မီးသတ်ပိုက်ကို

မီးသတ်ပိုက်ကို ဘေးဖယ်ထားပါ

မီးသတ်ပိုက်ကို ဘေးဖယ်ထားပါ
မန်နေဂျာ အများအပြားမှာ ထိရောက်မှုကင်းမဲ့သော ခေါင်းဆောင်များ ဖြစ်ကြသည်။ အကြောင်းမှာ ယင်းတို့သည် မီးသတ်သမားများ ဖြစ်နေကြခြင်း ဖြစ်သည်။ မီးသတ်သမားသည် မိမိ၏ အဖွဲ့ဝင်များကို မကြည့်၊ မီးကိုသာကြည့်သည်။ မီးက အဆုံးအဖြတ်ပေးသည်။ မီးသည် လက်ရှိပြဿနာဖြစ်ပြီး မိမိ၏ အချိန်နှင့်အတွေးကို ယူထားသည်။

မီးက မိမိ၏ ဘဝကို ထိန်းချုပ်သည်။ မိမိက မီးကို ထိန်းချုပ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မီးက မိမိကို ထိန်းချုပ်နေခြင်းသာ ဖြစ်သည်။

မီးတွင် နှစ်မြုပ်၍ မီးက အဓိပ္ပာယ်သတ်မှတ်ချက် ပေးနေသဖြင့် အခွင့်အလမ်းများကို မသိတော့။ ဖြစ်နိူင်ဖွယ်ရာ ရှိမှုများကို မမြင်တော့။ 

တွန်းအားပေးမှု မရှိသော မန်နေဂျာတစ်ဦးသည် မီးကို ငြိမ်းသတ်ပြီးလျှင်တောင်မှ ထရပ်ကားပေါ်ပြန်တက်ပြီး နောက်ထပ်လောင်မည့်မီးကို စောင့်မျှော်ကြည့်သည်။ အားလုံး မိမိသိသမျှသည် မီးသာဖြစ်သည်။ မိမိသိသမျှသည် မီးကို မည်သို့ ငြိမ်းသတ်ရမည်ဆိုသည်ကိုပင် ဖြစ်သည်။ အစစ်အမှန်မီးလောင်မှု မရှိလျှင်တောင်မှ ‘ မီး ’ ဟု အဓိပ္ပာယ် သတ်မှတ်၍ရသော အရာတစ်ခုအား ရှာဖွေနေလိမ့်မည်။ မီးသတ်သမား ဖြစ်သောကြောင့် ဖြစ်သည်။

ထက်မြက်မှုရှိသည့် တွန်းအားပေးသူသည် ၂၄ နာရီစလုံး မီးသတ်၍မနေ။ စစ်မှန်သော ခေါင်းဆောင်တစ်ဦးသည် မိမိ၏ လူများအာ ပစ္စုပ္ပန်မှ အနာဂတ်သို့ ဦးဆောင်၍ ခေါ်သွားသည်။ 
မီးသတ်ခြင်းအကြောင်း ပါလာသည်မှာကား အနာဂတ်သို့သွားသည့် လမ်းကြောင်းပေါ်တွင်သာ ဖြစ်သည်။ တစ်ခါတစ်ရံ ခေါင်းဆောင်တစ်ဦးသည် မီးသတ်ဖို့ပင် အချိန်မရ။ မီးကို ကွေ့ပတ်၍ မိမိသွားလိုသော နေရာကို သွားလိမ့်မည်။

မီးသတ်သမားကတော့ တွေ့သမျှ မီးကို သတ်လိမ့်မည်။ ဤအချက်မှာ အသိရှိသော မန်နေဂျာတစ်ဦးနှင့် အသိမရှိသော မန်နေဂျာတစ်ဦးအကြား ကွာဟမှုကို ပြနေခြင်း ဖြစ်သည်။ အသိမရှိသော မန်နေဂျာသည် မိမိ၏ လှုပ်ရှားမှုအတွက် မီးအား ဆုံးဖြတ်ချက်ချခိုင်းသည်။ အသိရှိသော မန်နေဂျာသည် မိမိ၏ လှုပ်ရှားမှုအတွက် ပန်းတိုင် (ရည်မှန်းချက်) အား ဆုံးဖြတ်ချက်ချစေသည်။ 

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts