83

မီးရုပ်တု (အပိုင်း-၁)

မီးရုပ်တု (အပိုင်း-၁) ~~~~
“အေးပါကွာ၊ ငါ သေချာကြည့်ပြီးပါပြီ။ မီးတားလမ်းကြောင်းအားလုံး စိတ်ချရပါတယ်”

“ဒါဆိုရင် ငါတို့ တောင်အောက်ကို ဆင်းပြီး အောက်ဘက်က မီးစရှို့ကြမယ်။ လာကွာ၊ တောင်အောက်ကို ဆင်းကြမယ်”

ကျော်ဒွန်းမှ အောင်လအား မေးမြန်းလိုက်ပြီး တောင်အောက်သို့ ဆင်းသွားလေ၏။ အောင်လကလည်း ကျော်ဒွန်းနောက်မှ တောင်အောက်သို့ ဆင်းလိုက်ခဲ့၏။ ကျော်ဒွန်းနှင့် အောင်လတို့မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စိုင်းတင်တောင်တန်းအတွင်းရှိ “သြရမ” ရွာလေးတွင် နေထိုင်ကြသော ခမီးလူမျိုးများ ဖြစ်ကြ၏။ ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စုများ ရှိကြသည်။ ခမီးလူမျိုး၊ မြိုလူမျိုး၊ သက်လူမျိုး၊ နိုင်းနက်လူမျိုးနှင့် ချင်းလူမျိုးများ၊ ကမန်လူမျိုး စသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ကြလေ၏။ ထိုလူမျိုးများထဲမှ ခမီး၊ မြို၊ ချင်းလူမျိုးများမှာ တောင်တန်းများပေါ်တွင် နေထိုင်ကြသည်။ လူနည်းစုလောက်သာ တောင်တန်းများခြေရင်းတွင် နေထိုင်တတ်ကြလေ၏။

သူတို့သည် တောင်တန်းများပေါ်တွင် တောင်ယာလုပ်ခြင်း၊ သစ်တောထွက် ပစ္စည်းများအား ရှာဖွေ၍ မြို့ရွာများသို့ သွားရောက်ရောင်းချသည့် အလုပ်များကို လုပ်ကိုင်ကြ၏။ သူတို့ လုပ်ကိုင်သည့် တောင်ယာအလုပ်မှာ ရွှေ့ပြောင်းတောင်ယာစနစ်ကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။ ရွှေ့ပြောင်းတောင်ယာစနစ်ဆိုသည်မှာ မိမိတို့တောင်ယာ စိုက်ပျိုး၍ အတက်အဆင်းကောင်းမည့် တောင်ကုန်းတောင်တန်းအား ရှာဖွေကြည့်ရှုရပြီး စပါးနှင့် ပြောင်း၊ ငရုတ်၊ သခွား၊ ဖရုံ စသည့် သီးနှံများ စိုက်ပျိုး၍ ကောင်းမည့် ဆင်ခြေလျှော တောင်တန်းတောင်ကုန်းများကို ပြာသို၊ တပို့တွဲလများတွင် ခုတ်ထွင်ရသည်။

တောင်ကုန်းတောင်တန်းပေါ်တွင် ရှိသော ဝါးတော၊ သစ်ပင်များအား ပင်ခြေမှ ခုတ်လှဲရ၏။ တောင်ယာခုတ်ထားသော တောင်ကုန်းအား တန်ခူးလဆန်းပိုင်းတွင် မီးရှို့ရသည်။ မီးရှို့ပြီး သုံးရက်ကျော်လျှင် မီးရှို့ထားသော တောင်ယာမှ မီးမလောင်ဘဲ ကျန်နေသော ဝါးစ၊ သစ်စ၊ သစ်ကိုင်းများအား ကောက်ယူရှင်းလင်း၍ စပါးစိုက်မရသည့် လျှို၊ မြောင်အတွင်း စုပုံရသည်။ ထိုကဲ့သို့ ပြုလုပ်သည်ကို (ဒေသအခေါ် ကွမ်းဆိုးခွေသည်ဟု ခေါ်သည်။) ထိုကဲ့သို့ ပြုလုပ်ရှင်းလင်းပြီး စပါးနှင့် အခြားသီးနှံများအား စူးထိုး၍ စိုက်ပျိုးရသည်။ ထိုကဲ့သို့ စိုက်ပျိုးပြီး သီးနှံပေါ်ချိန်တွင် သီးနှံများ ခူးဆွတ်ပြီးပါက အထက်ပါ တောင်ယာအား ထားခဲ့ပြီးနောက် တောင်ယာတစ်ခုအတွက် ရှာဖွေ၍ တောင်ယာအသစ် ထပ်မံခုတ်ရပြန်သည်။ ဤကဲ့သို့ တစ်နှစ်တစ်ခါ တောင်ယာအသစ်ရှာဖွေ ပြောင်းရွှေ့လုပ်ကိုင်သည်ကို ရွှေ့ပြောင်းတောင်ယာစနစ်ဟု ခေါ်ကြသည်။

ရွှေ့ပြောင်းတောင်ယာစနစ် လုပ်ကိုင်သည့်အတွက် တောင်တောင်အတွင်းတွင် ရှိသော သစ်တော၊ ဝါးတောများ ပျက်စီး ပြုန်းတီးသည့်အတွက် (ဂေဟစနစ်) ပျက်ပြီး နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်၍ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း စသည်များ ဖြစ်ပေါ်ပြီးလျှင် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိသောကြောင့် နှစ်စဉ်နိုင်ငံအတွင်း ပြည်သူများ ဒုက္ထရောက်ကြရလေ၏။

ထို့ကြောင့်လည်း နိုင်ငံတော်မှ ရွှေ့ပြောင်းတောင်ယာစနစ်အစား လှေကားထစ်တောင်ယာစနစ် ပြုလုပ်စိုက်ပျိုးကြရန် လမ်းညွှန်ခဲ့လေ၏။ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လှေကားထစ် တောင်ယာစနစ် ပြုလုပ်စိုက်ပျိုးနေကြပြီး ဖြစ်၏။ သို့သော် ပြည်နယ်အားလုံးတွင်မူ ၎င်းလှေကားထစ်တောင်ယာစနစ် ပြုလုပ်စိုက်ပျိုးခြင်းများ မပြုလုပ်ကြသေးပေ။

ယခုလည်း စိုင်းတင်တောင်တန်းအတွင်းရှိ သြရမရွာသား ခမီးလူမျိုးကျော်ဒွန်းနဲ့ အောင်လတို့ နှစ်ယောက်သည် သူတို့ခုတ်ထားသော တောင်ကုန်းအား တောင်ယာစိုက်ပျိုးရန်အတွက် မီးရှို့ရန် စီစဉ်နေကြခြင်းဖြစ်လေ၏။ တောင်ယာ မီးရှို့ရသည်မှာ ဂရုစိုက်သတိထားရသည်။ မိမိတို့ ခုတ်ထားသော တောင်ကုန်းပတ်လည်တွင် မီးလောင်စေနိုင်သော ဝါးပင်၊ သစ်ပင်၊ ချုံများအား ရှင်းလင်းထားပြီး မီးတားလမ်းကြောင်း ပြုလုပ်ထားရသည်။ မီးတားလမ်းမလုပ်ဘဲ မီးရှို့မိပါက အခြားတောင်ကုန်း ဝါးတော သစ်တောများသို့ မီးကူးစက်လောင်ကျွမ်းနိုင်ပြီး မလိုအပ်သော တောမီးလောင်ကျွမ်းမှု ဖြစ်၍ အဖိုးတန် သစ်တော၊ ဝါးတောများ ဆုံးရှုံးမှု ဖြစ်စေနိုင်ခြင်းကြောင့် သူတို့ခုတ်ထွင်ထားသော တောင်ယာ မီးမရှို့မီ မီးတားလမ်းကြောင်းအား သေချာမှုရှိမရှိ ကျော်ဒွန်းမှ အောင်လအား မေးမြန်းလိုက်ခြင်း ဖြစ်၏။ သေချာပြီဆိုမှ ခုတ်ထွင်ထားသော တောင်ကုန်းအောက်ခြေမှစ၍ မီးရှို့ရန် တောင်ကုန်းအောက်သို့ ဆင်းလာခဲ့ကြ၏။

“ကျော်ဒွန်း… မင်း မီးတိုက်တော့ကွာ။ ငါ စမ်းချောင်းထဲက စောင့်နေမယ်။ ဟင်းစား ငါးလေး၊ ပုစွန်လေး ရှာလိုက်ဦးမယ်” “အေး…အေး၊ ကောင်းတယ်။ ငါမီးရှို့ပြီး လိုက်လာခဲ့မယ်။ မင်းသွားနှင့်”

အောင်လ၏ ပြောစကားအား ပြန်ပြောပြီး ကျော်ဒွန်းက အိတ်အတွင်းမှ မီးခြစ်ကို ထုတ်ယူပြီး မီးလောင်လွယ်သည့် ဝါးရွက်ခြောက်နှင့် သစ်ရွက်ခြောက်များ စုပုံထားသည့် မီးစာအပုံရှိရာသို့ သွားပြီး မီးခြစ်ဖြင့် မီးရှို့လိုက်လေ၏။ တန်ခူးလ၏ ပူပြင်းလှသော နေပူရှိန်ကြောင့် ကြွပ်ရွ ခြောက်သွေ့နေသော ဝါးရွက်၊ သစ်ရွက်ခြောက်များမှာ မီးခြစ်၏ မီးတောက်ကြောင့် ချက်ချင်းလောင်ကျွမ်းပြီးလျှင် ခုတ်ထားသော ဝါးတော၏ ဝါးပင်အခြောက်များသို့ ကူးစက်ကာ တစ်ခဏချင်း မီးတောက်မီးလျှံကြီးများ ဖြစ်ပြီး တဝုန်းဝုန်းလောင်ကျွမ်းလေတော့သည်။ မီးရှို့ပြီးသည်နှင့် ကျော်ဒွန်းသည် အောင်လရှိရာ စမ်းချောင်းသို့ လိုက်သွားလေ၏။

တောင်ယာ မီးရှို့ပြီး သုံးရက်ကျော် လေးရက်မြောက်နေ့တွင် ကျော်ဒွန်းနှင့် အောင်လတို့ နှစ်ယောက်သည် မိမိတို့ မီးရှို့ထားခဲ့ကြသော တောင်ယာတွင် မီးမလောင်ဘဲ ကျန်နေသော ဝါးစ သစ်စ သစ်ကိုင်းများအား ရှင်းလင်းရန် (ကွမ်းဆိုးခွေရန်) တောင်ယာသို့ ဓားကိုယ်စီကိုင်၍ လာခဲ့ကြသည်။ မီးရှို့ထားသော တောင်ယာတွင် မီးလောင်နေဆဲ သစ်တုံးများ၊ သစ်ပင်ငုတ်များမှ မီးခိုးငွေ့များ တလူလူထွက်လျက် ရှိနေ၏။

ကျော်ဒွန်းနှင့် အောင်လတို့နှစ်ယောက် သစ်တိုသစ်စ ဝါးတိုဝါးစများကို ကောက်ယူ၍ မီးလောင်နေဆဲဖြစ်သော သစ်တုံး သစ်ငုတ်များအပေါ် စုပုံ၍ မီးရှို့နေကြသည်။

အောင်လရေ…ကွမ်းဆိုးတွေ သေချာခွေဟေ့။ မိုးရွာလာရင် ကွမ်းဆိုးတွေကျန်နေလို့ စိုက်ရပျိုးရ ခက်နေမယ်” “အေးပါ ကျော်ဒွန်းရယ်၊ စိတ်ချစမ်းပါ၊ ဒီနှစ်၊ စပါးလေးတောင်းလောက် စိုက်နိုင်မှ ငါတို့အတွက် ဝမ်းစာလောက်မှာမဟုတ်လား၊ ဒီယာမှာ နှစ်တောင်းကျော်လောက် စိုက်နိုင်မှ၊ ငရုတ်လည်း နည်းနည်းပါးပါး ညှပ်ထည့်ရမျာ၊ ငရုတ်တွေ ဈေးကောင်းနေတယ်ကွ”

“မင်းပြောတဲ့ ငရုတ်တင် ဈေးကောင်းတာ မဟုတ်ပါဘူး အောင်လရယ်၊ သခွားတို့၊ ဖရုံတို့လည်း ဈေးကောင်းတာပဲကွာ။ အပင်ဖြစ်လို့ အသီးသီးဖြစ်ရင် ဈေးကောင်းရတဲ့ ခေတ်ပါကွာ။ အဓိက,ကတော့ အသီးအနှံ ဖြစ်ထွန်းအောင်မြင်ဖို့ပဲ လိုပါတယ်ကွာ”

မင်းပြောသလိုပါပဲကွာ။ မင်းတို့ ငါတို့ဘဝက အသီးအနှံလေး ကောင်းမှ ငွေမြင်ရတဲ့ ဘဝပါကွာ။ တခြားဝင်ငွေ ဘာမှမရှိတော့လည်း ဒီတောင်ယာအလုပ်ကိုပဲ အားကိုးနေရတာမဟုတ်လား။ မိသားစု ထမင်းဝဝစားရရင် တော်ပါပြီကွာ”

“ဟုတ်တယ် အောင်လ။ ငါတို့ တောင်ပေါ်မှာ နေထိုင်ကြတဲ့သူတွေအဖို့ကတော့ ဆန်နဲ့ ငပိ၊ ဆား ဒီသုံးမျိုးရှိရင် ပြည့်စုံပါပြီကွာ။ တခြား ဗာဟီရတွေ မလိုပါဘူးကွာ။ ဟင်းသီးဟင်းရွက်က တောထဲတောင်ထဲက ရတယ်။ ငါးနဲ့ ပုစွန်က စမ်းချောင်းက ရတယ်။ ဒါကြောင့် ဆန်၊ ငပိနဲ့ ဆားရှိရင် ပြီးပြီလို့ ပြောတာပေါ့ကွာ”

“မင်းပြောတဲ့ ဆန်က အခု တို့စိုက်မယ့် တောင်ယာက ရမယ့် စပါးကို ကြိတ်ခွဲရင် ရပေမယ့်၊ ငပိနဲ့ ဆားက ငွေနဲ့ ဝယ်မှ ရမှာကွ။ ဒါကြောင့် တောင်ယာက အသီးအနှံတွေ ကောင်းမှ ရောင်းချလို့ ငွေရမှ ဆားနဲ့ ငပိဝယ်လို့ ရမှာမဟုတ်လား။ ဒါကြောင့် မိုးလေဝသမှန်ပါစေ၊ အသီးအနှံတွေ အောင်မြင် ဖြစ်ထွန်းပါစေလို့ ဆုတောင်းနေမိတာပါကွာ”

ကျော်ဒွန်းနှင့် အောင်လတို့ နှစ်ယောက်သား စကားတပြောပြောနှင့် ကွမ်းဆိုးများကောက်၍ မီးရှို့သင့်သည်များကို မီးရှို့သင့်သည်များကို မီးရှို့၊ စပါးစိုက်မရသည့် လျှိုအတွင်းသို့ ပစ်ချသည့်အခါ ပစ်ချဖြင့် တောင်ကုန်းတစ်ဝက်ကျော်ကျော် အရောက်တွင် မီးမလောင်ဘဲ ရှိနေသော တစ်လံပတ်လည်ခန့်ရှိသော ဝါးရုံငုတ်နှင့် ဝါးရွက်ခြောက်များ စုပုံနေသော နေရာတစ်ခုအား တွေ့မြင်ရ၍ ၎င်းဝါးရွက်များအား စုပုံ၍ ဝါးငုတ်များအား ပါလာသည့်ဓားဖြင့် ခုတ်ထွင်ရှင်းလင်းပြီး တစ်နေရာတွင် စုပုံထားလိုက်ကြသည်။ ဝါးငုတ်များ ခုတ်နေသော ကျော်ဒွန်းသည် ဝါးငုတ်တစ်ချောင်းအား ခုတ်ယူ၍ ဝါးငုတ်ခြေရင်းရှိ ဝါးရွက်များအား လက်နှင့်စု၍ ကောက်ယူလိုက်ရာ ခုတ်ထားသော ဝါးငုတ်ခြေရင်းတွင် တွေ့မြင်လိုက်ရသည်က ညိုညစ်ညစ်အရောင်ရှိသော အရုပ်တစ်ရုပ်ဖြစ်သည်။

ကျော်ဒွန်းသည် မြင်တွေ့ရသော အရုပ်အား ကောက်ယူ၍ သေချာကြည့်လိုက်ရာ အရုပ်မှာ ငါးလက်မခန့်အမြင့် ရှိပြီး ကြေးသတ္တုဖြင့် ပြုလုပ်ထား၍ ကြေးညှိများ တက်နေသောကြောင့် ညိုပုပ်ပုပ်အရောင်ဖြစ်နေခြင်း ဖြစ်၏။ အရုပ်၏ ပုံစံမှာ ဘယ်ဒူးထောက်၊ ယာဒူးထောင်အနေအထားဖြစ်ပြီး ယာဒူးပေါ်တွင် ယာလက်ကို လက်သီးဆုပ်သဏ္ဍာန်ဆုပ်လျက် ဆန့်တန့်ထားပြီး ဘယ်လက်ကို ရှေ့သို့ ဆန့်တန်းလျက် လက်ဖဝါးအား ဖြန့်၍ ထောင်ထားသော အနေအထားပုံစံဖြစ်ပြီး ခေါင်းပေါ်တွင် နတ်ခေါင်းဆောင်သဏ္ဍာန်ခေါင်းဆောင်းထားသည့် ပုံစံဖြစ်လေ၏။

ကျော်ဒွန်းမှာ မည်သည့်ရုပ်တုဖြစ်သည်ကို မသိပေ။ သို့အတွက်ကြောင့် အောင်လအား မေးလိုက်လေ၏။ “ဟေ့ကောင် အောင်လ၊ ဒီမှာ ဘာအရုပ်လည်း မသိဘူးကွ။ မင်းသိမလား လာကြည့်စမ်းပါဦး၊ ဘုရားရုပ်တုတော့ မဟုတ်ဘူးကွ” ကျော်ဒွန်း၏ ပြောစကားကြောင့် သစ်စဝါးစများ ကောက်ယူ စုပုံနေသော အောင်လမှာ ကျော်ဒွန်းအနီး လျှောက်လာပြီး ကျော်ဒွန်းလက်တွင်းမှ ရုပ်တုအား ယူလိုက်ပြီး သေချာစွာ ကိုင်တွယ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ကျော်ဒွန်း၊ ဘုရားရုပ်တုမဟုတ်ဘူးကွ။ ဘီလူးရုပ်လည်း မဟုတ်ဘူး။ နတ်ရုပ်နဲ့လည်း တူတယ်ကွ။ ဘာနတ်ရုပ်လည်းတော့ ငါ မသိဘူးကွ” “မင်းပြောသလို နတ်ရုပ်ဖြစ်မယ်ထင်တယ်ကွ၊ ဒီအရုပ်က ဒီတောင်ပေါ်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလည်း မသိဘူးကွ၊ နောက်ပြီး ဒီအရုပ်ရှိတဲ့ နေရာပတ်ဝန်းကျင်မှာလည်း မီးမလောင်ဘူး။ အခု ငါခုတ်နေတဲ့ ဝါးပင်ငုတ်နဲ့ ဝါးရွက်ခြောက်ပုံတွေ မီးမလောင်တာ ဒီအရုပ်ရှိလို့ထင်တယ် အောင်လရ”

“ဟာ…ဒါဆိုရင် ဒီအရုပ်က မီးကွင်းတဲ့ နတ်ရုပ်ဖြစ်နိုင်တယ်။ ရွာကို ပြန်ယူသွားပြီး နားလည်တဲ့ လူကြီးတွေကို ပြကြည့်ရင် သိရမှာပေ့ါကွာ”

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)

ဂမ္ဘီရ

Open More Online

Related Posts