတွက် အန္တရာယ်ကင်းစွာ ကိုယ်ရေစစ်သွားစေမှာ ဖြစ်ပါတယ်။

သွားနာသွားကိုက်ခြင်း
မြေပဲစိမ်းကို ဆားအနည်းငယ်နှင့် ဝါးပေးလျှင် သွားနှင့် သွားဖုံးများကို သန်မာခိုင်ခံ့စေပါတယ်။ အပေါ်ယံကြွေလွှာကို မပျက်စီးအောင် စောင့်ရှောက်ပေးပြီး သွားဖုံးရောင်ခြင်းကို သက်သာစေပါတယ်။ ရောဂါပိုးများကို သေစေနိုင်စွမ်းရှိတာကြောင့် သွားနာသွားကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ မြေပဲတွေကို ဝါးပြီးလျှင်တော့ ပါးစပ်ကို ရေနှင့်ကောင်းစွာ ဆေးကြောပေးရပါမယ်။

မျက်နှာအလှအပ
မြေပဲဆီဟာ အသားအရေ လှပနိုင်စွမ်း ရှိပါတယ်။ မြေပဲဆီသန့်သန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပုရာရည်နှင့် ဆတူရောပြီး မျက်နှာပေါ်မှာ ညအိပ်ရာမဝင်မီမှာ နေ့စဉ်မှန်မှန် လိမ်းသွားပါ။ မျက်နှာအသားအရေကို စိုပြည်လန်းဆန်းစေပြီး ဝက်ခြံများ မပေါက်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

အသုံးဝင်ပုံ
မြေပဲကို နည်းအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။ မြေပဲအစိမ်း၊ မြေပဲလှော်၊ မြေပဲကြော်၊ မြေပဲပြုတ် စသည်ဖြင့် စားသုံးပြီး သရေစာ၊ အချိုတည်းစာ၊ ဟင်းရံ စသည်ဖြင့်လည်း စားသုံးပါတယ်။ မြေပဲတစ်စေ့ချင်းပေါ် သကြားရည်အုပ်ထားတဲ့ သရေစာကို အနောက်နိုင်ငံတွေမှာ နှစ်သက်ကြပါတယ်။ ချောကလက်၊ သကြားလုံးနဲ့ မုန့်အမျိုးမျိုးမှာ အစာသွပ်စာအဖြစ် ထည့်ပြီးတော့လည်း စားကြပါတယ်။ မြေပဲမှုန့်ကတော့ အနောက်နိုင်ငံတွေမှာ အလွန်ခေတ်စားပါတယ်။ မြေပဲနို့အဖြစ် ပြုလုပ်ပြီး သောက်သုံးကြတယ်။ မြေပဲလှော်တစ်ပေါင်ကို ရေထဲမှာ ၂ နာရီကြာ စိမ်တဲ့အခါ အခွံတွေ ကျွတ်ထွက်သွားပြီး အတွင်းသားက နူးသွားပါတယ်။ အခွံတွေ ရေနဲ့အတူ သွန်ပြီး ကျောက်ငရုတ်ဆုံ သို့မဟုတ် ကြိတ်စက်ထဲမှာ ညက်ပြီး အနှစ်ဖြစ်အောင် ပြုပါ။ ရရှိတဲ့ မြေပဲနှစ်ကို ရေ ၃ ဆ ထည့်ပြီး ရောမွှေပါ။ ပြီးလျှင် ပါးလွှာတဲ့ ပိတ်ပါးစလေးနဲ့ စစ်ချပါ။ စစ်ပြီးနို့ကို ဆူအောင်တည်ပါ။ သကြားလိုသလို ထည့်ပြီး သောက်နိုင်ပါတယ်။ မြေပဲနို့ဟာ နွားနို့နဲ့တူပြီး အရသာလည်း ရှိ၊ အာဟာရလည်း ဖြစ်ပါတယ်။
မြေပဲနို့ကို ဒိန်အဖြစ် ပြုလုပ်ပြီး စားသုံးလို့လည်း ရပါတယ်။ နွားနို့ဒိန် အနည်းငယ်ယူပြီး မြေပဲနို့ထဲ ထည့်ပြီး တစ်ညထားပါ။ အရသာ ထူးကဲတဲ့ မြေပဲနို့ဒိန်ကို ရရှိပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts