စွန့်စားခြင်း

သာယာလှသော နွေဦးပေါက်ရာသီ ဖြစ်သည်။

မြေဆီဩဇာ ပြည့်ဝသည့် ခြံဝင်းတစ်ခုထဲမှာ သစ်စေ့ နှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေသည်။

ပထမသစ်စေ့က ပြောတယ်။

ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့ အမြစ်တွေ အောက်ဘက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့ အစို့အညှောင့်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးက ပွင့်အာလာတဲ့ အချပ်အလွှာတွေနဲ့ အောင်လံထူပြီး နွေဦးကို ကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည်ကျရောက်တာ ငါ ခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်း နှင်းပွင့်ကလေးတွေ ငါ့ပွင့်လွှာချပ်တွေပေါ် ဖျန်းပက်တာလဲ ငါ ခံစားချင်တယ်

သည်လိုဖြင့် သူ ကြီးထွားရှင်သန်သွားခဲ့တယ်။

ဒုတိယသစ်စေ့က ဒီလို ပြောတယ်။

အပင်ပေါက်ရမှာ ငါကြောက်တယ်၊ အမြစ်တွေ မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်တိုးရမလဲ ငါ မသိဘူး၊ အပေါ်က မြေမာကို ဖောက်ထွက်တော့လဲ နူးညံ့တဲ့ ငါ့ အစို့အညှောင့်လေးတွေ ပဲ့ရွဲ့ပျက်စီးမှာ စိုးရတယ်၊ . . . အဖူးအငုံလေးတွေ ပွင့်အာစမှာ ပက်ကျိစားသွားရင်ကော၊ ပန်းကလေးတွေ ပွင့်လာတော့မှ ကလေးတစ်ယောက် ကောက်နုတ်သွားရင်ကော ဘယ်နှယ့်လုပ်မလဲ၊ မဖြစ်ဘူး၊ စိတ်ချရတဲ့ အထိ စောင့်မှ ကောင်းမယ်

သို့နှင့် သူစောင့်နေခဲ့တယ်။

တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာ ရှာဖွေတဲ့ ကြက်မတစ်ကောင် ဟိုဟိုသည်သည် ယက်ရင်း စိတ်ချရသော အချိန်ကိုစောင့်မျှော်နေသည့် သစ်စေ့ကို တွေ့ကာ ဆတ်ခနဲ ကောက်စားပစ်လိုက်လေသည်။

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts