hapeye

မရိုးသားခြင်းဟာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပဲ

ရိုးသားခြင်းဆိုတာ …
ပိုကောင်းသောဘဝ၊ ချိုမြိန်သောဘဝ၊ လှပသောဘဝကို တည်ဆောက်ဖို့ ပထမဆုံး အုပ်မြစ်ပဲ ဖြစ်ပါတယ်။
ပိုကောင်းသော အနာဂတ်ကို သွားဖို့လည်း ပထမဆုံး မုတ်ဦးတံခါးပဲ ဖြစ်ပါတယ်။ ရှည်သောတစ်သက်တာ အတွက် ကြီးမားသော သက်စောင့်ဓာတ် ခွန်အားလည်း ဖြစ်ပါတယ်။

လူအတွက် အောက်ခြေဘဝမှာ ရိုးသားခြင်းဟာ အရင်းအနှီးဖြစ်ပြီး အထက်မှာ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။
ဥပဒေဟာ လူတိုင်းအတွက် ရပ်တည်ပေးရင် ရိုးသားဖို့ မခက်ပါဘူး။ နိုင်ငံတော်ဟာ လူတိုင်းကို ဂုဏ်သိက္ခာလက်မှတ် ထုတ်ပေးရင် ရိုးသားခြင်းဟာ မခက်ပါဘူး။ ရိုးသားခြင်းဟာ ဘုရားပေးတာ မဟုတ်ပါဘူး။ ရိုးသားခြင်းဟာ မြတ်နိုးအပ်သော စကားဖြစ်တယ်။

သင့်ဘေးက သူခိုးက သူတော်ကောင်း ယောင်ဆောင်နေမယ်။ သင့်ဘေးက ဓားမြဟာ ဘုရားဒါယကာ ယောင်ဆောင်နေမယ်။ သင့်ဘေးက ပြည့်တန်ဆာဟာ အမျိုးသမီးကောင်း ယောင်ဆောင်နေမယ် ဆိုရင် မခက်ပေဘူးလား။

ရိုးသားခြင်းမရှိတဲ့ ပတ်ဝန်းကျင်၊ ရိုးသားခြင်းတည်ဆောက် မပေးတဲ့ ပတ်ဝန်းကျင်၊ ကိုယ်က အရင်ဆုံး ဟန်ဆောင်ဖို့ ကြိုးစားနေတယ့် ပတ်ဝန်းကျင်မှာ ဘယ်လို ခရီးဆက်ကြမလဲ။

အိပ်ကပ်ထဲမှ တစ်ပြားမှ မရှိတော့တဲ့ အခြေအနေမှာ ချမ်းသာယောင် ဟန်ဆောင်နေတယ်။ ဦးနှောက်ထဲ ဘာအတွေးအကြံမှ မရှိတဲ့ အခြေအနေမှာ ပညာရှိသဖွယ် ဟန်ဆောင်တယ်။ နှလုံးသားထဲမှာ ဘာတရားမှ မရှိသေးတဲ့ အခြေအနေမှာ တရားပေါက်နေသူလို ဟန်ဆောင်တယ်။

မရှိခြင်းကို လက်ခံပေးကြရအောင်၊ မသိခြင်းကို ကောင်းချီးပေးလိုက် ကြရအောင်၊ လူသားဆန်စွာ ဒေါသထွက်နေတာကို လက်ခံပေးလိုက် ကြရအောင်။ကျွန်တော်တို့ရော၊ အခြားရော လိုချင်နေတာက ရိုးသားခြင်းဘဲ။ ရိုးသားခြင်း လိုချင်နေပါလျက် ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး ဝေါဟာရ မှိုင်းတွေနဲ့ တစ်ဖက်သားကို ဟန်ဆောင်လူဖြစ်အောင် မြှောက်ပင့်ပေးနေမိတယ်။

တစ်ဖက်သားကို မရိုးသားသော လူဖြစ်အောင် တံဆိပ်ကပ်ပေးပြီး သာယာစေအောင် လုပ်နေကြတယ်။
ရိုးသားခြင်းဟာ အကောင်းဆုံးဝါဒလို့ ရှေးစကားရှိတယ်။
ကျွန်တော်မတတ်တာကို မတတ်ဘူးလို့ ထုတ်ဖော်ပြောသူကို ကောင်းချီးပေးနိုင်ရမယ်။ ကျွန်တော် မပြောရဲဘူးလို့ ဝန်ခံသူကို မင်းအလကားကောင်ဘဲ ၊ သတ္တိမရှိတဲ့ကောင် ပဲဟူ၍ မာန်မဲ ပြောဆို၍ သူ့ရဲ့ရိုးသားခြင်း အညွန့်အညှောက်ကို မချိူးပစ်ရဘူး။
ကျွန်တော် စာကျက်လို့ မရဘူးဗျလို့ ရိုးသားစွာဖော်ပြတာကို ‘မင်း ငတုံးပဲ’ ဟု ပြောဆို၍ သူ့ရဲ့မှတ်ဉာဏ် အားနည်းမှုကို ပြစ်မှုတစ်ခုလို ပြောဆိုမနေသင့်ဘူး။

လူတွေက ဘာ့ကြောင့် မရိုးသားတာလဲ?
နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ အဓိက ပတ်ဝန်းကျင်က သင်ကြားမှုပုံစံ လွဲမှားနေခြင်းပဲ ဖြစ်ပါတယ်။
ငတုံးအဖြစ်ကို ပတ်ဝန်းကျင်က လက်မခံတော့ ပညာရှိယောင်ဆောင် လိုက်တယ်။ နောက်ဆက်တွဲရလဒ်က ဟန်ဆောင်သူနဲ့ သူ့ပတ်ဝန်းကျင် ရေတိမ်နစ်တော့တာဘဲ။

ပြည့်တန်ဆာ အဖြစ်ကို လက်မခံတော့ အမျိုးကောင်းသမီးအဖြစ် ဟန်ဆောင်လိုက်တယ်။ နောက်ဆက်တွဲ ပြဿနာက သူနှင့် သူ့ပတ်ဝန်းကျင် ငါးပါးမှောက်တော့တာပဲ။
မရိုးသားသော ပတ်ဝန်းကျင်က ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ မရိုးသားသော လူဟာ ဘယ်လိုမှ ကောင်းသောဘဝကို ရရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပိုကောင်းသော ကမ္ဘာအတွက် လိုအပ်တာတွေ များစွာရှိတယ်။ ရုပ်ဝတ္ထုများစွာ၊ ပိုင်ဆိုင်မှုများစွာ ဒီမှာရိုးသားခြင်းဟာ မေ့လျော့ခံနေရတယ်။

စစ်သားက စစ်မတိုက်ချင်ဘူးလို့ ရိုးသားစွာ ပြောလာတာကို အလကားသွေးကြောင်တဲ့ ကောင်လို့ ပြောပြီး သူ့ရဲ့ လူသားဆန်စွာ ရိုးသားမှုကို မလှောင်ပြောင်သင့်ဘူး။ လိင်တူခြင်း စိတ်ဝင်စားတာ၊ လိင်ပြောင်းလိုတာ၊ မည်သည့်စိတ်ခံစားချက် ဖြစ်ပါစေ၊ သူ့ပင်ကို နှလုံးသားမှ ထွက်လာတဲ့ ခံစားချက်တွေကို ဖော်ထုတ်တင်ပြတာကို လက်ခံပေးရမယ်။ ဒါက ရိုးသားခြင်းအတွက် လမ်းစပျိုးခြင်း ဖြစ်ပါတယ်။

ရိုးသားသော ကမ္ဘာဟာ ဘယ်လောက်ကောင်းမလဲ?
ရိုးသားခြင်း ဆိုတာ ကျေနပ်စရာ ကောင်းသော လူ့လောကအတွက် မရှိမဖြစ်တရား ဖြစ်ပါတယ်။

မအောင်မြင်သူမှ
ကြောက်တာ မဟုတ်ပါဘူး
အောင်မြင်သူလည်း ကြောက်တာပါပဲ။
ဒါပေမဲ့
အောင်မြင်သူတွေက
မဖြစ် ဖြစ်အောင် ဆက်လုပ်ကြတယ်။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts