ကဗျာဆရာကြီး ရူမီ ပြောသည့် ဘဝနေနည်း

ပါရှားလူမျိုး ဂန္ဒဝင်ဒဿနဆရာ ကဗျာဆရာကြီး ရူမီ ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာသာ မကပဲ မျက်မှောက်ခေတ်အထိကိုပါ သူ့ရဲ့ ပြောင်မြောက်လှတဲ့ စာပေအနုပညာနဲ့ အသိဉာဏ်ပညာအလင်းကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ ယခုအချိန်ထိ အမေရိကန်ပြည်မှာ စာအုပ်အရောင်းရဆုံးနဲ့ အကျော်ကြားဆုံး ကဗျာဆရာ စာရင်းဝင်အဖြစ် ရှိနေဆဲ။ ရူမီဟာ လူ့လောကကြီးနဲ့ ပတ်သက်လို့ ဘဝနေနည်းတွေနဲ့ ပတ်သက်လို့ လေ့လာသင်ယူ မှတ်သားဖွယ်ရာ ဆန်းကြယ်တဲ့အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ရူမီရဲ့ အကျော်ကြားဆုံး ဘဝဒဿနအဆီအနှစ်တွေပဲ ဖြစ်ပါတယ်။
မတူရာတွေစုကြတဲ့ လောကဖြစ်တာနဲ့အညီ ဆရာကြီးနဲ့ အမြင်တူသူရှိသလို အမြင်မတူသူတွေလဲ ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့ ကြီးကျယ်သော ပညာဉာဏ်စီးဆင်းမှုကနေ အလိုရှိသလို ယူငင်သုံးစွဲကြပြီး ကျွန်တော်တို့ရဲ့ ဘဝတွေအတွက် အပြောင်းအလဲတစုံတရာ ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။

သင့်နှလုံးသားရဲ့ ဆန်းကြယ်သော ခေါ်ဆောင်ရာနောက်သို့ အသာတကြည်ကလေး စီးမျောလို့ လိုက်ပါကြည့်ပါ။ သင်နှစ်သက်မြတ်နိုးသော ထိုအရာသည် သင့်အား ဆိုးသောအကျိုးကို ပေးလိမ့်မည်မဟုတ်။

၁။ ကြမ်းတမ်းခက်ထန်သော လောကဓံရဲ့ ရိုက်ခတ်မှုပေါင်းများစွာဆီမှ ရှောင်ခွာမပြေးပါနဲ့၊ သူတို့ဟာ အကောင်းဆုံးဆရာတွေပါ။ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အမှောင်ထဲကသင့်ကို အလင်းပြပေးတဲ့ အရာတွေ ဖြစ်ပါတယ်။ လမင်းစန္ဒာဟာ ညရဲ့မှောင်မိုက်မှုကို ကြောက်ရွံ့ခြင်း ကင်းတဲ့အတွက်ကြောင့်သာ တောက်ပသောအလင်းကို ဖြန့်ကျန့်ခွင့်ရပါတယ်။

၂။ သင့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အရာကိုမှ လွယ်လင့်တကူ မခံစားပါနဲ့။ ပွတ်တိုက်မှုတိုင်းကိုသာ ခံစားဒေါသထွက်နေခဲ့ရင် သင်ဘယ်သောအခါမှ တောက်ပြောင်လာလိမ့်မည် မဟုတ်။ ပူဆွေး ဝမ်းနည်းမနေပါနဲ့ ၊ သင်လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အရာတိုင်းဟာ တခြားပုံစံမျိုးစုံနဲ့ သင့်ထံရောက်လာဦးမှာပါ။

၃။ဘယ်အရာမဆို ဖြစ်နိုင်တယ်၊ ဒါဆို ဘာလို့သေးနုပ်တဲ့ ကိစ္စတွေအတွက် အချိန်ကုန်ခံနေတော့မလဲ။ အချုပ်အနှောင်တွေက ရုန်းထွက်၊ လွတ်လပ်ခြင်းကိုဖွေရှာ၊ ကောင်းကင်ကြီးသာ ဖြစ်လိုက်စမ်းပါ။

၄။ မိမိကိုယ်ကို ပြောင်းလဲဖို့သာ အာရုံစိုက်လိုက်ပါ၊ ဒါဆိုရင် လောကကြီးတစ်ခုလုံးကို ခြားနားသောအမြင်တွေနဲ့ မြင်တတ်လာပါလိမ့်မယ်။ မနေ့က ကျွန်တော်သည် တော်၏။ ထို့ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန် ကြိုးစားခဲ့၏။ ယနေ့ ကျွန်တော်သည်လည်း အသိဉာဏ်ပညာနှင့် ပြည့်စုံ၏။ ထို့ကြောင့် မိမိကိုယ်ကို ကောင်းအောင်သာ ကြိုးစား၏။

၅။ မိမိနှလုံးသား ခေါ်ဆောင်ရာနောက်သို့သာ လိုက်သွားပါ။ ရောက်သင့်ရောက်ထိုက်သော နေရာကို ရောက်မှာအသေချာပါပဲ။ မိမိအသက်ဝိဉာဉ်က လိုလားတောင့်တအပ်သော အရာကို အကောင်အထည် ဖော်သောအခါ၊ ပျော်ရွှင်ခြင်းမြစ်တစ်စင်း ရင်တွင်းစီးဆင်းမှာ ၊ လောကမှာ အရေးပါဆုံးသောအရာ။ မိမိနှလုံးသားထဲမှာ ဖယောင်းတိုင်တစ်တိုင် ၊ မီးညှိလို့ထွန်းလင်းစေပါ။ အသက်ဝိဉာဉ်ထဲမှာ ကွက်လပ်တစ်ခု ၊ ဖြည့်တင်းလို့ ပြည့်စုံစေပါ။

အတွေးအခေါ်စာစုလေးများမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။

ဘဝနေနည်း

Related Posts