ဘုန်းကြီးကျောင်းအနီးက ဖားသူငယ်

တစ်ချိန်တုန်းက ဖားငယ်လေးတစ်ကာင်ဟာ ဘုန်းတော်ကြီးကျောင်းနှင့်မနီး မဝေးမှာနေပြီး ဘုန်ကြီးတွေ ဆွမ်းခံကြွပြီးပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေး တစ်ခုဝင်လာတယ် …

အင်း … ငါသာ ဘုန်းကြီး ဖြစ်ရင်သိပ်ကောင်းမှာပဲ…အလုပ်ဆိုလို့ ထွေထွေထူးထူး လုပ်စရာမလိုပဲ မိုးလင်း လမ်းလျှောက်ထွက်ရုံမျှနဲ့ တစ်ဝမ်းစာကို ပူပင်စရာမလိုပဲ နေကြရတာကို တွေးပြီး အားကျနေမိတယ် …။

ဆွမ်းဘုန်းပေးအပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်းပြန်တယ်။ ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲ အချိန်လျှင်ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေမိပြန်တယ် …။

ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာမြင်တော့လည်း ရှေ့နည်းတူကိုရွှေဖားက ခုံတစ်လုံးမှသိမ်းစရာမလို ပန်းကန်တစ်လုံးမှ ဆေးစရာမလိုပဲ စားနေရတဲ့ခွေးတွေကို အားကျမိပြန်တယ် …။

ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကိုလာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့အဖြစ်ကို အားကျနေပြန်တယ် …။

ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တစ်ကောင် ဖားနားသို့ ပျံ၍ဖြတ်သန်းမိရာ ဖားတို့ရဲ့ သဘာဝအတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီးစားမိကာမှ ကိုရွှေဖားလည်း အသိတရား ဝင်လာတယ် …။ သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ်၊ သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ၊ သူ့ ဒုက္ခနဲ့သူ သူကိုအားကျနေသမျှ ငါလည်း အစာဝမည်မဟုတ် …။

လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက်သာသူတွေကို အားကျမိတတ်ကြတယ်။ အဲသလို အားကျမှုတွေကြောင့်လည်း လုပ်သမျှ မအောင်မြင်ပဲ ဆုံးရူံးတတ်ကြတယ် …။

လူတစ်ဦးတစ်ယောက်စီမှာ အားကျစရာတွေရှိသလို စိတ်ပျက်စရာတွေကလည်း ကိုယ်စီနဲ့ပါ။ သူတစ်ပါးအားကျ၍ ကိုယ်ဝမ်းဝမည် မဟုတ်သလို.. ကိုယ်လုပ်မှကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခအခက်ခဲကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တစ်ပြိုင်တည်း မြဲမြဲလျှောက်နိုင်မှသာလျှင် ကိုယ့်ဘဝက သာယာနိုင်မှာပါလေ ။

-စိတ်ခွန်အားပြည့် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။

Related Posts