မျက်မမြင်မလေးရဲ့ မျက်လှည့်ပွဲ (အပိုင်း ၂ ဇာတ်သိမ်း)

မိသားစုအဖို့ ပြဿနာက ဖဲချပ်တွေ ဝင်ဒီ ဘယ်လိုလုပ် သိသလဲဆိုတာပဲဖြစ်သည်။ ဝှစ်(တ) ဆိုသောသူကို သည်စားသောက်ဆိုင်ရောက်မှ ဝင်ဒီ တွေ့ရခြင်းဖြစ်သည်။ ဘယ်ဖဲဟာ အနီ ဘယ်ဖဲဟာ အနက်ဆိုတာတွေ သူ ဘယ်နည်းနှင့်မျှ ကြိုတင်ပြောပြမထားနိုင်။ ဝင်ဒီကလည်း မျက်စိမမြင်ဘူးဆိုတော့ ထောင်ပြသည့်အချိန်မှာ မြင်နိုင် သိနိုင်စရာ အကြောင်းမရှိ။ သို့ဖြစ်လျှင် ဘယ်လိုလဲ။

သည်မိသားစုအတွက် တစ်သက်မှာတစ်ခါဟု ဆိုရမည့် ထူးခြားလှသော ထိုပြကွက်ကို ဝှစ်(တ) က ရုတ်တရက် ပေါ်လာသည့် ဖြတ်ထိုးဉာဏ်နှင့် အချက်ပြဆက်သွယ်နည်း စနစ်တစ်ခုကို သုံးပြီး ဖန်တီးပြသ သွားခဲ့ခြင်းဖြစ်သည်။ ဟိုးအရင် မျက်လှည့်သမားဘဝ စတင်စဉ်က ခြေထောက်ဖြင့်အချက်ပြ ဆက်သွယ်သည့် နည်းစနစ်တစ်ခု သူစမ်းသပ် လေ့ကျင့်ခဲ့ဖူးသည်။ သို့သော် ဝင်ဒီတို့နှင့် တွေ့သည်အထိ တစ်ကြိမ်မျှ လက်တွေ့သုံးစွဲခွင့် မရခဲ့သေး။

ထိုနေ့က ဝိုင်းတွင် ဝင်ဒီရှေ့ ဝင်ထိုင်ပြီး “ဝင်ဒီ၊ သမီးကို ဖဲချပ်တစ်ချပ် ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင်နှစ်မျိုးထဲက တစ်မျိုးမျိုးဖြစ်မယ်၊ အနီရောင် ဒါမှမဟုတ် အနက်ရောင် . . .” ဟူ၍ ပြောသည့်အခါ ဝင်ဒီ့ခြေထောက်ကို (စားပွဲအောက်၌) ‘အနီ’ ဆိုသည့် အချိန်၌ တစ်ချက်၊ ‘အနက်’ ဆိုသည့်အချိန်၌ နှစ်ချက် ခြေနှင့်တို့ပြီး အချက်ပြသည်။

ထိုနောက် ပို၍သေချာစေရန်အတွက် “ . . . . .၊ ဝင်ဒီ့ကို ဦးလုပ်စေချင်တာက ဝင်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံးပြီး ဒီဖဲချပ်ရဲ့ အရောင်ဟာဘာလဲ၊ အနီလား(ခြေနှင့်တစ်ချက်တို့သည်) အနက်လား(နှစ်ချက်တို့သည်) ဆိုတာ ပြောပေးဖို့ပဲ၊ သမီးသဘောပေါက်တယ်နော်” ဟူ၍ သူထပ်ပြောသည်။

အဲသည်နောက် ဝင်ဒီခေါင်းညိတ်တာ ကြည့်ပြီး သူ သဘောပေါက်ကြောင်း၊ မျက်လှည့်ပြရာမှာ မိမိနှင့်အတူ ပါဝင်လိုစိတ်ရှိကြောင်း သိလိုက်သည်။ မိသားစုကတော့၊ “ . . . သမီး သဘောပေါက်တယ်နော်” ဟု ဝှစ်(တ) ပြောလိုက်သည်ကို ဝင်ဒီနှင့် ညှိလိုက်ခြင်းဖြစ်ကြောင်း မရိပ်မိကြ၊ သူရှင်းပြသည်များကို နားလည် မလည် သေချာအောင် မေးခြင်းပဲဟု သွေးရိုးသားရိုး မှတ်ယူကြသည်။

ငါးဂဏန်း ဟတ်ဖဲချပ်နှင့် ပတ်သက်၍ကော ဘယ်လို အချက်ပြသနည်း။ ဒါလည်း လွယ်ပါသည်။ ငါး ဂဏန်းဖြစ်ကြောင်းသိအောင် ခြေထောက်ကို ငါးချက်တို့သည်။ ဟတ်ဖဲဖြစ်ကြောင်း သိနိုင်ရန်အတွက်က၊ . . . ‘ဟတ်လား၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်လား’ မေးသည့်အချိန်၌ ‘ဟတ်’ ဟုပြောစဉ် ခြေကို တို့ထားခဲ့သည်။

လုပ်ပုံလုပ်နည်း သိပြီဆိုလျှင် သည်ပြကွက်က အံ့ဩစရာသိပ်မရှိတော့ပါ။ သို့သော် သည်ပြကွက်ကြောင့် ဝင်ဒီ့မှာ ဖြစ်သည့် အပြောင်းအလဲကတော့ အံ့ဩဖွယ်ပင်။ အဲသည်နေ့က စားသောက်ဆိုင်မှာ မိသားစုဝိုင်းတွင် သူက အထင်ပေါ်ဆုံး အာရုံအစူးစိုက်ခံရဆုံး ဖြစ်ခဲ့သည်။ အိမ်မှာလည်း သူက ဆက်ပြီး ‘စတား’ ဖြစ်နေသည်။ စိတ်စွမ်းအင်ဖြင့် ဆောင်ရွက်သည့်သူမ၏ အံ့ဖွယ်ပြကွက်အကြောင်းကို မိသားစုက မိတ်ဆွေမှန်သမျှကို ဖောက်သည်ချ၍မဆုံးနိုင်။

လအနည်းငယ်ကြာသည့်အခါ၌မူ ဝင်ဒီ့ထံမှ လက်ဆောင် ပစ္စည်းထုပ်ကလေးတစ်ခု ဝှစ်(တ) ရရှိသည်။ လက်ဆောင်ထုပ်ထဲတွင် မျက်မမြင်များ ကစားနိုင်ရန်စီမံထားသည့် ဘရေးလ်ဖဲတစ်ထုပ်နှင့် စာတစ်ဆောင် ပါသည်။ စာ၌ မိမိအား အများကြားမှာ အရေးပါသူအဖြစ် ခံစားရစေရန်နှင့် ထိုအခိုက်အတန့်အဖို့ မျက်စိ ‘မြင်’ ခွင့်ရရှိအောင် ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ မိမိအား မိသားစုက အကြိမ်ကြိမ်မေးမြန်းကြသော်လည်း လှည့်ကွက်ကို ယခုထိ မိမိဖော်မပြောသေးသည့်အကြောင်းနှင့် နောင်တွင် မျက်မမြင်များနှင့် မျက်လှည့်ပြကွက်တွေ ယခုထက်ပို၍ လုပ်နိုင်စေရန် ဝှစ်(တ) ထံ ဘရေးလ် ဖဲတစ်ထုပ် ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ဝင်ဒီ ရေးသားလိုက်လေသည်။

[မူရင်း။   ။ Michael Jeffreys ၏ How Magic Helped a Blind Girl See]

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts