ရှင်းထုတ်ပစ်ပါ

ရှင်းထုတ်ပစ်ပါ

ကျွန်မတို့ အိမ်မှာ ဘယ်ပစ္စည်းတွေ များသလဲဆိုရင် ဓာတ်ပုံဘောင်၊ ပန်းချီကားဘောင်တွေ အရမ်းများပါတယ်…။ နံရံမှာချိတ်တာ…၊ စားပွဲပေါ်ထောင်တာတွေ လုပ်ကြတာကိုး…။

နောက်တစ်ခါ…ခရီးသွားတိုင်း အမှတ်တရဆိုပြီးဝယ်တဲ့ အိမ်အလှဆင်ပစ္စည်းတွေ…။ ကျွန်မ ကိုယ်တိုင်က Art လုပ်တဲ့သူမို့လို့ အိမ်ထဲမှာတင် စက္ကူဒေါင်းကြီးက နှစ်ကောင်…။

တစ်ကောင်က အတောင်စုတ်ပြီး လွှတ်ပစ်ရမဲ့ စခန်းရောက်နေပေမဲ့ သံယောဇဉ် မပြတ်နိုင်သေးဘဲ ငါပြန်ပြင်ဦးမယ်လို့ ကျွန်မလုပ်နေတုန်းပဲ…။ ပြန်ပြင်ပြီး ပြန်ကောင်းသွားတော့လည်း ဖုန်သုတ်ရမဲ့ ပစ္စည်းတစ်ခုတိုးလာမှာကို မမြင်ဘူးလေ…။

အိမ်ထောင်မကျခင် ကျွန်မအခန်းထဲမှာ TV လေးတစ်လုံး…၊ ကြမ်းပေါ်ခင်းအိပ်တဲ့ အိပ်ရာလေးတစ်ခု…၊ နံရံကပ် စာအုပ်စင်နဲ့ ဗီဒိုကတော့ နံရံကပ်နှစ်လုံးရှိတယ်…။ ရှင်းလင်းပြီးမှန်တင်ခုံတောင်မရှိ…။

ဟော…လင်ယူလိုက်သောအခါ…သူက ကိုယ့်ထက်ဆိုး…။ သူ့ပစ္စည်းတွေပါလာတာ အခုဆို ဗီဒိုထဲမှာ…ကျွန်မအဝတ်ထည့်စရာတောင် နှစ်ကန့်ပဲကျန်တယ်။

အမလေး…သူ့ပစ္စည်းတွေဆိုတော့ စိန်ရွှေရတနာတွေ ထင်နေကြဦးမယ်…။ စီဒီချပ်…၊ စာအုပ်…၊ ဗီဒီယို ကင်မရာ…၊ အသံသွင်း တိတ်ခွေ… (အခုခေတ် ဘယ်သူမှမသုံးကြတော့…) ဂေါက်သီး…၊ တင်းနစ်ဘောလုံး…၊ အဲဒါတွေပါ…။ ကဲ…မီးဖိုထဲမှာဆို အမေစုထားတဲ့ ဘူးတွေ၊ ခွက်တွေ၊ ပလုံးတွေ၊ စက္ကူအိတ်တွေ…ဘာတစ်ခုမှမပစ်ကြနဲ့…။ ထည့်စရာလိုရင် မရှိတော့ဘူး…။ အလွယ်တကူ…ရှာရလွယ်အောင်ထား…ဆိုပြီး အထုပ်လေးတွေလုပ်ထားတာရှိသေးတယ်။

အဖွားလက်ထက်ကတည်းက အင်္ဂလန်… တရုတ်ပြည်…စသည်ဖြင့်…ဘယ်ကပါလာတာ…ဆိုတဲ့…ပန်းကန်ခွက်ယောက်တွေလည်း ရှိသေးတယ်…။ ဧည့်သည်ထမင်းကျွေးဖို့၊ ဘုန်းကြီး‌ ဆွမ်းကပ်ဖို့၊ ပန်းကန် Set လှလှကောင်းကောင်းလေး တစ်စုံလောက်ရှိနေရင်ပဲ ရနေပါပြီ။ ကိုယ်နေ့တိုင်းစားသောက်တော့လည်း ပန်းကန်ဆိုတာ တစ်ချပ် နှစ်ချပ်ထက်ပိုမကုန်ဘူး။ ရှင်ဘုရင်လို စားရင်တော့ တစ်မျိုးပေါ့လေ…။

မောင်လေးက ငါးကန်တွေထားတယ်…။ ငါးမွေးတာပဲ…ငါးကန်တစ်ကန်နဲ့ ငါးလေး၃ကောင်လောက်ဆို တော်ပြီပေါ့…။ ဘယ်ဟုတ်မှာလဲ…ငါးကန်တွေကနေရာတကာ…။

အားတဲ့ရက်ဆို ဒီငါးကန်တွေ ရေလဲရတာကိုက အလုပ်တစ်မျိုး…။ လူတစ်ယောက်ခေါ်ရတယ်…။

ငါးကန်တွေ ရေလဲတော့ ကန်အောက်က စင်လေးပေါ် ထောင်ထားတဲ့ ဓာတ်ပုံဘောင်တွေ ရေစိုမှာစိုးလို့ သိမ်းရ ဆည်းရ… ဪ…ပင်ပန်းလိုက်တဲ့ဘဝ…။

ခုပဲ အပေါ်ထပ်မှာ ခင်းထားတဲ့ ကော်ဇောပေါ် ခွေးက သေးပေါက်သွားတယ်။ မိုးလေးစိုတာနဲ့ အပြင်မထွက်တော့ဘူး…။ တစ်ကောင်ပေါက်ပြီဆို ကျန်တစ်ကောင်ကပါ လိုက်ပေါက်ကြတော့မယ်…။ အဲ့တော့ အနံ့ပျောက်အောင်လုပ်ရ…၊ သုတ်ရနဲ့ ပစ္စည်းနှမျောတော့ အလကားအလုပ်တွေ ပို…ပင်ပန်းရတာပဲ…။

ကျွန်မတို့… နေ့စဉ်နေထိုင်မှု ဘဝတွေဟာ Expand ဖြစ်လာတယ်လို့ဆိုကြတယ်။ Expand ကို… ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ…။ ပြန့်ကား ချဲ့ထွင်လာတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘယ်အရာတွေနဲ့ ပြန်ကားလာသလဲဆိုတော့ ကျွန်မတို့ မကြာခဏ ဝယ်ယူနေမိတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ပါပဲ…။ တကယ်မလိုအပ်ဘဲ ဝယ်ယူစုဆောင်းနေမိတဲ့ ပစ္စည်းတွေလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်…။

စိန်ရွှေငွေ လက်ဝတ်ရတနာ စုဆောင်းတဲ့သူကမှ လက်တစ်ဆုပ်စာ ပမာဏလောက်ပဲ ထိန်းသိမ်းဖို့ ရှိလိမ့်ဦးမယ်။ အိမ်ထောင်ပရိဘောဂ၊ အိမ်အသုံးအဆောင်ပစ္စည်း…၊ အိမ်အလှဆင်ပစ္စည်း ဒါမျိုးတွေ စုဆောင်းမိသူကတော့ ဖုန်သုတ်နေရတာနဲ့တင် မလွယ်ကူဘူး။ ဒါတွေကို ထိန်းသိမ်းနေရတော့ အချိန်ကုန်လူပန်း… ဘဝက သိသိသာသာကိုလေးလံလာတယ်…။

As you grow older, you accumulate all sort of things.

အသက်တွေကြီးလာတယ်။ နှစ်တွေကြာလာတာနဲ့အမျှ စုဆောင်းထားမိတဲ့ ပစ္စည်းတွေကလည်း အများကြီးဖြစ်လာတယ်။

မိတ်ဆွေသူငယ်ချင်း ပိုများလာတယ်။ ပစ္စည်းတွေ ပိုများလာတယ်။ စိတ်ကူးတွေ ပိုများလာတယ်။ ရည်ရွယ်ချက်ပန်းတိုင်တွေ ပိုများလာတယ်။ လိုချင်တာတွေ ပိုများလာတယ်။ မျှော်လင့်ချက်တွေ ပိုများလာတယ်။

အဲဒီ More…More ဆိုတဲ့ ပိုများလာတဲ့အရာတွေကို သတိထားပြီး မကြည့်မိတဲ့အခါ… ကျွန်မတို့ရဲ့ ဘဝဟာ ရှုပ်ထွေးမှုတွေ ဖြစ်လာပါတော့တယ်…။

လူတွေ၊ အရာဝတ္ထုတွေ၊ စိတ်ကူးမျှော်လင့်ချက်တွေ ပိုများလာတယ်ဆိုပေမယ့် ဘယ်အရာဟာ ဘယ်လောက်ထိ အရေးကြီးမှန်း ခွဲခြမ်းစိတ်ဖြာဖို့ကျတော့ ကျွန်မတို့ မေ့လျော့နေတတ်ကြတယ်။

အဲ့လိုမေ့လျော့နေမိတဲ့အတွက်…တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်မတို့ ဆက်ပြီ လိုချင်နေတုန်းပဲ…။ ထပ်ပြီးစုဆောင်းမိနေကြတုန်းပဲ…။

တကယ်သုံးသလားဆိုတော့လည်း မသုံးပါဘူး…။ ပစ်လိုက်သလား… ဆိုတော့လည်း မပစ်ကြပါဘူး…။ ဖုန်တက်ပြီး အပုံလိုက်ဖြစ်နေတယ်…။ အသစ်ဆိုတော့လည်း အဟောင်းတွေကို ဆက်ပြီး သိမ်းထားကြတုန်းပဲ…။ ငြိမ်သက်စွာနဲ့ပဲ… မျက်စိရှေ့မှောက်… နေရာတစ်ခုကိုယူထားကြတဲ့ TV အစုတ်တွေ…၊ ကက်ဆက်အဟောင်းတွေ…၊ လက်ဆွဲ သေတ္တာအပျက်တွေ၊ ဘယ်သူမှ မထိုင်တော့တဲ့ ဆိုဖာဆက်တီကြီးတွေ… အိမ်မှာ ရှိကြတယ် မဟုတ်လား…။

နေရာတကာမလိုဘဲ ပိုလျံနေတဲ့…ပစ္စည်းတွေ ဗီဒိုထဲကစလို့ ဖိနပ်စင်အထိ ရှိနေကြပါတယ်…။

Clarity of Life. ဘဝနေထိုင်မှု ပုံစံတွေရဲ့ ရှင်းလင်းပြတ်သားမှု၊ ကြည်လင်သန့်ရှင်းမှုကို လိုချင်တဲ့အခါ ကျွန်မတို့ဟာ… မလိုအပ်တဲ့အရာတွေ ရှင်းထုတ်ပစ်ရေးကို နေ့စဉ်နဲ့အမျှ Daily Basic အနေနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်တယ်။

အိမ်ကို ဘယ်အခါမှ အကြီးစား ရှင်းထုတ်မှုတွေ လုပ်တတ်ကြသလဲ…။ လူတစ်ယောက် သေဆုံးတဲ့အခါ…၊ အိမ်ပြောင်းတဲ့အခါနဲ့…၊ လူတစ်ယောက်မွေးဖွားလာတဲ့အခါမှသာ… ကျွန်မတို့ရှင်းကြတာများတယ်…။ တကယ်တော့ မကြာခဏ…၊ တတ်နိုင်ရင် နေ့စဉ်နဲ့အမျှကို ရှင်းထုတ်ပေးသင့်တယ်။

အမှိုက်တွေကို နေ့စဉ် မရှင်းလင်းဘဲထားခဲ့ရင် အမှိုက်ပုံကြီးဖြစ်လာမှာပဲ…။ Facebook ထဲမှာ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက် လူဘယ်နှစ်ယောက် ရောက်နေသလဲဆိုတာ အရင်စဉ်းစား ကြည့်ရမယ်…။ ကိုယ်နဲ့ ဘယ်အကြောင်းကြောင့်နဲ့မှ ပတ်သတ်ဆက်နွယ်မှု မရှိတဲ့ လူတွေကို နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ…။ ကိုယ့်ကို ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့ အတုအယောင် မိတ်ဆွေတွေ ဆက်ဆံရေးတွေ ရှိခဲ့တယ်ဆိုရင် ရပ်ပစ်ဖို့ လုပ်ရတော့မယ်။

စိတ်ကူးစိတ်သန်းတွေ အများကြီးရှိတယ်ဆိုပေမယ့် ဘယ်ဟာက လက်တွေ့အကောင်အထည်ဖော်ဖို့ နီးစပ်သလဲဆိုတာကိုပဲ ရွေးချယ်စဉ်းစားကြရတော့မယ်။

Goals ရည်မှန်းချက်ပန်းတိုင်တွေ အများကြီးထားပြီး ဘယ်လိုရောက်အောင် သွားရမလဲဆိုတဲ့ လမ်းကို မသိရင် အသက် ၇၀လောက်သာ ရောက်သွားမယ်…။ ဘာမှန်းကို သိမှာ မဟုတ်ဘူး။

လူ့ဘဝဆိုတာ တိုတိုကလေးမို့ ကျွန်မတို့ဟာ အချိန်ရှိတုန်း၊ ကျန်းမာရေးကောင်းတုန်း ကိုယ့်ဘဝအတွက် တကယ်အရေးကြီးတဲ့ အရာတွေကို ရအောင်ယူသင့်တယ်။ အဲဒီအတွက် မလိုတာတွေကို ရှင်းထုပ်ပေးဖို့ လိုတယ်။

ဒါတောင် အရင်က Art လုပ်ခဲ့တဲ့ ပစ္စည်းတွေ… Studio အောက်ထပ်၊ အပေါ်ထပ်…၊ လေးပုံ သုံးပုံလောက် ကျွန်မ စိတ်ပြတ်စွာ စွန့်ပစ်ခဲ့ပြီးပြီ…။ ပစ္စည်းတွေစုမဲ့အစား ကုသိုလ်တွေစုမယ်…။ အမှတ်တရတွေစုမယ်…။ အသိအဉာဏ် ပညာကိုစုမယ်။ တကယ့် မိတ်ဆွေကောင်းတွေကို စုမယ်…။

ဘဝကို ပေါ့ပါးစွာနေထိုင်သွားမယ်။ ဘဝနေထိုင်မှုပုံစံမှုပုံစံပေါ့ပါးမှ စိတ်လည်းကြည်လင်ပေါ့ပါးသွားမှာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts