မျောက်စိတ်ကို အနိုင်ယူခြင်း (Monkey Mind)

မျောက်စိတ်ကို အနိုင်ယူခြင်း (Monkey Mind)

သာမန်လူသားတစ်ယောက်ဟာ တစ်နေ့ကို အတွေးပေါင်း ငါးသောင်းလောက်အနည်းဆုံး တွေးနေတတ်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အဲဒီအဓိပ္ပာယ်ဟာ တစ်စက္ကန့်ကျော်ရုံလောက်အချိန်လေးအတွင်းမှာ အတွေးသစ်တစ်ခု အမြဲပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဘုရားဟောတဲ့ အဘိဓမ္မာတရားအလိုအရဆိုရင်တော့ ကျွန်မတို့စိတ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တွေဟာ ရေတွက်လို့တောင် မကုန်နိုင်အောင် အများကြီးရှိနေတယ်လို့ နာခဲ့ရဖူးပါတယ်။

အတွေးတွေဟာ အလွန်လျှင်မြန်တဲ့နှုန်းနဲ့ ပေါ်လိုက်ပျောက်လိုက်…၊ ဖြစ်လိုက် ပျက်လိုက် တစ်ချိန်လုံး ဖြစ်နေပါတယ်။ ကိုယ်ခန္ဓာကြီးက ထိုင်ခုံမှာ ထိုင်နေပေမဲ့ အတွေးတွေကတော့ ကမ္ဘာတစ်ပတ်ကိုပတ်ပြီးသား ဖြစ်ရင် ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့ သာမာန်လူတွေအနေနဲ့ တွေးချင်တာတွေတွေး…၊ တွေးချင်သလိုတွေး… နေရာကနေ စိတ်ဖိစီးမှုတွေ၊ စိတ်တင်းကျပ်မှုတွေ နေ့စဉ်နဲ့အမျှ အနည်းအများ မဆိုဖြစ်ပေါ်နေတတ်ကြပါတယ်။

ဒါကြောင့် ကျွန်မစိတ်ကို အနောက်နိုင်ငံက ပညာရှင်တွေက Monkey Mind မျောက်စိတ်ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ မျောက်ဆိုတဲ့အကောင်ဟာ လုံးဝ အငြိမ်မနေနိုင် အလွန်အင်မတန်မှ ဆော့တဲ့ ဆိုးတဲ့အကောင်ကိုး…။ ဒါပေမယ့် အဲ့လို မျောက်တောင်မှ စိတ်နဲ့ယှဉ်လာပြီဆိုရင် စိတ်လောက်မမြန်နိုင်ပါဘူး။ မခုန်နိုင် မပျံနိုင်ပါဘူး။ မဆော့နိုင်ပါဘူး။ မျောက်ဟာ စိတ်ကို အရှုံးပေးရမှာ ဖြစ်ပါတယ်။

မျောက်နဲ့ အနှိုင်းခံထားရတဲ့ စိတ်ကို ငြိမ်သက်အောင် သိမ်မွေ့အောင် အညစ်အကြေးတွေ ကင်းစင်သွားအောင် ပြုလုပ်ပေးနိုင်တဲ့အရာဟာ Meditation ဆိုတဲ့ တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကို ထိရောက်စွာ စီမံခန့်ခွဲချင်တယ်။ ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ကျန်းမာရေးအခြေအနေတွေကို တိုးတက်ချင်တယ်ဆိုရင် သိပ္ပံနည်းကျစွာ သက်သေပြနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဟာ Meditation ပဲဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ သုသေသနပြုချက်တွေအရ Meditation ဟာ Mind-Body Medicine စိတ်ရောကိုယ်ပါ ကုသပေးတဲ့ ဆေးတစ်လက်ဖြစ်ပြီး စိတ်ကြည်လင်သန့်ရှင်းသွားမှုကို အကောင်းဆုံး အကူအညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

နေ့စဉ်မိနစ်အနည်းငယ်လောက်ပဲ ပုံမှန်တရားထိုင်ခြင်းအားဖြင့်။ စိတ်တွေကို စုစည်းလို့ ရလာမယ်။ Refocus your mind ။ စိတ်အတွင်း ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိလာမယ်။ Restore your inner space ။ ပြီးတော့ စိတ်အစဉ် ငြိမ်းချမ်းနေမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ Have a calm state of mind

Meditation ကို တရားထိုင်တယ်… တရားမှတ်တယ်… ဝင်သက် ထွက်သက် မှတ်တယ်… အသက်ရှူလေ့ကျင့်ခန်း လုပ်တယ်…စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲကြပါတယ်။ အဓိပ္ပာယ် ဖွင့်ကြပါတယ်။

ကျွန်မကတော့ သတိနဲ့နေခြင်း သတိပဠာန်၊ Mindfulness လို့ သုံးနှုန်းပြောဆိုရတာကို ပိုပြီး သဘောကျမိပါတယ်။

ဘယ်သူမဆို တရားထိုင်ခြင်းအမှုကို ပြုလုပ်နိုင်ပါတယ်။ ဘယ်နေရာ ဘယ်အချိန်မျိုးမှာမဆို ငွေကုန်ကြေးကျ လုံးဝ မရှိဘဲ လေ့ကျင့်အားထုတ်နိုင်ပါတယ်။ ဆောင်ရွက်နိုင်ပါတယ်။ အဓိက အရေးကြီးဆုံးပါလာရမယ့် အချက်ကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ တရားရှုမှတ်တယ်ဆိုတဲ့ ကိစ္စကို အရှေ့တိုင်းက ဗုဒ္ဓဘာသာနိုင်ငံတွေသာ ကျင့်သုံးကြတယ်လို့ အယူအဆရှိခဲ့ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အရှေ့တိုင်းသာမက အနောက်တိုင်းပါ Meditation Practice တွေကို တစ်ဦးတစ်ယောက်ချင်းပဲ ဖြစ်စေ…၊ အုပ်စုဖွဲ့၍ဖြစ်စေ လုပ်ဆောင်လာကြပါတယ်။ Meditation ဟာ လူတွေရဲ့ Lifestyle တစ်ခု ဖြစ်လာပါတယ်။

တရားရိပ်သာတွေလည်း အများအပြား‌ ပေါ်ပေါက်လာပါတယ်။ မိတ်ဆွေတစ်ယောက်အိမ်မှာစုပြီး အားလုံးစုပေါင်းတရားထိုင်ကြတဲ့ စနေ၊ တနင်္ဂနွေ အချိန်ပိုင်း တရားစခန်း…နေ့တရားစခန်းတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ Online ပေါ်မှာကို တရားရှုမှတ်ခြင်းဆိုင်ရာ လမ်းညွှန်မှုတွေ အများကြီး ပေါ်ပေါက်လာပါတယ်။

တရားရှုမှတ်ကြတဲ့သူတွေထဲမှာ စိတ်ဖိစီးမှုအကြီးအကျယ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။ ဥပမာအားဖြင့် ကင်ဆာရောဂါ ဝေဒနာရှင်တွေနဲ့ သူတို့ရဲ့မိသားစုတွေ…၊ ကျောင်းဆရာ…၊ ဆရာမနဲ့…၊ ကျောင်းသူကျောင်းသားတွေ…၊ ဆယ်ကျော်သက်တွေ…၊ ဆရာဝန်တွေ…၊ ထောင်သားတွေ…၊ အလုပ်အင်မတန်များတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အများကြီးပါလာကြတာ သိပ်ကို အားရစရာကောင်းပါတယ်။

ဘာဖြစ်လို့လဲဆိုရင် တရားရှုမှတ်ခြင်းရဲ့ ကျေးဇူးကို လက်တွေ့သိမြင်ခံစားရပြီး ကြည်လင်ချမ်းမြတဲ့ စိတ်အစဉ်ကို ပိုင်ဆိုင်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ကျွန်မကိုယ်တိုင် မနက်မိုးလင်းတာနဲ့ တရားထိုင်ပါတယ်။ ညအိပ်မပျော်ခင်မှာ တရားမှတ်ပြီး အိပ်လေ့ရှိတယ်။ မနက်တိုင်း အနည်းဆုံး မိနစ်၃၀ ရအောင်တရားထိုင်ပါတယ်။

ကျွန်မက မနက်အစောကြီး နိုးလေ့ရှိတယ်။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ သက်သောင့်သက်သာ အေးအေးဆေးဆေးရှိတဲ့ နေရာတစ်ခုကိုရွေးပြီး တရားထိုင်လိုက်ပါတယ်။ ပြီးရင် ပထမဦးဆုံးပေါ်တဲ့ အတွေးစကို စာတစ်ပုဒ်ဖြစ်အောင် ရေးချလိုက်ပါတယ်။

၂၀၂၀ ခုနစ် ဇန်နဝါရီလ တစ်ရက်နေ့ကစပြီး ဒီအကျင့်ကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ အခုတော့ ဒီဟာက သာမာန် အကျင့်တစ်ခုတောင် မဟုတ်တော့ဘဲနဲ့ စွမ်းအားတစ်ခုဖြစ်လာတာကိုခံစားမိပါတယ်။

မိုးလင်းတာနဲ့ စိတ်တွေ နောက်ကျိနေတတ်တဲ့ ကျွန်မဟာ အခုတော့ မိုးလင်းတဲ့ အချိန်အလုပ်လုပ်မှ စိတ်ကြည်လင် လန်းဆန်းတယ်ဆိုတဲ့ အခြေအနေတစ်ခုကို ပြောင်းလဲရရှိနိုင်ခဲ့ပါတယ်။

တရားထိုင်ရုံတင်မဟုတ်ဘဲ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်မှု ပျက်မှု အစဉ်တန်းကြီးကိုပါ ရှုမှတ်နိုင်မယ်ဆိုရင် ကျွန်မတို့ဟာ ဝိပဿနာဉာဏ်ကိုရပြီး နိဗ္ဗာန်အထိကို တက်လှမ်းနိုင်ပါလိမ့်မယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts