မဖြစ်နိုင်ဘူးထင်သလား

မဖြစ်နိုင်ဘူးထင်သလား (Part 1)

တက်ချင်တဲ့ လူအတွက် ‘တက်လမ်း’ ဆိုတာ ရှိစမြဲဖြစ်တယ်။

ဘယ်ကိုတက်မလဲ။ သစ်ပင်ထိပ်ဖျားလား၊ တိုက်ခေါင်မိုးလား၊ ဟိုးကောင်းကင်ထက်လား။ တကယ် ဆန္ဒပြင်းပြလာပြီဆိုရင် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းပင် မိုးကောင်းကင်တိမ်ယံကြား တက်သွားနိုင်ပါတယ်။

အလကားအခြောက်တိုက် လျှောက်ပြောနေသည်ထင်ပါသလား။ မယုံမရှိနဲ့။

တကယ် တက်သွားဖူးသူ ရှိပါတယ်။ သူ့နာမည်က လယ်ရီဝေါ်လတား(စ)။ ဝေါ်လတား(စ)သည် ထရပ်ကား မောင်းသမား တစ်ယောက်ဖြစ်သည်။ အဲသည်တုန်းက သူ့အသက် ၃၃နှစ်။ အားလပ်သည့် အချိန်တိုင်း အိမ်နောက်ဖေးကွက်လပ်တွင် ပက်လက်ကုလားထိုင်တစ်လုံးနဲ့ ထိုင်ကာ လေမှာ ပျံဝဲလိုက်ရရင် သိပ်ကောင်းမှာဟု တွေးသည်။ စင်စစ် သူက လူမှန်းသိစ အရွယ်ကတည်းကပင် ကောင်းကင်မှာ သိပ်ပျံချင်လှသူ ဖြစ်သည်။ ဟိုးအထက်ကြီး တက်သွား၊ အမြင့်ကြီးကနေ ဟိုးအဝေးကြီးလှမ်းကြည့်၊ သိပ်အရသာရှိမှာ၊ အဲသည်လို သူတွေးလေ့ရှိသည်။ သို့သော် စိတ်ကူးသာ ယဉ်နေရသည်။ လက်တွေ့လုပ်ဖြစ်ဖို့ လမ်းစ ရှာမရ။

အကယ်၍ လေယာဉ်နှင့် ပျံဝဲမည်ဆိုပါဆို့၊ လေယာဉ်ပိုင်းလော့ဖြစ်ဖို့ သူ့မှာ ပညာအခြေခံမရှိ။ သင်တန်းတက်ဖို့ ငွေမရှိ၊ အချိန်မရှိ၊ အခွင့်အရေးမရှိ။ ဟန်းဂလိုက်ဒါ (hang glider) ကျတော့လည်း အန္တရာယ်ကြီးလွန်းသည်။ ဒီဟာတွေ စီး၍ကောင်းသည့် နေရာကလည်း အဝေးကြီးမှာ။ ဒါကြောင့် သူ့ခမြာ နွေနေ့လည်ခင်းများစွာကို နောက်ဖေးကွက်လပ်မှာ ကုလားထိုင်တစ်လုံးနဲ့ ထိုင်ရင်းသာ ကုန်လွန်စေရသည်။ သူ့ကုလားထိုင်က ပန်းခြံထဲ နောက်ဖေး ကွက်လပ်များထဲမှာ သူသူငါငါ ချထားတတ်သည့် အလျူမီနီယံ ဘောင်တပ်ကြိုးထိုးကုလားထိုင်ဟောင်းကြီး တစ်လုံးဖြစ်သည်။

အဲသည်လိုနေရင်းက တစ်နေ့မှာတော့ သတင်းစာတွေ၊ တီဗီတွေထဲမှာ လယ်ရီဝေါ်လတား(စ) အကြောင်း ရုတ်တရက်ကြီး ပါလာသည်။ လော့အိန်ဂျလိ(စ)မြို့ကြီး အထက်က ကောင်းကင်ပြင်မှာ လယ်ရီကြီး ရောက်နေတယ်။ တကယ် လေမှာ ပျံနေပြီ။ တကယ့်ကို ဟိုးအထက်ကြီးမှာ။ သူ့အလျူမီနီယံ ပက်လက်ကုလားထိုင်ဟောင်းကြီးမှာပင် ထိုင်လျက်။ သို့သော် ဒီကုလားထိုင်ကြီးကို မချီထားသည်က ဟီလီယံဓာတ်ငွေ့ဖြည့်ထားသည့် မိုးလေဝသ ပူဖောင်းအကြီးစား ၄၅ လုံး

သူ့ကျောမှာ လေထီးတစ်ခု ပိုးထားသည်။ သူနဲ့ တူတူ အသံလွှင့်အသံဖမ်း(စီဘီ) ရေဒီယိုတစ်လုံးဘီယာ ခြောက်ဘူးအသားညှပ်ပေါင်မုန့် အချို့အပြင် အောက်ဘက် ပြန်ဆင်းချင်သည့် အချိန်၌ ပူဖောင်းအချို့ကို ပစ်ဖောက်ရန် လေသေနတ်တစ်လက်ပါသည်။

လယ်ရီ လေထဲ တက်သွားသည်က ပေတစ်ရာ နှစ်ရာ မဟုတ်၊ အမြင့်ပေ သောင်းတစ်ထောင်အထိ ဖြစ်သည်။ လော့စ်အိန်ဂျလိ(စ) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များ၏ ချဉ်းကပ်လမ်းကြောင်းထဲသို့ပင် သူရောက်သွားသည်။

လယ်ရီက စကားများများပြောလေ့ရှိသူတစ်ဦးမဟုတ်။ စာနယ်ဇင်းတွေက သူဘာကြောင့် ပူစီဖောင်းနဲ့ ကောင်းကင်ပေါ် တက်ရသလဲ မေးသည့်အခါ “ဒီအတိုင်းချည်း ငုတ်တုတ်ထိုင်မနေနိုင်ဘူးလေဗျာ” ဟု ဖြေသည်။ အပေါ်ရောက်တဲ့အခါ မကြောက်ဘူးလားဆိုတော့ “ကြောက်တာပေါ့ဗျာ”တဲ့။ နောက်တစ်ခါ တက်ဦးမလား မေးတဲ့အခါ “ဟင့်အင်း” ဟု ဆိုသည်။ ဒါပေမယ့် အခုလိုလုပ်လိုက်ရတော့ ခင်ဗျားတော်တော် ကျေနပ်သွားလား မေးသည့်အခါ သူက နှုတ်ခမ်းထောင့်စွန်းတွေ နားရွက်ချိတ်မတတ် အားရပါးရကြီး ပြုံးကာ “အရမ်း ကျေနပ်တာပေါ့ဗျာ” ဟူ၍ ဆိုလေသည်။

ဆက်လက်ဖတ်ရှုရန် >> မဖြစ်နိုင်ဘူးထင်သလား (Part 2 – The End)

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts