ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း (Forgiveness)

Forgiveness ခွင့်လွှတ်ခြင်း ဆိုတဲ့ စကားလုံးလေးဟာ အတော်တန်ဖိုးကြီးတယ်။ တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်ပါတယ်လို့ ပြောတယ်ဆိုတာဟာ သိပ်ကို အရေးကြီးတယ်။

ကျန်မ တချိန်တုန်းက ဘယ်လိုမှ သဘောထားချင်းမတိုက်ဆိုင်တဲ့ လူတစ်ယောက်နဲ့ ရည်းစားလုပ်ဖူးတယ်။ အဲဒီနှစ် အပိုင်းအခြားတွေဟာ ကျွန်မအတွက် တော်တော်စိတ်ညစ်စရာကောင်းခဲ့တဲ့အချိန်တွေပဲ ဖြစ်ခဲ့တယ်။

ငယ်ရွယ်ပျိုမြစ်တဲ့အရွယ်၊ တန်ဖိုးရှိတဲ့ အချိန်တွေ…၊ စွမ်းအားတွေဟာ… ဒီ Relationship တစ်ခုကြောင့်… ပြဿနာတွေနဲ့ပဲ ကုန်ဆုံးသွားခဲ့ရတယ်။ သူနဲ့ ကိုယ်ကြားမှာ ပြောစရာခေါင်းစဉ် အကြောင်းအရာဆိုတာ… ဘာဆို… ဘာမှ မရှိတော့ဘူး…။

ပြောရရင်တော့ စိတ်တွေညစ်ပြီး… အဲ့ဒီအချိန်တွေကို ဖြတ်သန်းခဲ့ရတာပဲ။ နောက်ဆုံးတော့လည်း ပြီးဆုံးသွားပါတယ်။ ရပ်စဲခဲ့ပါတယ်။ လက်တွဲဖြုတ်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်တွေကို ကျေနပ်လားဆိုရင် မကျေနပ်ဘူး။ ဒါပေမယ့် ပြီးဆုံးသွားခဲ့ပြီ…။ ကျွန်မက ကိုယ့်ကိုယ်ကို ခွင့်လွှတ်တယ်။ ခွင့်လွှတ်တတ်လို့ ရှေ့ကို ဆက်လျှောက်နိုင်ခဲ့တာ…ဖြစ်ပါတယ်…။

ဒါပေမယ့် နောင်တရမိတာတစ်ခုကတော့ ရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်မမောင်လေးက ကျောင်းသားအရွယ်ပဲ ရှိသေးတယ်။ ကျောင်းသွားတာကလွဲပြီး သူက အိမ်မှာအမြဲရှိနေတာများတယ်။ သူ့စာအုပ်ကလေးတွေဖတ်မယ်။ Games ဆော့တယ်။ TV ကြည့်တယ်။ သူ့ကြောင်လေးတွေနဲ့ နေမယ်။

သူ့ဘဝက ဒါပဲ…။ အခုချိန်မှာ သူ့အသိုင်းအဝိုင်းတွေအများကြီး ကျယ်ပြန့်သွားပြီ…။ အလုပ်အကိုင်တွေနဲ့ဖြစ်သွားတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတွေများလာတယ်။ အခုချိန်မှာ သူ့ကို အိမ်မှာနေခိုင်းလို့ မရတော့ဘူး။ သူ လူကြီး ဖြစ်သွားပြီ…။

သူနဲ့ လက်ပွန်းတတီး နေခဲ့ရမဲ့ အချိန်တွေမှာ ကိုယ့်စိတ်တွေက အဓိပ္ပာယ်မရှိတဲ့ အကြောင်းတွေနဲ့ အပြင်ဘက်ကိုရောက်နေခဲ့တော့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ မောင်နှမတွေ အတူနေနိုင်ချိန်လေးတွေကို လက်လွှတ် ဆုံးရှုံးလိုက်ရတယ်လေ။

တလောကတော့ သူကကျွန်မကို အဲဒီအချိန်တုန်းက ကျွန်မ လူ တစ်ယောက်နဲ့ ဗျာများနေခဲ့တဲ့အကြောင်းကို ပြန်ပြောပြီး ကျွန်မကို စတယ်…။ အမေကပါ ဝင်ပြောတာပေါ့…။ အမလေး… အဲဒီတုန်းကဆို ဘယ်လို…ဘာညာ…စသည်ဖြင့်ပေါ့…။ ကျွန်မ မိသားစုက အဲဒီအကြောင်းပြောတဲ့အချိန်မှာ ဒေါသမပါပါဘူး…။

ဒါပေမဲ့ ကျွန်မက ကိုယ့်နောင်တနဲ့ကိုယ် ရှိနေခဲ့တဲ့သူဆိုတော့ ပြောလိုက်မိပါတယ်။ ခွင့်လွှတ်ပါ။ အဲဒီအချိန်တုန်းက စိတ်ညစ်ခဲ့ရတယ်ထင်တယ်ဆိုတော့ မောင်လေးက ကျွန်မကို တစ်ခွန်းပဲ ပြန်ပြောပါတယ်။ တောင်းပန်စရာမလိုပါဘူး။ ဒီအကြောင်းတွေ ခုပြန်ပြောရတာ ပျော်စရာတောင် ကောင်းသေးတယ်…။ ရယ်ရတယ်…တဲ့…။

ကျွန်မစိတ်ထဲမှာ နှစ်ပေါင်းများစွာ မိသားစုအပေါ် အကြွေးတင်သလို ခံစားခဲ့ရတဲ့ အစိုင်အခဲတစ်ခုဟာ အဲဒီစကားတစ်ခွန်းနဲ့ ကျေပျက်သွားခဲ့ရပါတယ်…။ ဒီအကြောင်းကို သူနဲ့ ပြောဖြစ်လိုက်တာ ဝမ်းသာမိပါတယ်…။ သူတို့တွေ ကိုယ့်ကို စိတ်ဆိုးမနေကြဘူးဆိုတာ သိရတော့ ဝမ်းသာသွားတယ်။

ကျွန်မတို့လိုပဲ အစ်မနဲ့ မောင်လေး… မောင်နှမ နှစ်‌ယောက်ရှိသေးတယ်။ အစ်မလုပ်တဲ့သူက အိမ်က လုံးဝသဘောမတူတဲ့သူတစ်ယောက်နဲ့ ပတ်သတ်ခဲ့ဖူးတာတွေရှိတယ်။ ဒါပေမယ့် ဘာမှ လွန်လွန်ကျူးကျူးတွေ ဖြစ်ခဲ့တာ မဟုတ်ပါဘူး…။ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။

သနားစရာကောင်းတာက ယခုချိန်အထိ အိမ်က မိဘဆွေမျိုးတွေက အကြောင်းတိုက်ဆိုင်တိုင်းပဲ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့ကို ထိုးနှက်နေကြတာပဲ…။ နင်ဒီလိုလုပ်ခဲ့တယ်။ နင်… ဒါတွေမှားခဲ့တယ်။ နင်… ဒီလိုလူမျိုးနဲ့ ဒါမျိုးတွေ မလုပ်ခဲ့သင့်ဘူး… စသည်ဖြင့်ပေါ့…။

နောက်ဆုံးကျတော့ ကိုယ့်ထက်အသက်ငယ်တဲ့ မောင်နှမတွေပေါ်မှာတောင် သူ့ခမျာ ဩဇာမရောက်နိုင်တော့ဘူး။ လာမပြောနဲ့ ကိုယ်ကျတော့ ဘယ်လိုလူနဲ့ ကြိုက်ခဲ့လဲ…။ ကိုယ့်တုန်းကကျတော့ အိမ်ကပြောတာ နားထောင်ခဲ့လို့လားဆိုတာ ပြန်စဉ်းစားဦး စသည်ဖြင့် နှုတ်လှန်ထိုးတာကို ခံရတယ်။

နှစ်ပေါင်းများစွာပဲ ကြာလှပြီ…။ မိဘဆွေမျိူး၊ အသိုင်းအဝိုင်း…၊ မိသားစု မောင်နှမတွေက လုံးဝခွင့်မလွှတ်ဘူး။ သူတို့ကြားထဲမှာ ဒီ ကိစ္စက မပြီးသေးဘူး…။ ခွင့်မလွှတ်ဘူးဆိုတဲ့အခါမှာ သူ့ဘဝက ထောင်ထဲမှာ နေရသလိုပဲ…။ ရှေ့ဆက်ခွင့်လည်း မရဘူး…။ ရှေ့ဆက်ဖို့လည်း သတ္တိမရှိတော့ဘူး။

မိသားစုတွေမှာ ရှိတတ်ပါတယ်။ စာမေးပွဲကျတဲ့သမီးကို ခွင့်မလွှတ်ဘူး…။ အိမ်ထောင်ကွဲလာတဲ့သားကို ခွင့်မလွှတ်ဘူး…။ ကားတိုက်မှု ဖြစ်လာတဲ့သူ…။ ထောင်ကျဖူးတဲ့သူ…၊ အလုပ်ပြုတ်လာသူ…၊ LGBT ဖြစ်နေတဲ့သူ…ဆေးစွဲဖူးတဲ့သူ…စသည်ဖြင့်…ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တေးထားကြတာ အများကြီးပါ…။

အကုန်လုံးတော့ ခွင့်လွှတ်မပေးနိုင်ဘူးဆိုတာ နားလည်ပါတယ်။ ခြွင်းချက်တော့ ရှိလိမ့်မယ်…။ ဒါပေမဲ့ ပြီးဆုံးသွားတဲ့အရာတွေ…၊ ကိုယ် ပြုပြင်စီရင် လို့မရတဲ့ ဖြစ်ရပ်တွေ…၊ ပိုကောင်းလာဖို့ မျှော်လင့်ချက်ရှိနေတဲ့ ကိစ္စတွေ… ဆိုရင်တော့ ခွင့်လွှတ်ပေးလိုက်နိုင်ရင် အကောင်းဆုံးပါပဲ…။

မိသားစုထဲမှာ၊ အလုပ်တွေထဲမှာ…၊ ဆွေမျိုးထဲမှာ…၊ ပတ်ဝန်းကျင်မှာ… ခွင့်လွှတ်ပေးလိုက်လို့ရတဲ့ လူတွေအများကြီး ရှိနေပါတယ်…။ တကယ်တော့ ခွင့်လွှတ်တယ်ဆိုတာ စိတ်လွတ်လပ်ခြင်းတစ်မျိုးပါပဲ။ ကိုယ်လည်း လွတ်လပ်သွားတယ်။ သူလည်း လွတ်လပ်သွားတယ်။

လှောင်အိမ်ထဲက ငှက်ကလေးတစ်ယောက်လိုပဲ လွတ်လပ်သွားတဲ့အခါ ကိုယ်ပြန်ချင်တဲ့ အရပ်ကို ပျံသန်းနိုင်တယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်နေရာတည်းမှာ ပိတ်မိနေရာတာ မဟုတ်တော့ဘဲနဲ့ ရှေ့ကို ခရီးဆက်ဖို့ လမ်းတွေ ပေါ်လာတယ်။ အင်အားတွေ ရလာတယ်။

ကျွန်မကိုယ်တိုင် စိတ်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေ၊ လူတွေကို ခွင့်လွှတ်ပေးခဲ့ဖူးတယ်။ ခွင့်လွှတ်ပေးလိုက်တဲ့ ကိုယ်က ပထမဦးဆုံး လွတ်မြောက်သွားတာ အမှန်ပဲ။ ဆုပ်ကိုင် ချည်နှောင်ထားတာ ဘာမှ မရှိတော့ဘူး။

ခွင့်မလွှတ်တတ်သေးဘူးဆိုရင် ကြိုးစားကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်။ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးဖို့ လိုသလို…၊ ကိုယ်ကိုယ်တိုင် အမှားတွေ ကျူးလွန်ခဲ့မိတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။

ခွင့်လွှတ်တယ်ဆိုတာ အမှားတွေကို ပြင်ဆင်ခွင့် ပေးလိုက်တာပါ။ ရှေ့ကို ခရီးဆက်ဖို့ လမ်းဖွင့်ပေးလိုက်တာပါ…။ စိတ် လွတ်မြောက်သွားရတာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts