“ ‘အိပ်မပျော်တဲ့ညတစ်ည သံသရာလည်’ ဆိုသလိုပဲ အိပ်မပျော်တဲ့ညတွေ များလာတဲ့အခါ အလုပ်မှာ အာရုံစူးစိုက်မှုတွေ လျော့နည်းလာပြီး အမှားအယွင်းတွေများလာတက်ပါတယ်။ ဒါ့အပြင် အိပ်ရာထဲမှာ လူးလှိမ့်နေရတဲ့အတွက်လည်း ဒုက္ခဝေဒနာတွေကို ခံစားရသလို ဖြစ်လာပါတယ်။ အိပ်ရေးပျက်သူတွေအတွက် အိပ်မပျော်တဲ့ညတွေ သံသရာမလည်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြပေးလိုက််ပါတယ်။”
ရှောင်ရန်
နှိုးစက်ပိတ်ပြီး ဆက်မအိပ်ပါနဲ့
အိပ်ရေးမဝတဲ့အတွက် ၁၀ မိနစ်လောက်ထပ်အိပ်ဦးမယ်ဆိုပြီး အိပ်ရာထဲမှာ နှပ်နေတာက မှားယွင်းပါတယ်။ ၁၀ မိနစ်လောက်တော့ စွမ်းအင်ပြည့်ပြည့်ဝဝရမှာ မဟုတ်ပါဘူး။အနည်းဆုံး တစ်နာရီလောက်ထပ်အိပ်မှသာ စွမ်းအင်ရရှိမှာဖြစ်ပါတယ်။ အချိန်ပိုအိပ်လိုက်တဲ့အတွက် မနက်လုပ်စရာရှိတဲ့အလုပ်တွေ မပြီးမြောက်တော့ဘဲ
စိတ်ဖိစီးမှု ပိုများသွားနိုင်ပါတယ်။
ခွင့်ယူပြီးအိပ်လိုက်မယ်လို့မစဉ်းစားပါနဲ့
အိပ်ရေးမဝလို့ ဆိုပြီး မနက်တစ်ပိုင်း နေ့တစ်ဝက်ခွင့်ယူကာ နေ့လယ်အထိ ဆက်အိပ်လိုက်မယ်လို့ စိတ်ကူးနေရင်လည်း မှားပါတယ်။ ခန္ဓာကိုယ်မှာ ဇီဝနရီ ရှိပါတယ်။ နေ့စဉ်နေ့တိုင်းအတွက် တူညီတဲ့ အိပ်ချိန်
ထချိန်ရှိပါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ။
အရက်မသောက်ပါနဲ့
အရက်သောက်တာက ငိုက်မျဉ်းစေနိုင်ပေ့မယ့် အိပ်ပျော်ပြီး ခဏအကြာမှာ ခန္ဓာကိုယ်က အရက်ကို ချေဖျတ်ရတာကြောင့် ပြန်လည်နိုးထလာနိုင်ပါတယ်။ အရက်သောက်ပြီး အိပ်တာက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်မှုမရရှိနိုင်ပါဘူး။
ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် ဆိုးဝါးတယ်လို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ သင်ကဆေးလိပ်
စွဲနေသူဖြစ်ပြီး အိပ်ရေးဝချင်ရင်တော့ အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ပါ။ ဆေးလိပ်ဟာ ကဖင်းလိုမျိုးပဲ စိတ်ကြွစေနိုင်တာကြောင့် အိပ်ပျော်ဖို့ ခဲရင်းတက်ပါတယ်။
အင်တာနက်မကြည့်ပါနဲ့
နေဝင်သွားပြီးနောက်ပိုင်း အလင်းရောင်အများကြီးနဲ့ ထိတွေ့မှုရှိတာက အိပ်စက်မှုကို အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်ကိုင်ဖုန်း၊ ကွန်ပျူတာနဲ့ တက်ဘလက်က လာတဲ့ အလင်းတွေက ပိုဆိုးပါတယ်။ သင့်အိပ်ခန်းက မှောင်နေပြီး ဆိတ်ငြိမ်မှုရှိနေရပါမယ်။
ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေ မပြုလုပ်ပါနဲ့
အိပ်ရေးမဝတဲ့ အတွက်သင့်ရဲ့ ဆုံးဖြတ်ချက်တွေက မှားယွင်းနိုင်ပါတယ်။ ဦးနှောက်အလွန်အကျွံလုပ်နေရတဲ့အတွက် အခြေခံကျတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားဖို့မေ့နေနိုင်ပါတယ်။
အိပ်ရေးဝမှသာ ဦးနှောက်ကြည်လင်စွာနဲ့ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချနိုင်မှာပါ။
ဆောင်ရန်
နေရောင်ခြည်ခံယူပါ
နေရောင်ခြည်နဲ့ထိတွေ့တာက ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ အိပ်ရေးမဝလို့ ချို့ယွင်းသွားတဲ့ စိတ်ခံစားချက်နဲ့ ဦးနှောက်ကိုပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်။ အိပ်ရေးပျက်ထားလို့ နောက်တစ်နေ့မှာ ပိုမိုအိပ်ရေးဝချင်ရင် အိပ်ရာကထပြီး နေရောင်ခြည်ခံယူလိုက်ပါ။ အလုပ်ထဲရောက်နေခဲ့ရင်လည်း နေ့လည်စာစားချိန်မှာ အပြင်ခဏထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ။
ကဖင်းဓာတ်အနည်းငယ်ရယူပါ
အိပ်ရေးမဝလို့ မနက်သောက် ရမယ့်ကော်ဖီကို မသောက်ပဲ ထားခဲ့ရင် သင့်အနေနဲ့ ပိုပြီးငြီးစီစီဖြစ်နေပါလိမ့်မယ်။
ခေါင်းကိုက်တာ၊ ဒေါသထွက်လွယ်တာတွေ လည်းဖြစ်နိုင်ပါတယ်။ ကော်ဖီအနည်းငယ်သောက်ထားမှသာလျှင် သင့်ကို လန်းဆန်းတက်ကြွစေပါလိမ့်မယ်။ ကော်ဖီဟာ သွေးထဲမှာ အချိန်ကြာမြင့်စွာ တည်ရှိနိုင်တာမို့ ကော်ဖီအများကြီးတော့ မသောက်သင့်ပါဘူး။
လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရာဝင်ခါနီးမှာမှာတော့
လေ့ကျင့်ခန်းမပြုလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ရင် ခန္ဓာကိုယ်က ကော်တီစောဟော်မုန်းတွေ ထွက်ရှိလာအောင် လှုံဆော်လိုက်ပြီး ဒီဟော်မုန်းက တက်ကြွမှုကို ဖြစ်နိုင်လို့ပါ။အိပ်ရဦမဝင်ခင် သုံးနာရီအတွင်း
လေ့ကျင့်ခန်းမပြုလုပ်သင့်ပါ။
တစ်မှေးအိပ်ပါ
နေ့ခင်း မိနစ် ၂၀ လောက်အိပ်တာက သင့်ရဲ့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်နိုင်ပြီး ဖန်တီးနိုင်စွမ်းတွေ ပိုမိုရရှိနိုင်ပါတယ်။ တစ်နာရီကျော်ကြာအောင် တစ်မှေးအိပ်တာကတော့ သင့်ကိုငြီးစီစီပိုဖြစ်သွားနိုင်ပါတယ်။
တစ်မှေးအိပ်ချိန်က ညအိပ်ချိန်နဲ့ မနီးကပ်ဖို့တော့ လိုအပ်ပါတယ်။
ပေါ့ပေါ့ပါးပါး အစားအစာ စားပါ
အရင်ညက အိပ်ရေးမဝတာကြောင့် မြန်မြန်အိပ်ပျော်လိုဇောနဲ့ အဆီများတဲ့ အစားအစာတွေ၊ ဘာဂါတွေစားမိနေပါသလား။ အိပ်ရာမဝင်ခင် နာရီအနည်းငယ် အလိုမှာ အစာအနည်းငယ်သာ စားရပါမယ်။
အဆီများတဲ့အစာတွေက အိပ်စက်မှုကို အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဗိုက်ဆာလွန်းရင် နွားနို့ ဒါမှမဟုတ်
ဒိန်ချဉ်သောက်ပေးပါ။
ရေဓာတ်ပြည့်ဝပါစေ
ရေကိုလုံလုံလောက်လောက် သောက်ထားပါမှ ရေငတ်တဲ့အတွက် အိပ်ရာကတစ်ရေးနိုးထလာတာတွေ မဖြစ်နိုင်တော့ပါဘူး။ ရေသောက်များလွန်းရင်လည်း ဆီးသွားချင်တာကြောင့် အိပ်ရာကနေ တစ်ရေးနိုးထလာ
နိုင်ပါတယ်။ အိပ်ရာဝင်ခါနီး အရက်နဲ့ ကဖင်းသောက်တာကိုတော့ ရှောင်ကြည်သင့်ပါတယ်။
အိပ်ခန်းကိုအေးနေအောင်ထားပါ
သင့်အိပ်ခန်းကို အမှောင်ချပြီး ငြိမ်သက်အောင်ထားရမှာဖြစ်သလို အခန်းအပူချိန်ကိုလည်း ၂၅ ဒီဂရီစင်တီဂရိတ်
လောက်ထားနိုင်ပါမှ မြန်မြန်အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးနမှာ အငြင်းအခုန်ဖြစ်ရမယ့်စကားတွေ
ပြောမိဖို့လိုအပ်သလို တောက်ပတဲ့အလင်းရောင်တွေနဲ့ မထိတွေ့ဖို့လည်း လိုအပ်ပါတယ်။
မယ်လတိုနင် မှီဝဲပါ
ခန္ဓာကိုယ်က သဘာဝအတိုင်း မယ်လတိုနင်(Melatonin) ကိုထုတ်လုပ်ပေးပြီးများသောအားဖြင့် လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် အိပ်ရေးမဝတဲ့ညတွေများလွန်းရင် အိပ်ရာမဝင်ခင် မယ်လတိုနင်ဆေးပြားကို မှီဝဲနိုင်ပါတယ်။ ဒီဆေးကတော့ သင့်ကိုအိပ်ငိုက်စေတာ မဟုတ်ပါဘူး။ စိတ်အေးချမ်းမှုရရှိစေတဲ့အတွက် အိပ်ပျော်
သွားနိုင်တာပါ။ ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီဆေးဝါးကို မမှီဝဲသင့်ပါဘူး။ အတက်ရောဂါရှိသူ၊ Autoimmune ရောဂါရှိသူတွေနဲ့ စိတ်ကျဝေဒနာရှိသူတွေကလည်း ဒီဆေးကို မမှီဝဲသင့်
ပါဘူး။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါရှိနေရင်တော့ ဒီဆေးမမှီဝဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။