ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ် စား၍ ကုသပျောက်ကင်းစေသော ရောဂါများ

ဂေါ်ဖီထုပ် ဟာ အစားအစာတွေထဲမှာတော့ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ ဂေါ်ဖီထုပ် မစားတဲ့ လူမျိုးရယ်လို့ မရှိပါဘူး။ အရွယ်အစားကွာခြားတာကလွဲပြီး နိုင်ငံတိုင်းမှာ စိုက်ပျိုးဖြစ်ထွန်းတယ်။ ခန္ဓာကိုယ်ကြွက်သား တည်ဆောက်မှုနဲ့ အသားအရေစိုပြည်သန့်စင်စေမှုမှာ ဂေါ်ဖီထုပ် က ပြိုင်ဖက်ကင်းတဲ့ အစားအစာတစ်မယ်ပါ။ နိုင်ငံတကာရဲ့ ရေမြေသဘာဝနဲ့ ရာသီကို လိုက်ပြီး ဂေါ်ဖီထုပ်အရွယ်အစားသာမက အရောင်နဲ့ ပုံသဏ္ဍာန်ပါ ကွဲပြားတာကို တွေ့ရပါတယ်။

စတင်တွေ့ရှိရာဒေသ
Origin & Distribution

ဂေါ်ဖီထုပ် ကို လူ့သမိုင်းအစကတည်းက စိုက်ပျိုးခဲ့ကြတယ်လို့ ယုံကြည်ယူဆထားပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေက အရေးအကြီးဆုံး ဟင်းသီးဟင်းရွက်လို့ သတ်မှတ်ထားကြတယ်။ ရောမအင်ပါယာကြီး စတင်ထူထောင်တဲ့အချိန်မှာ ဂေါ်ဖီထုပ်ကလည်း ပိုပြီး ပေါ်ပြူလာဖြစ်လာတယ်။ လူသိများ လူကြိုက်များလာတယ်။ အမှန်တကယ်တော့ ဂေါ်ဖီထုပ်ကို ဥရောပတောင်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသမှာ စပြီး တွေ့ရှိခဲ့ကြတာပါ။ ဂေါ်ဖီထုပ်ကို အများဆုံးစိုက်ပျိုးတဲ့ ဒေသတွေကတော့ အိန္ဒိယမြောက်ပိုင်းဒေသ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အာဖရိကအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသများ၊ တောင်အမေရိကနဲ့ ကယ်ရေဘီယမ်ဒေသများ ဖြစ်ပါတယ်။

အာဟာရတန်ဖိုး
Food Value

ဂေါ်ဖီထုပ် မှာ သတ္တုဓာတ်၊ ဗီတာမင်များနဲ့ အယ်ကာလိုင်းဆားဓာတ်တွေ ပါရှိပါတယ်။ ဂေါ်ဖီထုပ် ကို အစိမ်းလိုက် စားနိုင်လေ တန်ဖိုးရှိလေ အာဟာရတန်ဖိုး ရှိလေပါ။ ပြုတ်စား၊ ပေါင်းစား၊ ကြော်ချက်စားလည်း အာဟာရဖြစ်စေတာပါပဲ။ အစိမ်းလိုက်စားတာကတော့ အာဟာရအဖြစ်ဆုံးပါ။ ဂေါ်ဖီထုပ်အစိမ်းက အကြော်အချက်အပြုတ်တွေထက် ပိုပြီး အစာကြေစေနိုင်စွမ်း ရှိနေခြင်းပါ။ ဂေါ်ဖီထုပ်ကို ကြာကြာချက်လေ အာဟာရတွေ လျော့ကုန်လေပါ။ အစိမ်းရောင်ဂေါ်ဖီထုပ်မှာ ဗီတာမင်အေများပြီး အဖြူရောင်ဂေါ်ဖီထုပ်တွေက ဗီတာမင်စီ များပါတယ်။
ဂေါ်ဖီထုပ် ဂရမ် ၁၀၀ မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ရေဓာတ် ၉၁.၉ ရာခိုင်နှုန်း၊ ပရိုတင်း ၁.၈ ရာခိုင်နှုန်း၊ အဆီ ဝ.၁ ရာခိုင်နှုန်း၊ သတ္တုဓာတ် ဝ.၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၁.၀ ရာခိုင်နှုန်းနဲ့ ကာဗိုဟိုက်ဒြိတ် ၄.၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်များကို လေ့လာတဲ့အခါ ကယ်လ်စီယမ် ၃၉ မီလီဂရမ်၊ ဖော့စဖရပ် ၄၄ မီလီဂရမ်၊ သံဓာတ် ဝ.၈ မီလီဂရမ်၊ ဗီတာမင်စီ ၁၂.၄ မီလီဂရမ်နဲ့ ဗီတာမင်ဘီအုပ်စု အနည်းငယ် ပါဝင်ပါတယ်။ ကယ်လိုရီတန်ဖိုးအနေနဲ့ ၂၇ ကယ်လိုရီ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူး
Natural Benefits & Curative Properties

ဂေါ်ဖီထုပ်ရဲ့ အံ့မခန်းတဲ့အစွမ်းက အစာအိမ်အတွင်းသာမက သွေးသားကိုပါ သန့်စင်သွားစေနိုင်ခြင်းပါ။ ဂေါ်ဖီထုပ်မှာ ဆာလဖာနဲ့ ကလိုရင်း ပါဝင်မှုများသလို အိုင်အိုဒင်းပါဝင်မှုလည်း မြင့်မားပါတယ်။
ဒါကြောင့် အစာအိမ်လမ်းကြောင်းနဲ့ အူအတွင်းရှိ အချွဲမြှေးများကို ကောင်းစွာ သန့်စင်စေနိုင်ခြင်းမှာ ထက်မြက်လှပါတယ်။ ဒါပေမယ့် သည်အစွမ်းကို ရယူဖို့ကတော့ ဂေါ်ဖီထုပ်အစိမ်းအတိုင်း အရည်အဖြစ် ဖြစ်စေ၊ တို့မြှုပ်၍ဖြစ်စေ စားပေးခြင်းပါ။ သတိပြုသင့်တာက ဆားမထည့်ဘဲ ဂေါ်ဖီသက်သက်စားရင် ပိုထိရောက်စေပါတယ်။ ဂေါ်ဖီထုပ်အစိမ်း မှန်မှန်စားပေးခြင်းဖြင့် သိုင်းရွိုက်ရောဂါဖြစ်တဲ့ လည်ပင်းကြီးရောဂါ (Goitre) ကို ကောင်းစွာ ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ အစာကို ကောင်းစွာ ကြေညက်စေနိုင်စွမ်း ရှိရုံသာမကဘဲ အစာလမ်းကြောင်းအတွင်းရှိ ရောဂါမှန်သမျှ ပျောက်ဖို့အတွက် ဂေါ်ဖီထုပ်အစိမ်းစားခြင်း၊ အရည်ညှစ်သောက်ခြင်းက အကောင်းဆုံး သဘာဝဆေးနည်းတစ်ရပ်သာ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း
Constipation

ဂေါ်ဖီထုပ် ဟာ အစာခြေရာမှာ အရေးပါတဲ့ အစာကြမ်းတွေကို ထုတ်ပေးနိုင်စွမ်းရှိတာကြောင့် ဂေါ်ဖီထုပ်ကို အစိမ်းလိုက်စားရင် ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်သူအတွက်ကတော့ ဂေါ်ဖီထုပ်ကို နုတ်နုတ်စင်းပြီး ဆားအနည်းငယ်ထည့်၊ သံပုရာသီးလေးညှစ်၊ ငရုတ်ကောင်းမှုန့်ဖြူးပြီးစားရင် အလွယ်တကူ ဝမ်းသွားစေပါတယ်။

အစာအိမ်အနာခွက်
Stomach Ulcers

အစာအိမ်ပြည်တည်နာ အနာခွက်ဖြစ်ရင် ဂေါ်ဖီထုပ်ကို သတ္တုရည်ပြုပြီး သောက်ပေးရပါမယ်။ သည်နည်းကို စတင်ဖို့ဒ်တက္ကသိုလ် ဆေးပညာဌာနက မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ Garnet Cheney ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကတည်းက သုတေသနပြုခဲ့တာပါ။ အစာအိမ်အနာခွက်ဖြစ်နေတဲ့ လူနာပေါင်းများစွာကို ဂေါ်ဖီထုပ်ရည်တစ်မျိုးတည်း မှန်မှန်တိုက်ပြီး လက်တွေ့ပျောက်ကင်းစေခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ ဂေါ်ဖီထုပ်ထဲမှာ အနာခွက်ကို သက်သာပျောက်ကင်းစေတဲ့ ဗီတာမင် ယူ Vitamin U ပါဝင်တယ်လို့ ဆိုပါတယ်။ သည်ဗီတာမင်ဟာ ချက်ပြုတ်လိုက်ရင်တော့ လုံးဝ ပျက်ပြယ်သွားပါတယ်။ ဒါကြောင့် အစိမ်းကိုပဲ စားပေးရမှာပါ။ ဆေးနည်းကတော့ ဂေါ်ဖီထုပ်အစိမ်း ၉၀ မှ ၁၈၀ ဂရမ်ကို အရည်ပြုပြီး တစ်နေ့ကို ၃ ကြိမ် မှန်မှန် သောက်ပေးရုံပါပဲ။
Dr.Cheney ကတော့ ဂေါ်ဖီထုပ်ရည်ကို အရသာပိုရှိအောင်နဲ့ အပြောင်းအလဲလေးဖြစ်အောင် တရုတ်နံနံရည်၊ နာနတ်ရည်၊ ခရမ်းချဉ်သီးရည်နဲ့ သံပုရာရည် စတဲ့ အရည်သန့်သန့် နှစ်သက်ရာတစ်မျိုးနဲ့ ရောပြီးတော့လည်း တိုက်ပါတယ်။ အနည်းငယ် ရောပေးရုံနဲ့ အနံ့အရသာ ပိုကောင်းပြီး ဆွဲဆောင်မှုရှိစေတဲ့ အရသာကို ရစေပါတယ်။ ဖော်ပြပါအရည်တွေကို တစ်ကြိမ်တည်းမှာ အကုန် ရောမထည့်ရပါဘူး။ နေ့စဉ် ၃ ကြိမ် သောက်ရတဲ့အခါ သောက်လို့ဝင်အောင် ရနံ့မွှေးရုံ၊ အရသာပြောင်းရုံသာ ထည့်ပေးရပါမယ်။ အကယ်၍ ကြိတ်စက်မရှိရင်တော့ တစ်နေ့ကို လေးငါးကြိမ် အစိမ်းလိုက် ဝါးစားပေးရမယ်။

အဝလွန်ခြင်း
Obesity

ဂေါ်ဖီထုပ်ဟာ အဆီကို ဖြစ်လွယ်စေတဲ့ သကြားနဲ့ ကာဗိုဟိုက်ဒြိတ်တွေကို လွယ်ကူစွာ ချေဖျက်နိုင်တဲ့ တာထရောနစ်အက်ဆစ် (tartronic acid) ပါတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ဒါကြောင့် ကိုယ်ရေစစ်လိုသူများ ယုံကြည်စွာ အားထားနိုင်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းသုပ်စားပေးရင် ကိုယ်ရေစစ်စေမယ့် အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ ဂေါ်ဖီထုပ် ၁၀၀ ဂရမ်မှာ ၂၇ ကယ်လိုရီ ပါဝင်ပြီး အမြန်ဆုံး အားအင်ပြည့်ဝစေပါတယ်။ ပေါင်မုန့် ၁၀၀ ဂရမ် စားမယ်ဆိုရင်တော့ ကယ်လိုရီ ၂၄၀ ရှိတာကြောင့် ဝသည်ထက် ဝဖို့ပဲ ရှိပါတယ်။ ဂေါ်ဖီထုပ်မှာ သဘာဝကပေးတဲ့ စွမ်းအားတွေ အပြည့်ရှိနေတာကြောင့် ဇီဝတန်ဖိုးနဲ့ ကယ်လိုရီတန်ဖိုးတွေလည်း ရှိနေပါတယ်။ အစာအိမ်ထဲမှာ အစားအစာတွေကို ကောင်းစွာ ချေဖျက်နိုင်တာကြောင့် အဆီပို၊ အစာပိုတွေကို တိုက်ထုတ်ပစ်ပြီး ခန္ဓာကိုယ်ကို အမြဲ ကျစ်လျစ်ကာ ကိုယ်ရေစစ်စေတဲ့ အာနိသင်တွေ ပြည့်ဝနေတာဟာ ဂေါ်ဖီထုပ်ရဲ့ တန်ဖိုးပါပဲ။ ဒါကြောင့် အဝလွန်သူများ ဂေါ်ဖီထုပ် အစိမ်းစားပေးပါလို့ အကြံပြုပါရစေ။

အရေပြားရောဂါ
Skin Disorder

အရေပြားနဲ့ပက်သက်တဲ့ ရောဂါမှန်သမျှ ကင်းစင်ပြီး အသားအရေ လှပအောင် မီးဖိုချောင်မှာ ဂေါ်ဖီထုပ် အမြဲဆောင်ထား၊ အမြဲစားပါလို့ ညွှန်းချင်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်လာတတ်တဲ့ အဖုအပိမ့်၊ ယားနာ၊ အနာစိမ်း၊ အနာခွက်၊ ပြည်တည်နာ၊ ဂျွတ်၊ ပွေး စတာတွေအပြင် ရင်ဘတ်၊ ဒူး၊ တံတောင် စတဲ့ နေရာတွေမှာ ဖြစ်လာတတ်တဲ့ အနီရောင်အကွက်ကဲ့သို့ နာတာရှည်အရေပြားရောဂါတစ်မျိုးကို ဂေါ်ဖီထုပ်မှန်မှန် စားပေးရုံနဲ့ ကောင်းစွာ ပျောက်ကင်းစေပါလိမ့်မယ်။ အနာပဆုပ် (carbuncle) အပါအဝင် အမွှေးကျွတ်နာ၊ သွေးစုနာ၊ အနာစိမ်းနဲ့ ထိခိုက်ရှနာများအတွက်လည်း ထိရောက်စွာ ပျောက်ကင်းချမ်းသာစေပါတယ်။ သည် အရေပြားနာတွေအတွက်တော့ စားရုံသက်သက်မဟုတ်ဘဲ ဂေါ်ဖီရွက်နဲ့ ကျပ်ထုပ်ထိုးသလို ရောင်နေတဲ့ နေရာကို ဖိသိပ်ပေးရပါမယ်။ ဂေါ်ဖီရွက်ထူထူစိမ်းစိမ်းကတော့ အစွမ်းအထက်ဆုံးပါပဲ။ ဂေါ်ဖီရွက်နဲ့ ညင်သာစွာ အုံထားတဲ့အနာကို တအောင့်ကြာတဲ့အခါ ရေနွေးနွေးဖြင့် ဖြည်းညင်းစွာ သန့်စင်ဆေးကြောပြီး မျက်နှာသုတ်ပဝါစနဲ့ အခြောက်သုတ်ပေးပါ။ အနာကြီးရင်တော့ ဂေါ်ဖီရွက် တစ်ရွက်လုံး အပြန့်ကြီးကြီးအုပ်ပြီး ဆေးပါ။ ဂေါ်ဖီရွက်ကို အသုံးမပြုမီမှာ မူလ ခုံးနေတဲ့အရွက်ကို အနာပေါ် အုံရလွယ်အောင် အပြန့်လိုက် ဖြစ်သွားအောင် အကြောကြီးကို ရှပ်လှီးပစ်ပြီး ခပ်နွေးနွေး အပူပေးရပါမယ်။ သိပ်ကြီးတဲ့ အကြောရှိရင် လှီးပစ်ပြီး အရွက်စိမ်းစိမ်းထူထူကြီးကို သုံးနိုင်ပါတယ်။ အပူခပ်နွေးနွေးပေးလိုက်တဲ့အခါ ဂေါ်ဖီထုပ်အရွက်ဟာ မာတောင့် ခုံးမနေတော့ဘဲ နူးညံ့ပျော့ပျောင်းပြီး အပြန့်လိုက် ဖြစ်သွားပါတယ်။ မိမိ အုံပေးမယ့် အနာကို ငုံမိရုံ လိုသလိုဖြတ်ပြီး အသုံးပြုလို့ရပါတယ်။ ဂေါ်ဖီရွက်ကို အနာပေါ်အုံပေးပြီးတဲ့အခါ အပေါ်ကနေ ပိတ်ပါးစ (gauze) လေးနဲ့ ထပ်အုပ်ပြီး ပတ်တီးစည်းထားပေးပါ။ ပတ်တီးကို အလျှော့အတင်း လုပ်လို့ရတဲ့ elastic ပတ်တီးနဲ့ စည်းပါ။ နေ့ရောညပါ မဖြေဘဲ စည်းထားရမှာပါ။ အကယ်၍ ဂေါ်ဖီရွက်က မူလအရောင်ကနေ ပြောင်းသွားရင် အသစ်တစ်ရွက် လဲလှယ်ပြီး ပြန်စည်းထားပါ။ အသစ်တစ်ဖန် လဲပေးတိုင်း အနာကို သန့်စင်အောင် ဆေးပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးမှသာ ဂေါ်ဖီရွက်အသစ် ပြန်ကပ်ပေးရမှာ ဖြစ်ပါတယ်။

အရွယ်မတိုင်မီ အိုမင်းခြင်း
Premature Ageing

ဂေါ်ဖီထုပ်မှာ အရွယ်မတိုင်မီ အိုမင်းခြင်းမဖြစ်အောင် ထိန်းသိမ်းထားနိုင်စွမ်းနဲ့ ခန္ဓာကိုယ်တွင်းရောဂါများ အလွယ်တကူမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိတဲ့ အခြေခံ ဒြပ်စင်အမျိုးမျိုး ပါရှိပါတယ်။ ဒါကြောင့် နုပျိုလိုသူသာမက အသက်ကြီးသူများလည်း စားသုံးသင့်ပါတယ်။ ဂေါ်ဖီထုပ်စားပေးခြင်းဖြင့် အိုလွယ်ခြင်း ကင်းအောင် ကြိုတင်ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ ဂေါ်ဖီထုပ်မှာ သွေးကြောတွေကို သန်မာစေတဲ့ ဗီတာမင် ‘ပီ’ နဲ့ ‘စီ’ များစွာ ပါရှိကြောင်း သုတေသနပြုချက်များအရ တွေ့ရှိရတယ်လို့လည်း သိရပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts