ငါးသုံးကောင်

ရေကန်တစ်ခုထဲမှာ ငါးသုံးကောင် အတူတကွနေထိုင်ကြပါတယ်။ ငါးတစ်ကောင်စီမှာ မတူညီတဲ့အကျင့်စရိုက်တွေရှိကြပါတယ်။ နံပါတ် ၁ ငါးက အတိတ်က အကြောင်းကိုသာ တွေးပြီး အမြဲပျင်းရိလေးကန်နေတတ်ပါတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာကို ပထမငါးက လုံးဝလက်မခံပါဘူး။ ပထမငါးဟာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုတဲ့အဆိုကို လုံးဝဆန့်ကျင်တဲ့ သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်၊ ဘာကိုမှ ကြိုမတွေးထားသလို ဘာကိုမှလည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အမြဲတမ်း ပျင်းရိနေတတ်ပါတယ်။

ဒုတိယငါးကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ငါးပါပဲ။ ဒုတိယငါးကတော့ ဉာဏ်ရှိပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်တတ်သလို၊ နောက်ဆုံးမိနစ်မှာတောင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချတတ်သူမျိုးပါ။ တတိယငါးကတော့ ဉာဏ်အကောင်းဆုံးပါပဲ။ သူက အမြဲတမ်း ဖြစ်လာနိုင်တာတွေကို ကြိုတင် တွက်ဆထားတတ်ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက်ချတတ်ပြီး အမြဲတမ်းသူ့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ်မျိုးတွေ ရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှုရှိအောင် အမြဲအကြံကောင်းတွေ ပေးတတ်ပါတယ်။

တစ်နေ့မှာတော့ လူတွေရဲ့စကားပြောသံကို ကြားတဲ့အတွက် ငါးတစ်ကောင်က ကျန်တဲ့ငါးနှစ်ကောင်ကို တိတ်တိတ်လေး လာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူက ပြောနေသံကို ကြားရပါတယ်။ “ ငါ . . . ဒီကန်ထဲမှာ ငါးတွေရှိတာတွေ့တယ်ကွ၊ တော်တော်လည်းကြီးတယ်၊ အဲဒီ့တော့ ငါတို့တခြားနေရာမှာ အချိန်ဖြုန်းမယ့်အစား ဒီနေရာမှာပဲ ငါးမျှားကြရအောင်ကွာ” ဒုတိယလူကပြန်ပြောပါတယ် “ အေး….ဟုတ်တယ် မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စားကြတာပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန်နေ့လည်လောက်ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြမယ်ကွာ။”

စကားသံတွေဆုံးသွားတဲ့အခါမှာတော့ ထိုလူနှစ်ယောက်ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရပါတော့တယ်။ အဲဒီ့အချိန်မှာ ထိုလူနှစ်ယောက်ပြောသမျှကို နားထောင်နေတဲ့ ငါး၃ကောင်က အချင်းချင်းစကားပြောကြပါတယ်။ နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကို ပြောလိုက်ပါတယ်။ “ဟေ့ကောင်တွေ…..သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့်အကြောင်းကို ပြောနေတာကွ။ အဲဒီ့တော့ ငါတို့ အခြားတစ်နေ့ကို ခဏလောက် ပြောင်းနေလိုက်တာ ကောင်းမယ်နော်”

နံပါတ် ၂ ငါးက ထပြောပါတယ် “အေး . . . ဟုတ်တယ် ငါလဲကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ပြန်လာမယ်၊ ပြန်မလာဘူးဆိုတာက မကျိန်းသေပါဘူးကွာ။ ဒီနားဝန်းကျင်က အခြားနေရာမှာလည်း ငါးမျှားတာဖြစ်နိုင်တာပဲကွ၊ တကယ်ဖမ်းဖြစ် မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက်ပြန်လာမှ သေချာမှာလေကွာ” အဲဒီ့အချိန်မှာ နံပါတ် ၁ ငါးက ထပြောပါတယ်။ “အမလေးကွာ လျစ်လျူရှုထားလိုက်စမ်းပါ။ မနက်ဖြန်ထိစဉ်းစားမနေနဲ့ ၊ ခုလိုချိန်မှာ ငါတို့ အနားယူဖို့၊ အေးအေးဆေးဆေးနေဖို့ အချိန်ရသေးတယ်၊ နေလိုက်အုံးမယ်” ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။

နံပါတ် ၃ ငါးကတော့ ထိုနေရာနားကနေ ခပ်မြန်မြန် ထွက်ခွာပြီး အခြားဘေးကင်းတဲ့ နေရာတစ်ခုကို ပြောင်းသတဲ့။ နံပါတ် ၂ ငါးကတော့ “မနက်ဖြန်သူတို့ ပြန်လာတာတွေ့မှ ငါတော့ လစ်တော့မယ်” ဆိုပြီး ကျန်ခဲ့သတဲ့။ နောက်တစ်နေ့မှာ ငါးဖမ်းသမား ၂ယောက် ပြန်ရောက်လာခဲ့ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကို အကြံထုတ်နေပါသတဲ့။ နံပါတ် ၂ ငါးက ကြိုတင် ကြံစည်ထားတဲ့အတိုင်း မဖမ်းမိခင်မှာပဲ သေချင်ယောင်ဆောင်ပြီး နေပါတယ်။ ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကိုမြင်တဲ့အခါ သေပြီးသားငါးပဲ…..ဆိုပြီး အခြားငါးတွေပုပ်စော်နံမှာစိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကိုပြန် လွှင့်ပစ်လိုက်ပါတယ်။

အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ်မြောက်သွားပါတယ်။ နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြား ဖြစ်နေတာကလွဲပြီး ဘာမှမစဉ်းစားနိုင်ပါဘူး။ အဲဒီ့အချိန်မှာပဲ ငါးဖမ်းသမား ၂ယောက်က နံပါတ် ၁ ငါးကို ဖမ်းမိသွားပါတော့တယ်။ ခြင်းတောင်းထဲထည့်ပြီး မကြာခင်မှာပဲ အသက်သေဆုံး သွားရပါတော့တယ်။ အဲဒါကြောင့် ဘဝမှာ ကြိုတင်စီစဉ် ကာကွယ်ခြင်းဟာ ဘဝအတွက် ပိုကောင်းပါတယ်လို့ ပြောကြတာဖြစ်ပါတယ်။

သင်ခန်းစာလေးကတော့ ကျွန်တော်တို့တွေရဲ့ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ်၊ ဒီနေ့တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ စဉ်းစားနေမယ့်အစား ကြိုတင်ကာကွယ်နိုင်သလောက် ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ်ဆိုတာကို ဒီပုံပြင်လေးက ပြောပြထားတာဖြစ်ပါတယ်။

စိတ်ခွန်အားပြည့် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။

Related Posts