မာနကို စကြာဝဠာနဲ့ ယှဉ်ကြည့်ပါ

မာနကို စကြာဝဠာနဲ့ ယှဉ်ကြည့်ပါ

ကြီးကြယ်ခမ်းနားတဲ့ နက္ခတ်တာရာ ပြတိုက်ကြီးထဲမှာ…ထိုင်ခုံတွေကို နောက်လှန်ချရင်း စကြဝဠာကြီးကို ကြည့်ရတဲ့ ပြကွက်တစ်ခု ကျွန်မကြည့်ဖူးပါတယ်…။ အဲ့ဒီပြကွက်ဟာ… ကျွန်မထိုင်နေတဲ့ ခုံလေးကနေ… အဆောက်အအုံကြီးတွေ…၊ လမ်းတွေ…၊ ရပ်ကွက်တွေ…၊ မြို့တွေ…၊ နိုင်ငံတွေ…၊ တိုက်ကြီးတွေ…၊ ပင်လယ်သမုဒ္ဒရာကြီးတွေကို ကျော်လွန်ပြီး… ဟိုး စကြာဝဠာထဲထိ ကျွန်မကို ခေါ်ဆောင်သွားခဲ့ပါတယ်…။ အဲ့ဒီလေဟာနယ်ထဲမှာ… ကျွန်မ တကယ်ကို လွင့်မျောနေခဲ့ပါတယ်။

ကျွန်မရဲ့ အင်အားတွေ အကုန်စုပ်ယူလိုက်သလို ခံစားလိုက်ရတယ်…။ ကြယ်ရောင်တွေ…၊ လရောင်တွေ….၊ တောက်ပတဲ့ အလင်းတန်းတွေနဲ့ ပျံဝဲနေတဲ့ အတုံးအခဲ အရာမျိုးစုံတွေကြားထဲမှာ… ကျွန်မတို့ဟာ… ဘာကောင်မှ မဟုတ်တဲ့ အမှုန်အမွှားလောက်ပဲ ရှိတော့တာကို ခံစားလိုက်ရပြီး…မျက်ရည်တွေ စိမ့်ထွက်လာပါတယ်…။ ကိုယ့်ရဲ့ သေးသိမ်တဲ့အဖြစ်ကို တွေးလိုက်မိတဲ့အခါ… ရှက်ပြီး… ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။

ကျွန်မဟာ… ဘာမှမဟုတ်ဘူး။ စကြာဝဠာကြီးနဲ့ ယှဉ်လိုက်တဲ့အခါ ကျွန်မဆိုတာ ပျောက်ထွက်သွားပါတယ်…။ အဲဒီ ကျွန်မနဲ့အတူ ပျောက်သွားတာက မာနတွေ…၊ အတ္တတွေ…၊ ထောင်လွှားမှုတွေပါပဲ…။ ဒေါသတွေ…၊ လောဘတွေ…အားလုံး ပျောက်သွားပါတယ်…။

ကျွန်မဟာ…ငှက်မွှေးလေးထက်တောင် ပေါ့ပါးသွားပါတယ်။ လွင့်ချင်ရာ လွင့်နေခဲ့ပါတယ်…။ တကယ့်ကို အမှုန်တစ်မှုန်ရဲ့ အပုံတစ်ထောင်ပုံ…တစ်ပုံလောက်သာရှိတဲ့… အမှုန်အမွှားလေးမျှသာပါပဲ…။

ကျွန်မထိုင်နေခဲ့တဲ့ ထိုင်ခုံလေးမမြင်ရတော့ပါ…။ ကျွန်မဆိုတာ မရှိတော့ပါ…။

ဒီနေရာကို ခေါ်သွားပေးတဲ့ ချစ်လင်ကို ကျေးဇူးတင်မိသလို စကြာဝဠာအာကာသထဲ အရှင်လတ်လတ် ဆွဲခေါ်သွားပေးခဲ့တဲ့ ဖန်တီးတည်ဆောက်သူ သိပ္ပံပညာရှင်တွေ၊ နက္ခတ်တာရာ ပညာရှင်တွေကိုလည်း အံ့ချီးမဆုံးတော့ပါဘူး…။

အားလုံးသော ဂြိုလ်‌တွေကြယ်တွေကို လှည့်ပတ်ကြည့်ရှုအပြီးမှာ…ကျွန်မထိုင်ခုံလေးပေါ် ဖုတ်ကနဲ ပြန်ကျလာတဲ့ ခံစားမှုနဲ့အတူ ကျွန်မပြန်ရောက်လာပါတယ်…။ ပျော့ခွေ မောပန်း…နုန်းချိသွားခဲ့ပါတယ်…။ အာကာသထဲ… နစ်ဝင်စီးမျောသွားလိုက်မိတာ…ကျွန်မ… ခဏတာ သေဆုံးသွားခဲ့သလိုပါပဲ…။

တကယ် သေဆုံးသွားတဲ့နေ့ ကျွန်မတို့အားလုံး ထားခဲ့ရမှာတွေဟာ… ဒေါသတွေ…၊ လိုချင်တာတွေ…၊ မနာလိုတာတွေ…၊ အတ္တတွေ…၊ မာနတွေပါပဲ…။ အမုန်းတွေ…၊ အငြိုးတွေ…၊ စွဲလမ်းမှုတွေ…၊ နောင်တတွေပါပဲ…။ အဲ့ဒီစိတ်တွေအားလုံး ကျွန်မတို့ ထားခဲ့ရလိမ့်မယ်…။ ကျွန်မတို့နဲ့အတူ လိုက်ပါလာမှာက အဲ့ဒီစိတ်တွေရဲ့ အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

သေချာစဉ်းစားကြည့်ပါ။ ကျွန်မတို့ဟာ… တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ လူလုပ်နေတတ်ကြပါတယ်…။ ဘဝကို ဒါတွေနဲ့ပဲ ထောင်မတ်ထားကြပါတယ်။ အဲဒါတွေဟာ… အမြဲအကြီးကြီးတွေဖြစ်နေတတ်ကြပါတယ်…။ ငါ့မာနက ပိုကြီးတယ်…၊ ငါ့ဒေါသကမှ ပိုကြီးတယ်…၊ ငါကမှ ပိုသိတယ်…၊ ပိုတော်တယ်…၊ ပိုချမ်းသာတယ်… ဆိုတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ကျွန်မတို့ မနိုင်ဝန်တွေ နှစ်ပေါင်းများစွာ ထမ်းထားမိကြတာကို သတိပြုမိပါရဲ့လား…။

လွှတ်ချလိုက်ပါ…။ မနိုင်တဲ့ဝန်တွေကို ထမ်းမနေပါနဲ့…။ တစ်နေ့ကျရင် ထွက်သွားမဲ့ ဝန်ပိုတွေ မထမ်းခိုင်းပါနဲ့…။

သူ့ဟာသူတောင် ဒုက္ခဆိုတဲ့ ဝန်ထုပ်ကြီး မွေးကတည်းက ထမ်းပိုးထွက်လာခဲ့ရတာ ပင်ပန်းလှပါပြီ…။

စိတ်ဝိညာဉ်တွေ ငြိမ်းချမ်းခြင်းကို ရောက်လာကြပါစေ။ ပေါ့ပါးစွာ နေထိုင်နိုင်ကြပါစေ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts