ပြိုင်ဆိုင်မှုကို လျှော့ချပါ

ပြိုင်ဆိုင်မှုကို လျှော့ချပါ

အပြိုင်အဆိုင်ရှိမှ တိုးတက်တယ်လို့ ပြောတတ်ကြပေမယ့် အဲဒီစကားဟာ နေရာတိုင်းမှာတော့ မမှန်နိုင်ဘူးလို့ ကျွန်မကထင်တယ်။

တစ်စုံတစ်ယောက်အပေါ်မှာ အားကျအတုယူစိတ်နဲ့ ကိုယ့်ဘဝကိုလည်း သူ့လိုတိုးတက်အောင် ကြိုးစားတယ်ဆိုတာက အပြုသဘောဆောင်တယ်။

အဲ့ဒီလိုမှမဟုတ်ဘဲ သူအောင်မြင်နေတာကို… မနာလို မုန်းတီးစိတ်နဲ့ သူ့ကို လဲကျအောင် တိုက်ခိုက်လိုက်မယ်ဆိုပြီး ယှဉ်ပြိုင်တာမျိုးကကျတော့ အနှုတ်သဘောကိုဆောင်တယ်။

မစ္စရိယစိတ်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့နောက်မှာ အကုသိုလ်က… အရင်ပါလာတယ်…။ သူ့ကို စပြိုင်လိုက်ပြီဆိုတာနဲ့ ကိုယ်က အရင်စပြီး ရှုံးသွားတာပဲ…။ ကိုယ့်စိတ်က ညစ်နွမ်းသွားခဲ့ရတာကိုး…။

တစ်ခါတစ်လေကျတော့… ကျွန်မတို့ဟာ ကိုယ်လုံးဝကြည့်လို့မရတဲ့ လူတွေကို အနိုင်တိုက်ထုတ်ဖို့ ကျွန်မတို့ရဲ့အဖိုးတန် စိတ်စွမ်းအားတွေ… အချိန်တွေကို အကျိုးမဲ့ ဖြုန်းတီးပစ်လိုက်တတ်ကြတယ်။

တစ်ခါက… ညီမတစ်ယောက်နဲ့ စကားပြောဖြစ်တော့ ဒီအပြိုင်အဆိုင်ဆိုတဲ့အကြောင်းကို ပြောဖြစ်ခဲ့ကြတယ်။ သူက သူ့နယ်ပယ်မှာတော့‌ အောင်မြင်နေတဲ့… လူသိများတဲ့ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အလုပ် သဘောသဘာဝအရကိုက လှပနေဖို့လည်းလိုတယ်…။ လူသိများဖို့လည်း လိုတယ်…။ ပရိတ်သတ်ရှိဖို့လည်းလိုတယ်…။ ဒီလိုနေရာတစ်ခုကို ရဖို့အတွက် ဝင်တိုးနေကြတဲ့သူတွေ အများကြီးပဲ။

အောင်မြင်သွားကြတဲ့သူတွေရှိတယ်။ လဲကျသွားကြတဲ့သူတွေ ရှိတယ်။ ကြားထဲကကန့်လန့်ခံပြီး… မြင်သမျှကို…လိုက်… တိုက်ခိုက်နေတဲ့သူတွေလည်းရှိတယ်။ အဲ့ဒီလိုလိုက်ပြိုင်နေကြရင်း မခေါ်နိုင် မပြောနိုင်ဖြစ်သွားကြတာတွေလည်း အများကြီးပဲ။

ဒီလိုနေရာမျိုးကို မပြောပါနဲ့… ဘာမှမဟုတ်တဲ့ Facebook လို‌ နေရာမျိုးမှာတောင် အပြိုင်အဆိုင်သဘာတွေရှိတယ်…။ ကိုယ့်ထက်သာသွားရင် မကျေနပ်ဘူး…။ ကိုယ့်ထက်အောင်မြင်နေတယ်… လှနေတယ်ဆိုရင် အသိအမှတ်ပြုဖို့ မုဒိတာပွားဖို့ သိပ်ကို ခက်ခဲကြတယ်။ ချီးကျူးလိုက်ဖို့ဆိုတာ… ဝေလာဝေးပဲ။

လူတွေမေ့နေခဲ့ကြတာက သူ့ကိုလိုက်ကြည့်နေတော့ ကိုယ့်အလုပ်ကို အာရုံစူးစိုက်ပြီးလုပ်ဖို့ ပျက်ကွက်သွားခဲ့ရတယ်…။ သူများက အောင်မြင်နေမှုပန်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင်စိုက်သွားပေမယ့် ကိုယ်ကတော့ သူ့ကိုလိုက်ကြည့်နေပြီး စိတ်ပုတ်နေရတာနဲ့တင် ဘာအလုပ်မှ မပြီးတော့ဘူး…။ အကုသိုလ်နဲ့ ပူလောင်ပြီး ထိုင်နေလိုက်ရတယ်။

ကိုယ့်ရဲ့စိတ်ညစ်နွမ်းမှုကပဲ ကိုယ့်ကိုဟိုးအောက်ဆုံးထိ ရောက်အောင် ဆွဲချသွားနိုင်တယ်…။ ကိုယ့်ရဲ့စိတ်သေးသိမ်မှုကိုသူများ သိသွားတယ်ဆိုတာဟာ သိပ်ကိုရှက်စရာကောင်းတဲ့အဖြစ်ပဲ…။ ပတ်ဝန်းကျင်မှာ အဲဒီလို လိုက်ပြိုင်နေတဲ့ သူတွေရှိရင် သိပ်စိတ်ညစ်စရာကောင်းတယ်။

တကယ်တော့သူများကို လိုက်ကြည့်မနေဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစူးစိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက် ကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှုကို ရနိုင်တယ်…။

ဒါကြောင့် သူများတွေကို သိပ်ပြီးလိုက်ကြည့်မနေဘူးဆိုရင်… ကိုယ်လုပ်စရာရှိတဲ့… အလုပ်ကိုပဲ ကောင်းအောင်သေသေချာချာ အာရုံစူးစိုက်ပြီး လုပ်နိုင်တယ်။

သူများလည်းသူများပဲ…။ ကိုယ်လည်းကိုယ်ပဲ…။ လျှောက်နေတဲ့ လမ်းတွေမတူကြဘူး…။ ကိုယ့်အရှိန်လေးနဲ့ကိုယ်… မှန်မှန်လေး ပြေးနေတာဟာ အန္တရာယ်ကင်းတယ်…။

သူများလုပ်တိုင်း လိုက်လုပ်လို့ရချင်မှလည်းရလိမ့်မယ်။ သူများဖြစ်တိုင်း… ကိုယ်ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်…။ သူ့အရှိန်နဲ့… ကိုယ့်အရှိန်ဟာမတူနိုင်ဘူး။ အောင်မြင်မှုတို့… စန်းတို့ဆိုတာ တစ်ခါတစ်လေကျတော့ ကုသိုလ်ကံနဲ့လည်း ဆိုင်တယ်။ ကိုယ်လုပ်ရမဲ့အလုပ်ကို ကြိုးစားနေသမျှ အမှားမရှိ၊ ကိုယ့်ဘက်မှာ ဟာကွက်မရှိနိုင်တာတော့… သေချာတယ်။

စိတ်ကို ကြည်ကြည်လင်လင်နဲ့ ရည်ရွယ်ထားတဲ့ နေရာတစ်ခု၊ အခြေအနေတစ်ခုကို ရောက်အောင်သွားချင်တယ်ဆိုရင် သူများနဲ့… နှိုင်းယှဉ်တာတွေ… ယှဉ်ပြိုင်တာတွေကို လျော့ချပစ်ရမယ်။ မရှိဘူးဆိုရင် အကောင်းဆုံးပဲ။

Stop comparing yourself to others and become the best version of yourself.

ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်နေတာတွေကို ရပ်လိုက်ရမယ်…။ တကယ်တော့ ကျွန်မတို့မှာလည်း ကိုယ့်ရဲ့အကောင်းဆုံးပုံစံ Best Version တစ်ခုကို ဖန်တီးတည်ဆောက်ယူနိုင်တဲ့ အစွမ်းအစတွေရှိကြတယ်…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts