မြင့်မိုရ်အောက်က ဖိနပ်တစ်ရံ

မြေးဦး‌မြေးဖျားစားပြီးမှ အဘွားစားရတာပါကွယ်။

သားဦးသားဖျားစားပြီးမှ အမေအိုကြီးဆီ ထမင်းဇလုံရောက်တာပါကွယ်။

ချွေးမ သဒ္ဓါမှ ယောက်ခမအိုကြီး အူစိုရတာပါကွယ်။

သူတို့ကလေ ကျုပ်ကို ပြောနေကြပြီ။စွပ်စွဲနေကြပြီ။

ကျုပ်က ကျုပ်မဟုတ်ဘူးတဲ့။

ကျုပ်ခန္ဓာကြီးမှာ အခြား မကောင်းဆိုးဝါးတစ်ကောင် ဝင်ပူးနေတာတဲ့။

အပဝင်နေတာတဲ့။ ဖုတ်ဝင်နေတာတဲ့။

 ………………………………….

ကျုပ်အမည် ခင်အေးပါ။

အသက်အရွယ်အလိုက် မိခင်အေး၊ မခင်အေး၊ ဒေါ်ခင်အေး အမျိုးမျိုးခေါ်ခံရဖူးပြီ။

“မိ ” “မ” “ဒေါ် “တွေကျော်လွန်လေတော့ “ဘွားခင်အေး ” ပေါ့။

သွားလေသူ ကျုပ်အမျိုးသားကတော့ သူနဲ့ညားပြီးကတည်းကနေ သေသည်ထိ “မအေး ” လို့ပဲ ခေါ်သွားရှာလေရဲ့။

ဘွားခင်အေး ဆိုတဲ့ ကျုပ် အသက်ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်ဘက်စွန်းခဲ့လေပြီ။ သားသမီးသုံးယောက်မွေးဖွားသန့်စင်ခဲ့ပေမဲ့ မောင်ထွန်းပေါက် ဆိုတဲ့ သားတစ်ယောက်သာ အဖတ်တင်ခဲ့တယ်။

ကျုပ်သားလေးကို ထွန်းထွန်းပေါက်ပေါက် ရှိစေအောင် ထွန်းပေါက် လို့ အမည်မှည့်ခဲ့တယ်။အမည်နဲ့ လိုက်အောင် ထွန်းပေါက်ခဲ့ပါတယ်။ အစိုးရစစ်ဆယ်တန်းစာမေးပွဲကြီးကို ကျုပ်သားက နှစ်ချင်းပေါက်အောင်တာ။

ဂုဏ်ထူး နှစ်ခုတောင်ပါသေးသတော့။ ကျုပ်ဆို ပျော်လိုက်ပုံများ အိမ်ဝိုင်းတလင်းအလယ် ကွေးနေအောင်ကခဲ့သေးတာ။ သူ့အဖေ ကိုဟန်တင် ဆို ရွာရိုးကိုးပေါက် လိုက်ကြွားတာ ဆိုတာများ မနက်စာ ထမင်းလွတ်ပါတယ်ဆို။ ကျုပ်သားက မြို့သွားပြီး ကျောင်းဆက်တက်ရအုံးမတဲ့။

ဘာတဲ့ တက္ကသိုလ်ဆိုလား။  အဲ့ဒီတက္ကသိုလ် ကြီး ဆိုတာ ကြားတာကြားဖူးတာ မမြင်ဖူး၊မရောက်ဖူးဘူးပ။ ကျုပ်သားကို ကျောင်းသွားအပ်‌ပေးရင်း အဲ့ဒီကျောင်းကြီးကို အားရပါးရကြည့်ရသေးတာပ လို့ အားခဲထားတာ။ဘယ်များလိုက်ရလို့တုန်း။

အမေ မလိုက်ခဲ့ပါနဲ့ တဲ့။

” ဟဲ့ ငါမလိုက်လို့ဖြစ်မလား ကျောင်းအုပ်ကြီးဆီ ငါအပ်ထားချင်သေးတယ် ကျုပ်သား ထွန်းပေါက် မလိမ်မိုး မလိမ်မာ ရှိက သားသမီးလိုသဘောထားကာ ရိုက်ပါ၊ဆုံးမပါ ကျောင်းအုပ်ကြီးရယ်လို့ မှာစရာရှိ မှာရအုံးမယ် ” လို့ ပြန်ပြောရသေး။ ဒီတော့ ကျုပ်သားက ရယ်ကာ

“ရွာကျောင်းလို မဟုတ်ဘူးအမေရဲ့ မိဘတွေလိုက်အပ်ပေးဖို့ မလိုတော့ဘူး  ဒါကြောင့် မလိုက်နဲ့ပြောတာ ” ကျုပ်သားက အဲ့ဒီလိုပြောတော့ ကျုပ်ကငိုချင်တာပ။ သို့ပေသိ ” အမေ့သား ဘွဲ့ယူတဲ့အချိန်ကြ လိုက်ရမှာ အဖေရောအမေရော ရှိုးအပြည့်နဲ့ လိုက်ဖို့ပြင်ထားကြဗျာ “ ဆိုတဲ့ သားစကားကြောင့် မငိုဖြစ်ခဲ့။

သားပြောသလိုပါပဲ သူဘွဲ့ယူသွားတော့ လိုက်ရပါတယ်။ ဒါပေမဲ့ ကိုဟန်တင် မပါပါဘူး။ သူက သားဘွဲ့မယူခင် တစ်နှစ်အလိုမှာ ဘဝတစ်ပါးပြောင်းသွားရှာတယ်။

အဲ့ဒီနေ့က ဘွဲ့ဝတ်စုံကြီးနဲ့ ခန့်ခန့်ညားညား ကျုပ်သားကို ကြည့်လို့မဝ၊ ရှု၍ မဆုံး၊ တပြုံးပြုံးပေါ့။ ဝမ်းသာလွန်းလို့ မျက်ရည်များ တောင်ကျခဲ့ရ။ ကိုဟန်တင်ကိုလည်း သတိရလိုက်ပုံများ ရင်ထဲမရိုးမရွ ဖြစ်နေတာပဲ။ သေမင်းဆီ ခွင့်ပန်လို့ရရင်

“ကိုဟန်တင်ကို ခဏလိုက် ခေါ်ပါရစေ သူ့သားပညာတတ်ကြီး ခဏပြချင်လို့ပါတော် သူ့သားကို ပြပြီးရင် သေမင်းဆီ ပြန်‌ထည့်လိုက်ပါမယ်တော်  ”  လို့ ခေါ်စမ်းချင်တာ။ မဖြစ်နိုင်မှန်းသိလေတော့ ပိုဝမ်းနည်း။ဝမ်းနည်းတော့ ပိုလို့ငိုချင်။

ဒီတော့  သားမမြင်နိုင်တဲ့ တစ်နေရာသွားရတယ်။ စိန်ပန်းပင်ထင်ပါရဲ့။ စိန်ပန်းပင်အောက်ထိုင်ကာ

” သူတော်ကောင်းကြီး ကိုဟန်တင်ရေ တော့်သား ပညာတတ်ကြီး ကြည့်လှည့်ပါအုံးတော် မခန့်ပေဘူးလား၊ မလှပေဘူးလား “

 စိန်ပန်းပင်ရဲ့ပင်စည်ကိုခေါင်းမှီကာ ငိုခဲ့တာများ မနေ့တစ်နေ့ကအတိုင်းပါပဲလေ။

    …………………………………

မုဆိုးမသား ဆိုပြီးအထင်သေးမခံနိုင်ပေါင်။

ဟော ကျုပ်ပိုင်တဲ့ လယ်ဆယ်ဧကကျော်၊ နွားအုပ်၊ သုံးဧကကျယ်တဲ့ သရက် ခြံ၊ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး၊ မစားရက်မသောက်ရက် ခြွေတာစုဆောင်းထားတဲ့ ရွှေတွေ အို ကျုပ်ပိုင်သမျှ အကုန် အကုန် တင်မယ်ပြောလိုက်ရော သမီးရှင်တို့ ငြိမ်ကျသွားတယ်။

” အိုစာမင်းစာ ချန်ထား အကုန်လက်မှတ်ထိုးမပေးနဲ့ ကိုယ့်လက်ထဲရှိမှ ကိုယ့်အတွက်စိတ်ချရတာ ” ဆွေမျိုးများက ကျုပ်ကို သတိပေးကြတယ်။

” အို အေ တို့သားအမိကြား သွေးကွဲစကားတွေ မကြားချင်ဘူး ” ဆိုကာ သတိလာပေးတဲ့သူတွေကို ပြန်ပြောခဲ့တာပါဆို။

ချွေးမ တဲ့။ သွေးမတော်သားမစပ် တဲ့ သူစိမ်းတရံ။ သားနဲ့ပါတ်သက်တော့လည်း သမီးပေါ့။ ဒါက ကျုပ် ခံယူချက်။ 

ချွေးမကတော့ ကျုပ်ကို အမေလို့ သဘောထားချင်မှ ထားမယ်။သူမက လည်တယ်။ မြို့သူမို့လားမသိ ကျုပ်ကို အမေ ခေါ်တယ်။ ကျုပ်တို့တောမှာ ယောက်ခမကို အမေလို့ ဘယ်ချွေးမကမှ မခေါ်ဘူးရယ်။ ဟော ကျုပ်ချွေးမက အမေ အမေ လို့ ခေါ်ကာ ခေါ်ကာ အပြောချိုချိုလေးနဲ့ ကျုပ်စီက တာဝန်တွေ တစ်ခုပြီးတစ်ခု ယူသွားတယ်။

“အမေရယ် ပင်ပန်းပါတယ် သမီးပဲ‌စျေးသွားမယ် ” ဆိုကာ သူစိတ်တိုင်းကျ ဝယ်ခြမ်းတယ်။

” အမေက အသက်ကြီးပါပြီး ချက်ရေးပြုတ်ရေး သမီးတာဝန်ယူမှာပေါ့ အေးအေးဆေးဆေး နေပါအမေရဲ့ ” တဲ့။

ဒီလိုနဲ့ ကျုပ် မီးဖိုချောင်းဘက် မလှည့်ဖြစ်တော့တာ ကြာပါပကောလား။ အစကတော့ ချွေးမ က အဟုတ်သားပါလား လို့ တွေးမိသေး။ နောက်တော့ နှုတ်ချိုသလောက် လက်တိုလာတယ်။ ငါးချက်ရင် အလယ်ပိုင်း ဝှက်ထားတယ်။ အမြီးနဲ့ ခေါင်း ‌ကို ကျုပ်အတွက် ဦးချတယ်။

အသက် ကြီးလာလေလေ ကျုပ်နဲ့ သူ အစေးမကပ်လေလေပဲ။ ကျုပ်က အချို စားချင်ရင် သူတို့က အချိုချက်အုံးမှ၊ အချဉ်စားချင်တော့ အခါးနဲ့တွေ့ ၊ ကျုပ်မှာတော့ ခံတွင်းက မတွေ့တလည့် တွေ့တစ်လှည့်နဲ့  ခံတွင်းပျက်ရင်း တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်လာခဲ့ရတော့တယ်။

အခုဆို မြေးသုံးယောက်ရဲ့ အဘွားဖြစ်နေပြီ။

မြေးကြီးက လူပျိုပေါက်တောင်ဖြစ်ပြီ။ အင်းလေ မြေးတွေက တစ်ရက်ထက်တစ်ရက် ထွားလိုက်သလို ကျုပ်မှာဖြင့် တစ်ရက်ပြီးတစ်ရက် အိုစာလာလိုက်တာ ကိုယ့်အရိုးတောင် အနိုင်နိုင်သယ်နေရတယ်။ တက်လူနဲ့ ကျလူ ဘယ်တူမလဲလေ။

………………………………..

“အဘွား ထမင်းဇလုံ နဲ့ လက်ဆေးခွက် ထားခဲ့ပြီ” မြေးထွေးလာချတဲ့ ထမင်းဇလုံကို ကြည့်ရင်း အလိုမကျဖြစ်လာတယ်။

ထမင်းသက်သက် ဟင်းသက်သက်ရယ်လို့ ထမင်းဝိုင်းရယ်လို့ ဖွယ်ဖွယ်ရာရာ မရှိခဲ့သည်မှာကြာပြီ။ ဇလုံတစ်လုံးထဲမှာပဲ ဟင်းရော၊ထမင်းရော ဖြစ်သလို ရောထွေးထားတယ်။

ခရမ်းသီးဖတ်လေးနည်းနည်း၊ ပဲဟင်းရည်အနှစ်အဖတ်လေး နည်းနည်း က ထမင်းဖြူ များအပေါ် ဖရိုဖရဲ စားချင်စဖွယ်မရှိ။

လက်ဆေးခွက်ထဲ လက်နှစ်တော့ လှုပ်သွားတဲ့‌ရေ‌အောက်က ကျုပ်လက်ကအကြောများဟာ တီကောင်တွေလို ပဲ။ ရေဖလားထဲမှာ တီကောင်တွေ ပြေးနေသလိုပါပဲ။ ဒါမှမဟုတ် ကျုပ်လက်ဖမိုးပေါ်မှာ တီကောင်တွေ ကပ်နေသလိုမျိုး။ အဲ့ဒီနေ့ကလည်း ကျုပ် ထမင်းစားမကောင်းပါဘူးလေ။ အစားအသောက်မမှန်တော့ ကျုပ် အားနည်းတာပ။ ရိပ်ခနဲ ရိပ်ခနဲ မူးလာတယ်။ အလို ဟင်းအနံ့လေး မွှေးနေတာပဲ။

ဝက်သားဟင်းအနံ့။ မီးဖိုချောင်းထဲက ထွက်လာတဲ့ ဟင်းအနံ့။ ညနေတော့ ဟင်းကောင်းနဲ့ထမင်းစားရချည်သေးရဲ့။

ညနေ ထမင်းဇလုံ ငုံ့ကြည့်တော့ ထုံးစံအတိုင်း ဝက်သားဟင်းအနှစ်လေးနည်းနည်း ၊ အရံဟင်းလေး ဟိုတစ်ဖတ်၊ဒီတစ်ဖတ်နဲ့ ကျုပ် ဒေါသထွက်လာတယ်။ သားကလည်း အမေ စားကောင်းလား လို့ တစ်ခွန်းမမေး။ သူ့မယားနဲ့ သူ့သားတွေပဲ အရိပ်တကြည့်ကြည့်လုပ်နေတယ်။ အမျိုးတွေ သတိပေးတုန်းက ငါ့အတွက် လယ်လေး နည်းနည်းမှ ချန်မထားရလို့ တွေးကာ ဝမ်းနည်းလာမိတယ်။

   ………………………………

အသက်ကြီးကာမှ ကျုပ်လည်း အစားအသောက်နဲ့ ပါတ်သက်ပြီး စိတ်ရိုင်းတွေ ဝင်လာတယ်။

” ငါ ပေးတဲ့ ပစ္စည်းတွေနဲ့ ကြီးပွားနေတာတောင် ငါ့ကို မသဒ္ဓါကြဘူး နင်တို့မကျွေးလည်း ငါဘာသာ ရအောင်စားပြမယ် “

ဟော ညရောက်ပြီ။မှန်းစမ်း သူတို့တွေ အိပ်နေပြီလား။ အိပ်နေရောပေါ့။ ကျုပ် အိမ် ကျုပ်ဝိုင်း ဘယ်နေရာ ဘာရှိတယ်ဆိုတာ သိတယ်။မျက်စိမှုန်မှုန်မွှားမွှားဆိုပေမဲ့ စိတ်မှန်းကာ တောင်ဝှေးနဲ့ စမ်းပြီး သွားနိုင်တယ်။ ကျုပ်ကို အိမ်‌အောက်မှာ ထားတော့ အိမ်အပြင်ထွက်ရတာ လွတ်လပ်တယ်။ကျုပ် အိမ်တံခါးအသာဖွင့်လို့ မီးဖိုချောင်ဘက် သွားရတယ်။  ‌မီးဖိုချောင်းတံခါး သော့ခတ်တဲ့အကျင့် ဟိုမြို့သူမမှာ မရှိ။ ညရေးညတာ အသုံးလိုရင် သုံးရအောင် ဝယ်ထားတဲ့ ဓာတ်မီးလေး မနိုင်တနိုင်ကိုင်လို့ ကျုပ် ဘွားခင်အေး ဟင်းခိုးစားရနေပြီလေ။မစားလို့မှ မရတာ။

ကျုပ် ထမင်းရယ် ဟင်းရယ်လို့ ဝဝလင်လင် မစားရတာ ကြာပြီမဟုတ်လား။ အသက်ကြီးပေမဲ့လည်း အစာအိမ်က အလုပ်လုပ်ကောင်းနေတော့ ခက်ပါရဲ့။ အထူးသဖြင့် ညညဆို ပိုလို့ ဗိုက်ဆာတယ် တော်။ 

     ……………………………….

” ‌အစ်ကို့အမေ့ကို မသင်္ကာ တော့ဘူး” ဟို မြို့သူမက ကျုပ်ဟင်းခိုးစားတာ ရိပ်မိနေပြီ။ သူချက်ထားတဲ့ အမဲသားနှပ်အိုးကို အဝအပြဲ ထိုင်စားနေတဲ့ညက ကျုပ်ကို သူချောင်းကြည့်နေတာ သိသားပဲ။ 

” နင်တို့ မကျွေးလို့ ငါစားတယ် ဘာဖြစ်လဲ ” ဆိုတဲ့အထာနဲ့ အရွဲ့တိုက်စားပြလိုက်တယ်။

” အဘွား က ဖုတ်ဝင်နေတာ တဲ့” မြေးတွေရဲ့ စကား။

” ဘွားခင်အေး က သေတာကြာပြီတဲ့ အခုဟာက အပဝင်နေတာ တဲ့” ရပ်ထဲရွာထဲက စကားများ။

” အစ်ကို့ အမေ ဖုတ်ဝင်နေတာ သေချာပြီ” ချွေးမရဲ့ မှတ်ချက်။

” အမေက နေ့ဆို တစ်နေကုန် အိပ်ယာထဲမှာ ခွေနေတာ ညညဆို မအိပ်ပဲ ဘာလို့ ထထပြီး လမ်းလျှောက်နေတာလဲ ဗျ” သားကလည်း သင်္ကာမကင်း စကားတွေ ဆိုလို့ပါလား။ 

“သားရယ် အမေ့ကို ဘယ်သူက စကားလာပြောလို့လဲ အမေ့အနား ဘယ်မြေးကလာလို့လဲ အမေပျင်းတာပေါ့။ ပျင်းတော့ အိပ်ယာထဲ ခွေရတာပေါ့ “လို့ စိတ်ထဲကနေ ပြန်ပြောမိပါတယ်။

” အမေ ထမင်းမဝဘူး ဒါကြောင့် ညညဆို ဝမ်းဟာတယ် ” လို့ ကျုပ်သားကို ဘယ်လိုလုပ် ပြောရက်ပါ့မလဲလေ။

    ………………………………………

စိတ်ထောင်းတော့ကိုယ်ကြေတဲ့။ မလှဲခင်ကတည်းက လဲလုလု ကျုပ်ခန္ဓာရယ်၊ မထောင်းခင်ကတည်းက ကြေလုလု ကျုပ်စိတ်ရယ်နဲ့ အခုတော့ လူနာကြီးဖြစ်နေပါပြီ။ လူအိုနာကြီးပေါ့။ ဘယ်လူးရာက‌နေညာလှိမ့်ဖို့‌တောင် ခွန်အားမရှိ။ အိပ်ယာနဲ့ကျောထိရတာကြာတော့ ကျောပူလိုက်ပါဘိ။ 

“အမေ သက်သာလား “

ဟော ကျုပ်သားချစ်ကြီးအသံ။ ဟုတ်ပ မျက်စိမဖွင့်နိုင်ပေမဲ့ ကျုပ်သားရဲ့ကိုယ်သင်းအနံ့ မှတ်မိတာပ။

ကျုပ်နဖူးလေးစမ်းနေတဲ့ သားလက်လေးက နူးညံ့လိုက်တာ။ ကျုပ်ခေါင်းကို ထူမနေတာ။

အလိုက်သိတဲ့ကျုပ်သား။ကျုပ်က အိပ်ရင် ခေါင်းအုံးမြင့်မှ ကြိုက်တာ သူသိတယ်။ကျုပ်ခေါင်းအနေအထား မြင့်လာသလိုလို ပဲ။

သွေးသားများ အားကိုးရပေတယ်။ သာဓု သာဓု သာဓု ကျုပ်သားလေး ကျန်းမာချမ်းသာပါစေ…..။

   ……………………………..

 ဘွားခင်အေးခေါင်းအုံး‌အောက်မှာ ခုံဖိနပ်မြီးတိုလေးတစ်ရံ ရောက်နေသည်ကို ဘွားခင်အေး သိခဲ့ပါမူ…။

   …………………………….

မောင်သုခင်(တမာမြေ) မှကူးယူဖော်ပြထားခြင်းဖြစ်သည်။

OpenMoreOnline

ရသ

Related Posts