82

သဘောပေါက်အောင် လုပ်ရန်နည်း (အပိုင်း – ၂)

သဘောပေါက်အောင် လုပ်ရန်နည်း (အပိုင်း – ၂) ~~~~
တစ်စုံတစ်ယောက်သောသူသည် သင်နှင့်သဘောမမျှ၍ သင့်အပေါ်တွင် မေတ္တာပျက်နေပါလျှင် ခရစ်ယာန်အယူဝါဒ ပျံ့နှံ့နေသော အရပ်များအားလုံးတွင်ရှိသည့် ကျမ်းအစောင်စောင်ကို ကိုးကားပြသော်လည်း သင့်ဘက်သို့ ပါမည်မဟုတ်ပေ။ လူတို့သည် မိမိစွဲလမ်းလျက်ရှိသော အယူဝါဒများကို မပြောင်းလဲချင်ကြောင်းကို အကြိမ်းသန်သော မိဘများ၊ နိုင်ထက်စီးနင်းလုပ်လိုသော အထက်အရာရှိကြီးများနှင့် လင်ယောက်ျားများ၊ နားပူနားဆာ လုပ်တတ်သော မိန်းမများသည် ကောင်းစွာ သတိချပ်အပ်ကြပေသည်။

တစ်ဖက်သားကို အတင်းအကျပ် နိုင်ထက်စီးနင်း စေခိုင်းခြင်းအားဖြင့် သူသည် သူ့အယူအဆကို စွန့်မည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့သည် ချိုချိုသာသာ ရင်းရင်းနှီးနှီး ဆက်ဆံပါလျှင် ကျွန်ုပ်တို့အလိုသို့ လိုက်လျောလိုသော စိတ်ထားများ တစ်ဖက်သားတွင် ပေါ်လာကောင်း ပေါ်လာပေမည်။ နှစ်ပေါင်းတစ်ရာလောက်က လင်ကွန်းသည် အထက်အဓိပ္ပာယ်မျိုးပါသော စကားကို ပြောခဲ့ဖူးလေသည်။ ပြောသည့်စကားမျာ အောက်ပါအတိုင်း ဖြစ်၏။

‘ပျားရည်တစ်စက်သည် မုတ်ခါးရည်တစ်ဂါလံထက် ယင်ကောင်များကို ပို၍ဖမ်းနိုင်သည်’ ဟူသော စကားပုံမှာ ရှေးကျ၍ မှန်လေသည်။ လူ့အရေးကိစ္စတွင်လည်း လူတစ်ယောက်ကို သင့်ဘက်သို့ ပါအောင်ဆွဲချင်လျှင် သင်သည် သူ၏ မိတ်ဆွေစစ်ဖြစ်ကြောင်း သဘောပေါက်အောင် သူ့အား ရှေးဦးစွာ ပြောပြရလိမ့်မည်။ သင်၏ စကားထဲတွင် သူ၏အသည်းကိုစွဲသွားအောင် လုပ်နိုင်သည့် ပျားရည်တစ်စက် ပါပေမည်။ မည်သို့ဆိုစေ ပျားရည်တစ်စက်သည် သင့်ဘက်သို့ပါအောင် ဆွဲရာတွင် အလွန်အရေးပါမည် ဖြစ်၏။

ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံခြင်းသည် အကျိုးရှိမှန်းကို ဓနရှင်ကြီးများသည် ကောင်းစွာ သိရှိကြလေသည်။ သာဓကတစ်ခုကို ပြပါအံ့။ ဝှိုက်မော်တာ ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၂၅၀၀ သည် လခတိုးပေးရန်နှင့် အလုပ်သမားအသင်းဆိုင်တစ်ခုကို ဖွင့်ပေးရန်အတွက် အလုပ်ရပ်စဲကြသောအခါ ထိုကုမ္ပဏီ၏ မန်နေဂျာလူကြီးဖြစ်သော ရောဘတ်အက်ဖ်ဘလက်သည် အလုပ်သမားများသည် ဒေါသဖြစ်ခြင်း၊ ကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကွန်မြူနစ်များ ဖြစ်ကြသည်ဟု စွပ်စွဲခြင်းစသော ကိစ္စများကို မပြုလုပ်ချေ။ ဤသို့ မလုပ်ရုံသာမက အလုပ်သမားများကိုပင် ချီးကျူးခဲ့သေး၏။ အလုပ်သမားများ၏ စည်းကမ်းသေဝပ်စွာ သပိတ်မှောက်ခြင်းကို ချီးကျူးထားသည့် ဆောင်းပါးများကို ကလီးဗလန်သတင်းစာများတွင် ပိုက်ဆံအကုန်အကျခံ၍ ကြော်ငြာပေး၏။ သပိတ်သမားများ ပျင်းနေမည်စိုး၍ ဘေ့စဘောကစားသည့် ဘက်တံ ၂၄ ချောင်းနှင့် လက်အိတ်များကို မန်နေဂျာကိုယ်တိုင် ဝယ်ပေးပြီးလျှင် ကုမ္ပဏီပိုင်သည့် ခြေရာလွတ်များတွင် လာရောက်၍ ကစားကြရန် အလုပ်သမားများကို ဖိတ်ကြား၏။ ‘ကရိကတ်’ ဘောလုံးရိုက်ကစားလိုသော အလုပ်သမားများအတွက် ကစားရန် ကွင်းတစ်ခုကိုပင် ငှားပေးသေး၏။

ဤကဲ့သို့ မန်နေဂျာကိုယ်တိုင်က ခင်မင်သော စိတ်ထားများကို ပြလိုက်ရာ ‘တစ်ဦးမေတ္တာတစ်ဦးမှာ’ ဆိုသကဲ့သို့ အလုပ်သမားများဘက်မှလည်း ခင်မင်သောစိတ်ဓာတ်များ ပြသကြ၏။ ထို့ကြောင့် အလုပ်သမားတို့သည် တံမြက်စည်းများ၊ တူရွင်းငန်းပြားများ၊ အမှိုက်လှည်းများကို ငှားပြီးလျှင် အလုပ်ရုံပတ်လည်တွင် ပွနေသော မီးခြစ်ဆံများ၊ စက္ကူစများ ဆေးလိပ်တိုများကို ကျုံးပစ်ကြ၏။ စဉ်းစားသာ ကြည့်ကြပေတော့၊ လခများတိုးပေးရန်နှင့် အလုပ်သမားအသင်း ဆိုင်တစ်ဆိုင် တည်ထောင်ပေးရန်အတွက် ဓနရှင်တို့နှင့် အပြင်းအထန် တိုက်ပွဲဆင်နေသော အလုပ်သမားများသည် ကုမ္ပဏီပိုင်မြေကြီးပေါ်တွင် ရှိသော အမှိုက်သရိုက်များကို ကျုံးပစ်နေခြင်းကိုသာ တွေးကြည့်ပါတော့။ အမေရိကန်ပြည်၏ သပိတ်မှောက်သမိုင်းတွင် ဤအဖြစ်မျိုးကို တစ်ခါဖူးမျှ မကြုံတွေ့ခဲ့ဘူးချေ။ ထိုသပိတ်ကိစ္စသည်လည်း တစ်ဖက်နှင့်တစ်ဖက် စိတ်နာကြည်းခြင်း၊ အမျက်ထွက်ခြင်း မဖြစ်ရဘဲ ကျေကျေအေးအေးနှင့် တနင်္ဂနွေတစ်ပတ်အတွင်း ပြီးဆုံးသွားလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts