ကြက်သွန်နီ

ကြက်သွန်နီ ၏ ဆေးဖက်ဝင်စွမ်းအင်များ

ကြက်သွန်နီ ဟာ လစ်လီအမျိုးအစားဖြစ်ပြီး စူးရှတဲ့အနံ့ရှိပြီး ရှေးကျတဲ့ ဟင်းသီးဟင်းရွက်တစ်မည် ဖြစ်ပါတယ်။ အစားအစာတွေထဲမှာ အနံ့မွှေးပြီး အရသာရှိဖို့အတွက် အမျိုးမျိုးစီမံပြီး ထည့်ရန် အသုံးဝင်လှပါတယ်။ ရုက္ခဗေဒအမည်အရ အော်လီယမ်စီပါ (Allium cepa) လို့ ခေါ်ပြီး အိန္ဒိယဘာသာဖြင့် ပီယာ့စ် Piyaz လို့ ခေါ်ပါတယ်။ ကြက်သွန်နီ ဟာ နှစ်နှစ်ခံပင် ဖြစ်ပြီး ဆေးဖက်ဝင်အပင်လည်း ဖြစ်ပါတယ်။ အနည်းဆုံးသက်တမ်းက တစ်နှစ်ဖြစ်ပြီး အပင်ရိုးတံအားလုံးမှာလည်း စူးရှတဲ့ အနံ့ ရှိနေပါတယ်။ ထူးခြားတဲ့အပိုင်းကတော့ အမြစ်ပိုင်းဖြစ်ပြီး အရည်ရွှမ်းတဲ့ ရွက်ဖတ်များ အထပ်များ ရှိနေပြီး ပိုမိုကြီးထွားလာတဲ့အခါ ပို၍ လုံးဝန်းပြီး အရည်လည်း ပိုရွှမ်းလာပါတယ်။ အရွက်ကတော့ ရှည်လျားပြီး အလယ်မှာ အခေါင်းပေါက် ပါရှိပါတယ်။ ကြီးထွားမှု ပြီးပြည့်စုံလာပြီဆိုလျှင် ကြက်သွန်ဥကြီးလည်း ကြီးမားပြီး လုံးဝိုင်းလာပါတယ်။

စတင်ပေါ်ပေါက်ရာဒေသ
Origin

ကြက်သွန်နီ ကို အာရှအလယ်ပိုင်း၊ အီရန်နှင့် ပါကစ္စတန်နိုင်ငံများကနေ စတင်စိုက်ပျိုးလာတယ်လို့ ယုံကြည်ထားပါတယ်။ ကြက်သွန်နီကို ရှေးကျတဲ့ အချိန်အခါကတည်းက အရှေ့အလယ်ပိုင်းနဲ့ အိန္ဒိယမှာ အများအပြား စိုက်ပျိုးခဲ့ကြပါတယ်။ ရှေးအီဂျစ်ခေတ်အခါမှာတော့ ကြက်သွန်နီ ဟာ ပေါ်ပြူလာဖြစ်တဲ့ အစားအစာ ဖြစ်ပါတယ်။ ရှေးဟောင်းမံမီရုပ်တုတွေနှင့် အုတ်ဂူတွေမှာတော့ ဘီစီ ၃၂၀၀ ကတည်းက ကြက်သွန်နီပုံကို တွေ့ကြရတယ်။ ကြက်သွန်နီကို သင်္သကရိုက်ဘာသာအားဖြင့် ပါလန်ဒု (Palandu) လို့ ခေါ်ကြပါတယ်။ ဂဠုန်ကို ကိုယ်စားပြုတဲ့ အစွမ်းထက် အာဟာရလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဝါရင့် အိန္ဒိယဆေးပညာရှင်ကြီးများဖြစ်တဲ့ မဟာအိရှီအတ်ထရီယာ (Maharish Atreya) နှင့် လော့တန်ဝန်ထရီ (Lord Dhanwantri) က ကြက်သွန်နီ ရဲ့ ဆေးဖက်ဝင်အသုံးဝင်ပုံတွေကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။ ဒါကို ဘီစီ ၁၅၀၀ ခန့်က အီဂျစ်မှာရှိခဲ့တဲ့ ဘုရားကျောင်းတွေနဲ့ ဘုရားစာတွေကနေ ကူးယူဖော်ပြတာလို့ အစ္စရေးတွေက ဝေဖန်ခဲ့ကြပါတယ်။ မည်သို့ဆိုစေ ဘီစီ ၄၃၀ ခန့်က ဟစ်ပိုခရေးတီး (Hippocrates) ရဲ့ စာပေတွေထဲမှလည်း ဖော်ပြထားတာကို ဆက်ပြီး တွေ့ရှိကြရပါတယ်။ ဂျူးလူမျိုးတွေကလည်း ကြက်သွန်နီကို အလွန်ကြိုက်ကြတာကြောင့် သူတို့ရဲ့ မြို့တော်ကို အော်နီယံ (Onion) လို့ အမည်မှည့် ခေါ်ခဲ့ကြပါတယ်။ အော်နီယံမြို့တော်ကို ဘီစီ ၁၇၃ က တည်ထောင်ခဲ့ပြီး မြို့ကို တည်ထောင်ခဲ့သူကလည်း အော်နီယံလို့ အမည်ရှိတယ်လို့ သိရပါတယ်။ သည်မြို့လေးဟာ နှစ်ပေါင်း ၃၄ ခုနှစ်တိုင် တည်ရှိခဲ့ပါတယ်။
ကြက်သွန်နီကို ယခုအခါမှာ အိန္ဒိယ၊ မလေးရှား၊ မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ အီဂျစ်၊ အရှေ့နှင့် အနောက်အာဖရိက၊ အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများ အပါအဝင် ကမ္ဘာအနှံ့မှာ အများအပြား စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။

အာဟာရတန်ဖိုး (Food Value) ရဲ့ အောနီးယမ်
ကြက်သွန်နီ (Onion) ဆိုတဲ့ အမည်ဟာ လက်တင်ဘာသာ အိုနီယို (Onio) နှင့် ပြင်သစ်ဘာသာ အစ်နွန် (Onignon) ကနေ ဆင်းသက်လာတာ ဖြစ်ပြီး အစွမ်းထက်တဲ့ သဘာဝအစားအစာလို့ အဓိပ္ပာယ်ယူဆကြပါတယ်။ ကြက်သွန်နီကို အခြားလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ နှိုင်းယှဉ်လျှင် အာဟာရတန်ဖိုး မြင့်မားပြီး ပရိုတင်း အသင့်အတင့်ပါဝင်ကာ ကယ်လ်စီယမ်နှင့် ရေဘိုဖလေဗင် များစွာ ပါဝင်တာကို တွေ့ရပါတယ်။ ကြက်သွန်နီရဲ့ ဖွံ့ဖြိုးမှုနှင့် အချိန်ကာလ တိုအရှည်ပေါ် မူတည်ပြီး အရည်အသွေး အမျိုးမျိုးရှိပါတယ်။
ကြက်သွန်နီမှာ အော်ဂဲနစ်ဆာလ်ဖာ ဓာတ်ပေါင်းများစွာ ပါဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာကြောင့် တစ်ရှူးများ ပျက်စီးခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ကြက်သွန်နီဟာ စူးရှပြင်းထန်တဲ့ အနံ့ရှိပေမယ့် ဟင်းလျာချက်ပြုတ်တဲ့အခါမှာတော့ ထူးခြားစွာ ပြောင်းလဲပြီး အနံ့အရသာနှင့် ပြည့်စုံလှတာကို တွေ့ရပါတယ်။
ကြက်သွန်နီမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးကို လေ့လာတဲ့အခါ စားလို့ရတဲ့အပိုင်း ၁၀၀ ဂရမ်မှာ ရေဓာတ် ၈၆.၆%၊ ပရိုတင်း ၁၂%၊ အဆီ ဝ.၁%၊ အမျှင်ဓာတ် ဝ.၆%၊ သတ္တုဓာတ် ဝ.၄% နှင့် ကာဗိုဟိုက်ဒြိတ် ၁၁.၁% ပါဝင်တာ တွေ့ရပါတယ်။

သဘာဝအကျိုးကျေးဇူး
Natural Benefits

ကြက်သွန်နီမှာ သဘာဝဆေးဖက်ဝင် အာနိသင်တွေမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို ထူးခြားစွာ ပါရှိပါတယ်။ အစာအာဟာရအဖြစ် နည်းအမျိုးမျိုး ချက်ပြုတ်စားသောက်ခြင်းကိုက ဆေးဖက်ဝင်စွာ အကျိုးပြုပါတယ်။ ရှေးအီဂျစ်ဆေးပညာရှင်တွေကတော့ ကြက်သွန်နီကို အသုံးပြုပြီး ရောဂါအမျိုးမျိုး ကုသခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ ၁ ရာစုလောက်ကတည်းက ကြက်သွန်နီကို ဆေးဝါးအဖြစ် အသုံးပြုကြတဲ့နေရာမှာ ဆီးရွှင်ဆေး၊ ချွဲသလိပ်ကြေဆေး၊ ဖျားနာဆေးအဖြစ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ကြက်သွန်နီကို အရောင်အမျိုးမျိုး တွေ့ရပြီး အဖြူမျိုးက အနီမျိုးနဲ့ အဝါမျိုးထက် ပိုပြီး အာနိသင်ထက်တယ်လို့ သိရပါတယ်။ ကြက်သွန်နီကို ကြော်ရင် မွှေပြီးချက်ရင် အရသာရှိတာ မှန်ပေမယ့် ဆေးဖက်ဝင်ဖို့ဆိုလျှင်တော့ အစိမ်းပဲ စားသင့်ပါတယ်။ ကြက်သွန်နီက အဆိပ်ပြေစေနိုင်စွမ်း ရှိပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ အင်းဆက်ပိုးကိုက်ခြင်းအတွက် ကြက်သွန်နီအရည်ကို စိမ့်ဝင်အောင် ပွတ်ပေးလျှင် အဆိပ်ပြေ၍ သက်သာစေပါတယ်။ ကြက်သွန်ပင်ရဲ့ အစိတ်အပိုင်းမှန်သမျှကို ရိုးရာဆေးနည်းအရ အသုံးပြုကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကြက်သွန်နီဟာ သွားပိုးစားခြင်း၊ သွားကိုက်ခြင်းတွေကို သိသာစွာ ပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။ ကြက်သွန်ပင်မှာ ဗီတာမင်အေ၊ သိုင်ယာမင်းနှင့် အက်စကော့တစ်အက်ဆစ် ကြွယ်ဝတာကို တွေ့ရပါတယ်။ ကြက်သွန်ပင်ဟာ အပင်ငယ်ဘဝကစပြီး အရွယ်ရောက်၍ ကြီးထွားလာသည်အထိ အချိန်မရွေး အသုံးဝင်နေတာဟာ အထူးခြားဆုံးအချက်ပဲ ဖြစ်ပါတယ်။

ရောဂါကုသနိုင်စွမ်း Curative Properties
သွေးအားနည်းရောဂါ
Anaemia

ကြက်သွန်နီမှာ သံဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်စွမ်း ထူးခြားစွာ ပါရှိတဲ့အတွက် သွေးအားနည်းရောဂါ ကုသရာမှာ အလွန်အသုံးဝင်ကြောင်း သိရပါတယ်။

နားရောဂါ
Ear Disorders

နားထဲမှာ ဆူညံသံတွေ ကြားနေရတဲ့ ရောဂါကို ကြက်သွန်နီရည်ကို ချည်စလေးပေါ်မှာ သို့မဟုတ် ဂွမ်းစပေါ်မှာ ညှစ်ပြီး နားထဲကို ထည့်ပေးတဲ့ နည်းနှင့် ကောင်းစွာ ပျောက်ကင်းစေနိုင်ပါတယ်။ နားကိုက်လျှင်တော့ ကြက်သွန်နီ မီးအုံး၍ အရည်ကို နားထဲသို့ ညှစ်ထည့်ခြင်းဖြင့် ပျောက်စေနိုင်တယ်။

အရေပြားရောဂါ
Skin Disorders

ကြက်သွန်နီက အရေပြားယားယံခြင်းနှင့် မြူးကပ်စ်အချွဲလွှာထဲမှာ သွေးလှည့်ပတ်မှု မှန်ကန်စေရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ တစ်ခါတစ်ရံ အရေပြားပေါ် ဖြစ်လာတတ်တဲ့ ပွေးရောဂါကိုလည်း ကြက်သွန်နီထက်ခြမ်းခြမ်းပြီး ပွတ်ပေးလျှင် ကောင်းစွာ ပျောက်ကင်းစေပါတယ်။ အရေပြားပေါ်မှာ ဖြစ်လာသမျှ သွေးခြေဥခြင်းကအစ ဒဏ်ရာ ထိခိုက်ရှနာမှန်သမျှကို ကြက်သွန်နီကို ပိတ်စမှာ သုတ်၍ ခံနိုင်ရုံ မီးကင်ပြီး အုပ်ပေးပါလျှင်လည်း ကောင်းစွာ ပျောက်ကင်းပါတယ်။

လိပ်ခေါင်းရောဂါ
Bleeding Piles

ကြက်သွန်နီဟာ လိပ်ခေါင်းရောဂါအတွက်လည်း ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် လိပ်ခေါင်းသွေးပါဖြစ်နေသူဟာ ကြက်သွန်နီဥ သေးသေးလေး၊ ဖွံ့ဖြိုးစဥလေးတွေကို အစိမ်းစားပေးပါ။ ကြက်သွန်နီ ၃၀ ဂရမ်ကို ရေမှာ ကောင်းစွာ ကြေညက်စေပြီး သကြား ၆၀ ဂရမ်နှင့် ရော၍ သမအောင် မွှေပါ။ ဝေဒနာရှင်ကို တစ်နေ့ နှစ်ကြိမ် တိုက်ကျွေးပေးပါက ရက်အနည်းငယ်အတွင်းမှာ သိသာစွာ သက်သာစေမှာ ဖြစ်ပါတယ်။

သွားရောဂါ
Tooth disorder

ရုရှားဆရာဝန်များ၏ နောက်ဆုံးသုတေသနပြုချက်အရ ကြက်သွန်နီက ဘက်တီးရီးယားပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လို့ ထပ်မံအတည်ပြုကြပါတယ်။ အဆိုပါ အတည်ပြုချက်အရ ကြက်သွန်နီအစိမ်းကို တစ်နေ့လျှင် တစ်လုံးကျ နေ့စဉ်စားသူဟာ သွားကိုက်သွားနာစေတဲ့ သွားရောဂါမှန်သမျှကို ကြိုတင်ကာကွယ်ထားပြီး ဖြစ်တယ်လို့ ရုရှားဆရာဝန် ဘီပီတိုးကင်း (B.P.Tohkin) က ဆိုပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက် ၃ မိနစ်ကြာအောင် ဝါးလျှင် ပါးစပ်အတွင်းမှာ ရှိတဲ့ ရောဂါပိုးတွေအားလုံးကို သတ်ပြီးသား ဖြစ်စေတယ်လို့ ဆိုပါတယ်။ သွားကိုက်တဲ့အခါ ကြက်သွန်နီတစ်စိတ်ကို ကိုက်ခဲနေတဲ့ သွား၊ သွားဖုံးပေါ်မှာ တင်ထားရုံနဲ့တောင် ကောင်းစွာ ပျောက်ကင်းနိုင်ကြောင်း ပြောပါတယ်။

ဆီးရောဂါ
Urinary System Disorders

ကြက်သွန်နီဟာ ဆီးရောဂါအတွက် အလွန်ကို အသုံးဝင်ပါတယ်။ ဆီးပူလျှင် ကြက်သွန်နီ ၆ ဂရမ်ကို ရေ ၅၀၀ မီလီမီတာထဲသို့ ထည့်၍ ဆူအောင်ထည့်ပါ။ ရေတစ်ဝက်ခန့် ကျန်သည့်အခါ မီးဖိုပေါ်က ဖယ်ပြီး ရေစစ်ဖြင့် စစ်ချပါ။ အအေးခံပြီးလျှင် လူနာကို တိုက်ပါ။ ဆီးပူခြင်းကို သိသာစွာ ပျောက်ကင်းစေပါတယ်။ ကြက်သွန်ကို ရေထဲမှာ ခြစ်ပြီး သကြား ၆၀ ဂရမ်ဖြင့် ရောနှောထားတဲ့ အရည်ကတော့ ဆီးကို ထိန်းထားနိုင်ပါတယ်။ အချိန်တိုတိုနှင့် ဆီးအောင့်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်။

အသက်ရှူအင်္ဂါအဖွဲ့ရောဂါများ
Respiratory Disease

ကြက်သွန်နီဟာ ချွဲသလိပ်တွေကို ထွက်စေတဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားပါတယ်။ ချွဲသလိပ်ကို အရည်ပျော်စေပြီး အလားတူ ရောဂါထပ်ဖြစ်မလာစေဖို့ကို ကြိုတင်ကာကွယ်ထားနိုင်စွမ်းလည်း ရှိတယ်။ ကြက်သွန်နီကို ရာစုနှစ်ပေါင်းများစွာကတည်းက အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ တုတ်ကွေးဖြစ်ခြင်း၊ အဆုပ်လေပြွန်ရောင်ခြင်းအတွက် ဆေးကုသရာမှာ ဓာတ်စာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဆေးနည်းအနေနဲ့ ကြက်သွန်နီအရည်ပြု၍ ပျားရည်ဆတူနှင့် ရောပြီး တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းဖြင့် ၃ ဇွန်း မှ ၄ ဇွန်းအထိ နေ့စဉ်သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။ သည်နည်းက ဆောင်းတွင်းကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိခြင်းဆိုင်ရာ အသက်ရှူခြင်းအင်္ဂါအဖွဲ့ ရောဂါများအတွက် အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ ဆေးနည်းလို့ ဆိုပါတယ်။

နှလုံးရောဂါ
Heart Disease

မကြာသေးခင်က သုတေသနပြုချက်အရ ကြက်သွန်နီက နှလုံးရောဂါအတွက်လည်း ဆေးဖက်ဝင်တယ်လို့ ဒေါက်တာ အန်အန်ဂူပတာ (Dr.N.N Gupta) က ဆိုပါတယ်။ ဒေါက်တာ ဂူပတာက ကေဂျီဆေးကောလိပ်မှာ ၁၉၆၆ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံ ဆရာဝန်များအဖွဲ့ဝင်ဖြစ်ပြီး သုတေသနပြုခဲ့ရာက ကြက်သွန်နီဟာ နှလုံးရောဂါအတွက်လည်း အကျိုးပြုနိုင်တယ်လို့ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါတွေ့ရှိချက်အရ ကြက်သွန်နီမှာ အယ်လိုင်ပရိုပိုင်း ဒိုင်ဆာလ်ဖိုဒ် (aliypropyl disulphide)၊ ကက်တီကော်လ် (catechol)၊ ပရိုတိုကက်တက်နစ်အက်စစ် (proto catechnic acid)၊ သိုင်ယိုပရိုပီရိန်နို အော်လ်ဒီဟိုက်ဒ် (Thyopropiono aldehyde)၊ သိုင်ယိုဘီယမ်နိတ် (thiocyanate)၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ ဖော့စဖရပ်ဓာတ်နှင့် ဗီတာမင်များ စတဲ့ အကျိုးပြုသော ဓာတုပစ္စည်း အဆီအနှစ်များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သည်သုတေသနတွေ့ရှိချက်ကို သိရပြီးနောက် ၇ နှစ်ကြာတဲ့အခါမှာ ထပ်မံ သုတေသနပြု စမ်းသပ်ချက်များအရ ဒေါက်တာ အန်ရက်ဒါခရစ်နန် (Dr.N.Radhakrishman) ဆိုသူ တရီဖန်ဒရမ်ဆေးကောလိပ် (Trivandrum Medical College) မှ ကျောင်းအုပ်ကြီးနှင့် ဒေါက်တာ ကေမက်ဒဗင်ကူတီ (Dr.K.Madhavan Kutty) တို့က နှလုံးသွေးကြောဆိုင်ရာ ရောဂါ သို့မဟုတ် သွေးတိုးရောဂါဝေဒနာရှင်ကို တစ်နေ့လျှင် ကြက်သွန်နီ ၁၀၀ ဂရမ် စားသုံးစေခြင်းဖြင့် ကုသနိုင်ကြောင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ကြက်သွန်နီဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောအတွင်း သွေးခဲခြင်းကို သက်သာစေသလို သွေးအတွင်း ကိုလက်စရောပါဝင်မှုလည်း လျော့သွားစေနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts