ကျေနပ်တယ်

ကျွန်မလည်း သာမန်အမျိုးသမီး တစ်ယောက်နည်းတူ ဝတာကိုမကြိုက်ပါဘူး။ ရှင်းရှင်းပြောရရင် ဝလာတာကို ကျွန်မ မကြိုက်ပါဘူး။ အခု နောက်ပိုင်းမှာတော့ ပြည့်ဖြိုးတာတင် မဟုတ်တော့ဘဲ ဝတုတ်တဲ့အပိုင်းကို ရောက်လာပါတယ်။

ကျွန်မအဖြစ်ကလည်း တစ်နှစ်ကို တစ်ခါလောက်တော့ ကိုယ်အလေးချိန်လျှော့…လျှော့ပေးနေရတတ်ပါတယ်…။ ပြီးရင် တရိပ်ရိပ်နဲ့ စိုးရိမ်ရေမှတ်ကိုရောက်လာပြန်ရော…။ အဲ့ဒီအခါကျ ကျွန်မ မျက်လုံးပြူးပြီး ပြန်လျှော့ရပြန်ရော…။ ပိန်အောင်လည်း ကျွန်မနည်းမျိုးစုံနဲ့ ကြိုးစားနေတာပါပဲ…။ လေ့ကျင့်ခန်း လုပ်တာ… အစားလျှော့စားတာ… ရေများများသောက်တာ… စသည်ဖြင့်ပေါ့…။

ဒါပေမဲ့ ဝိတ်ချိန်တိုင်းမကျတဲ့အခါ စိတ်ညစ်သွားတတ်ပါတယ်…။ အဲဒီအခါ ကျွန်မ ညည်းညူနေမိပြီ…။ ဘာမှလည်း မစားဘဲ ဘာလို့ဝနေရတာလဲ…။ စိတ်ညစ်လိုက်တာ…။ လေ့ကျင့်ခန်းလည်း လုပ်နေတာပဲ…။ အတော် ဝဋ်ကြီးတာပဲ…။ စသည်ဖြင့်ပေါ့…။

ဝိတ်ချိန်တိုင်းမှာ ကျနေတယ်ဆိုရင် စိတ်ချမ်းသာမှာဖြစ်ပါတယ်။ မကျတော့ စိတ်မချမ်းသာပါဘူး…။ အဓိက ကတော့… ဒါမျိုးကိုလိုချင်တာပဲဖြစ်ပါတယ်။

ကျွန်မက စိတ်ထဲမှာ ညစ်နေရင် မနေတတ်ပါဘူး။ ထွက်ပေါက်လိုက်ရှာလေ့ ရှိပါတယ်…။ စိတ်ညစ်တယ်ဆိုပြီး ထိုင်မနေတတ်ဘူး။ ဘာလို့ စိတ်ညစ်နေရတာလဲဆိုတဲ့ အကြောင်းကို လိုက်ရှာ နေတတ်တယ်။

တရားထိုင်တယ်။ သူငယ်ချင်းတွေနဲ့ စကားတွေ ပြောတယ်…။ စာတွေ လိုက်ဖတ်တယ်…။ စကားပြော အစီအစဉ်တွေနားထောင်တယ်။ အဲဒီမှာ Satisfaction ဆိုတဲ့ စာလုံးလေးတစ်ခုကို သွားတွေ့တယ်…။ ကျေနပ်ခြင်း…တဲ့။ ကျေနပ်တယ်ပေါ့…။ ကျေနပ်တယ်…။

ဒါနဲ့ တွေးနေကျ အတွေးကို…ပြောင်းတွေးကြည့်လိုက်ပါတယ်။ မပျော်နိုင်သေးပေမဲ့ ကျေနပ်နိုင်သေးတာပဲလေ…။ Happy မဖြစ်နိုင်သေးပေမဲ့ Satisfied တော့ဖြစ်နိုင်သေးတာပဲလို့ တွေးလိုက်မိပါတယ်…။ ပျော်စရာတွေလည်း ရှိတယ်။ စိတ်ညစ်စရာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒါတွေကြားထဲမှာ ကျေနပ်တယ်ဆိုတဲ့ အခြေအနေတစ်ခုပေါ်လာပါတယ်။

ဥပမာ ပြန်ကောက်ရရင် ဝိတ်လျှော့တဲ့ ကိစ္စဟာ ၃ ရက်နဲ့တော့ ကျမှာမဟုတ်ဘူး။ ၃လဆိုရင်တော့ သိသာလာလိမ့်မယ်…။ ဝိတ်မကျသေးပေမဲ့… ကျသွားအောင် လျှော့နေတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ Junk တွေ လျှောက်မစားဘူး…။ ရေသောက်တယ်…။ Detox လုပ်တယ်။

ဒီလို Lifestyle ပြောင်းလိုက်တယ်ဆိုတာ… ကျေနပ်စရာကောင်းပါတယ်။ ဝိတ်မကျသေးပေမဲ့ ကျအောင် အတတ်နိုင်ဆုံး ပြုမူဆောင်ရွက်လိုက်တာပါ…။

ဝိတ်ချိန်တိုင်း မကျတာကိုသာ အာရုံစိုက်မိနေတော့… ဆက်မတက်တာကိုမမြင်တော့ဘူး…။ စိတ်ချိန်ခွင်လျှာက မပျော်တာနဲ့ ပျော်တာ နှစ်ခုကိုပဲ ပြနေတယ်။ အလယ်လောက်မှာ… ဪ… ဝိတ်ဆက်မတက်တော့ဘူး…။ တော်သေးတာပေါ့…။ ကျေနပ်လိုက်တာ…ဆိုတာမျိုး ဖြစ်မလာတော့ဘူး…။

ကျွန်မ သူငယ်ချင်းဆို အမြဲသတိပေးတယ်။ ဝိတ်လျှော့တဲ့နေရာမှာ Stress မဖြစ်နဲ့နော်…တဲ့…။ Stress ဖြစ်နေတော့ မပျော်တော့ပါဘူး။ လေ့ကျင့်ခန်းလုပ်လည်း မပျော်ဘူး။ တာဝန်ကြီးတစ်ခု ထမ်းရွက်ရသလို ဖြစ်လာပါတယ်…။

ပိုက်ဆံတွေ မစုမိလို့ဆို စိတ်ညစ်တယ်…။ ဒါပေမယ့် ရှိနေသေးတာထဲက ပါမသွားသေးတာကို ကျေနပ်ရကောင်းမှန်း မသိကြဘူး။ ရည်းစားနဲ့ လမ်းခွဲရလို့ အကြီးအကျယ် စိတ်ညစ်တယ်။ မိသားစုကြီးရှိနေသေးတာကို ကျေနပ်ရကောင်းမှန်းမသိကြဘူး…။ အပေါင်းလက္ခဏာကို ကျွန်မတို့က အမြဲ မျှော်လင့်တတ်ကြတယ်။ တစ်ခါတလေကျတော့ လောဘတွေ အရမ်းကြီးနေကြသလိုပဲ…။ ဆန္ဒတွေ စောနေတတ်ကြတယ်။

ဘယ်အရာအတွက် ဖြစ်ဖြစ်… ကျွန်မတို့… ကြိုးစားနေတယ်ဆိုတာ တစ်နေ့နေ့ အကောင်အထည်ပေါ်လာဖို့ပါ…။ ချက်ချင်းမဖြစ်သေးတာတွေအတွက် စိတ်ညစ် စိတ်ပျက်မနေသင့်ပါဘူး…။ စိတ်မပျော်နိုင်သေးပေမဲ့ စိတ်ကျေနပ်မှုကိုတော့ ရနိုင်သေးသားပဲ…။ စိတ်ကျေနပ်မှုကြောင့် စိတ်ကြည်လင်မှုကိုဖြစ်စေတယ်။

သတိထားဖို့တစ်ခုက ကိုယ်မျှော်လင့်ထားတာတွေ… ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတိုင်း… ငါ… လုပ်သမျှ မအောင်မြင်ဘူးဆိုပြီး… ကိုယ့်ကိုကိုယ်အရှုံးသမားကြီးတစ်ယောက်လိုတော့ မဖြစ်သင့်ဘူး…။

အောင်မြင်တဲ့ နေရာမှာ အောင်မြင်မယ်။ ကျရှုံးတဲ့ နေရာမှာ ကျရှုံးမှာပဲ…။ ဒါဟာ ဘဝပဲ…။

You win some, you lose some. That’s life.

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts