ထိပ်တိုက်

ထိပ်တိုက် ရင်ဆိုင်နည်း သုံးနည်းဖြင့် ကျေနပ်မှု ရယူပါ

တခြားသူများအား တွန်းအားပေးရန်အတွက် ထိပ်တိုက် ရင်ဆိုင်ခြင်းပညာ ( The A.R.T of Confrontation ) ကိုလည်း အသုံးပြုရမည်ဖြစ်သည်။ A.R.T ကို ပညာဟု ခြုံငုံဆိုလိုက်သော်လည်း ယင်းအက္ခရာသုံးလုံးမှာ နည်းလမ်းသုံးနည်းကို ကိုယ်စားပြုသည်။ 

မန်နေဂျာများအနေဖြင့် မိမိ၏ လူများအား တာဝန်ယူစေခြင်းဖြင့် ကျေနပ်မှု ရယူနိူင်သည်ဟူသော အချက်ကို ဤထိပ်တန်းရင်ဆိုင်ခြင်း နည်းလမ်းများက ပြနေသည်။

မိမိ၏ လူများအား တာဝန်ယူစေသည်ဆိုသည်မှာ မဖြစ်နိူင်ဟု မန်နေဂျာ အများစုက ထင်ကြသည်။ ဤကဲ့သို့ ပြုလုပ်ရခြင်းမှာ မန်နေဂျာတစ်ဦးအတွက် ခက်ခဲသော အလုပ်တစ်ခုဟု ထင်ကြသည်။ တာဝန်ဟူသော ဝန်ထုပ်ဝန်ပိုးကြောင့် မလုပ်မဖြစ်လုပ်ရမည့် မနှစ်မြို့စရာ အရာတစ်ခုအဖြစ် မှတ်ယူကြသည်။

ထိုသို့ထင်မြင်ယူဆချက်ကြောင့် မိမိ၏ လူများအား တာဝန်ယူစေသည့် အလုပ်ကို မလုပ်ကြ။ ထိုအလုပ်ကို စိတ်လက်ပျော်ရွှင်စွာဖြင့် လုပ်နိူင်သော နည်းလမ်းတစ်ခုတော့ ရှိနေသည်။ ထိုနည်းလမ်းမှာ A.R.T ဟူသော နည်းလမ်းပင် ဖြစ်သည်။ မိမိဝန်ထမ်းတစ်ဦး၏ အမူအကျင့်နှင့် ပတ်သတ်၍လည်းကောင်း၊ အလုပ်တာဝန်ထမ်းဆောင်မှုနှင့် ပတ်သတ်၍လည်းကောင်း စကားပြောသည့်အခါ ဤနည်းလမ်းကို အသုံးပြုနိူင်သည်။

A ဟူသော အက္ခရာသည် Appreciate နှင့် Acknowledge ကို ကိုယ်စားပြုသည်။ နားလည်လေးစားမှုပြပါ။ အသိအမှတ်ပြုပါဟု ဆိုလိုသည်။ မိမိ၏ ဝန်ထမ်းက အဖွဲ့အစည်းအတွက် ဆောင်ရွက်ချက်၊ ယင်း၏အားသာချက်များနှင့် စွမ်းရည်များကို လေးစားကြောင်း၊ နားလည်ကြောင်း၊ အသိအမှတ်ပြုကြောင်း ပြောပါ။ 
ထို့နောက် ယင်းဝန်ထမ်း၏ မိမိအတွက် အကျိုးဖြစ်စေခဲ့သော အထင်ကြီးစေလောက်သော မကြာသေးမီက စွမ်းဆောင်မှုတစ်ခုကို သာဓက အနေဖြင့် ပြပါ။

R ဟူသော အက္ခရာသည် Restate ကို ကိုယ်စားပြုသည်။ ယင်းဝန်ထမ်းနှင့် ပတ်သတ်၍ မိမိသန္နိဋ္ဌာန်ချ၊ ယုံကြည်ထားသည်ကို ထပ်မံဖော်ပြပါ။ ယင်းဝန်ထမ်းအား ယုံကြည်မှုရှိကြောင်း၊ အရည်အချင်းရှိကြောင်း သိမြင်၍ အလုပ်စတင်ခန့်ထားကြောင်း၊ ယခုအခါ မိမိထင်မြင်ထားသည်အထိ မြင့်သော အရည်အချင်းရှိကြောင်း ပြောပါ။ ထိုအရည်အချင်းကြောင့်ပင် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ရည်မှန်းချက် ပေါက်မြောက်မှုများ ရရှိလာလိမ့်မည်ဟု မိမိက သန္နိဋ္ဌာန်ချထားကြောင်း ပြောပါ။ 

ထို့နောက် မိမိအပေါ်တွင် မည်သည့်အပိုင်းကဏ္ဍများတွင် အားကိုးနိူင်ကြောင်း၊ မိမိဘာတွေလုပ်နေကြောင်း၊ တရားမျှတမှုရှိသော အကျိုးတရားများရရှိအောင် မည်ကဲ့သို့ တိုက်ခိုက်ခဲ့ရကြောင်း၊ အချိန်မရွေး မိမိနှင့် တွေ့နိူင်ကြောင်း၊ မိမိ၏ ဝန်ထမ်းအောင်မြင်မှု ရစေရန် မိမိက မည်ကဲ့သို့ ကြိုးစားပေးနိူင်ကြောင်း ပြောပြပါ။ 
ဝန်ထမ်းနှင့် စကားပြောရာတွင် မိမိ၏ သန္နိဋ္ဌာန်ချ၊ ယုံကြည်ထားမှုကို ဖော်ပြလိုက်ခြင်းဖြင့် စကားလမ်းကြောင်း အမှန်သို့ ရောက်ရှိမည်ဖြစ်သည်။ ဝန်ထမ်းအား လမ်းကြောင်းအမှန်ထဲသို့ ဆွဲ၍ ထည့်လိုက်ခြင်း ဖြစ်သည်။ 

စီမံခန့်ခွဲရေးပိုင်း ‘သတိပေးခြင်း’ များ၏ ၉၀ ရာခိုင်နှုန်းသည် မန်နေဂျာနှင့် ဝန်ထမ်းဆက်ဆံရေးကို ပျက်ပြားစေသည်။ ဤကဲ့သို့ သတိပေးခြင်းများကြောင့် ဝန်ထမ်းများသည် အလုပ်လမ်းကြောင်း၏ ပြင်ပသို့ ရောက်သွားသကဲ့သို့ ခံစားကြရသည်။ သတိပေးသည်ထက် အရေးကြီးသော ရုပ်ပုံလွှာကြီးကို ဝန်ထမ်းများ၏ရှေ့တွင် ချပြရမည်ဖြစ်သည်။ 

နောက်ဆုံးအက္ခရာ T သည် Track ကို ကိုယ်စားပြုသည်။ မိမိနှင့် မိမိ၏ လက်အောက်ဝန်ထမ်းသို့ သဘောတူညီချက်ရယူထားသည့်အတိုင်း ဖြစ်၊ မဖြစ် လမ်းကြောင်း လိုက်ကြည့်ရမည်ဟု ဆိုလိုသည်။ ဝန်ထမ်းနှင့် မိမိအကြား ဖြစ်ပေါ်လာသော ပြဿနာအပေါ် မူတည်၍ သဘောတူညီချက်တစ်ခု ရယူထားပြီး ဖြစ်ရမည်။ ဤကဲ့သို့ သဘောတူညီမှုမျိုးမရှိပါက ရှိအောင်ဖန်တီးပါ။

သဘောတူညီချက်များသည် ပူးပေါင်းဖန်တီးမှုများဖြစ်သည်။ အမိန့်များ၊ စည်းမျဉ်းများမဟုတ်။ သဘောတူညီချက် မဖြစ်မြောက်ပါက နှစ်ဦးနှစ်ဖက်စလုံး အခြေအနေအရပ်ရပ်ကို အပြုသဘောဖြင့် ချပြရမည်။ သဘောတူညီချက်ကို ပြန်လည်ရယူပါ။ ဒါမှမဟုတ် သဘောတူညီချက်အသစ်တစ်ခု ထပ်မံပြုလုပ်ရမည်။ လူအများသည် လူအများအတွက် ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ကြသည်။ သို့သော်လည်း ယင်းတို့ကိုယ်တိုင်ပြုလုပ်ထားသော သဘောတူညီချက်များကိုတော့ လိုက်နာတတ်ကြသည်။ 

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts