Happinessဆိုတဲ့

Happinessဆိုတဲ့ ပျော်ရွှင်မှု

Happinessဆိုတဲ့ ပျော်ရွှင်မှုဆိုတာလေ နေရာတိုင်းမှာ ရှိတယ်။ ဒါပေမဲ့ ဒီပျော်ရွှင်မှုကို ကိုယ်က ရွေးမှရတာ။ ဒီတိုင်းကတော့ အလိုအလျောက် ရောက်မလာဘူး။ ပိုက်ဆံရှိရုံနှင့် ပျော်ရွှင်မှု အလိုအလျောက် ရောက်မလာဘူး။ စာတတ်ရုံနဲ့ ပျော်ရွှင်မှု အလိုအလျောက် ရောက်မလာဘူး။ သူငယ်ချင်းရှိရုံနဲ့ ပျော်ရွှင်မှု အလိုအလျောက် ရောက်မလာဘူး။ မိသားစုရှိရုံနဲ့ ပျော်ရွှင်မှု အလိုအလျောက် ရောက်မလာဘူး။ ကုန်ကုန်ပြောမယ် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်တယ်ဆိုရုံနဲ့ ပျော်ရွှင်မှု အလိုအလျောက် ရောက်မလာဘူး။ ပျော်ရွှင်စေတဲ့ အကြောင်းတရားကို ကိုယ်တိုင်ရွေးရမယ်။

၅.၆.၂၀၁၉/ အောင်ပန်း

စိတ်လှုပ်ရှားမှုဟာ ပျော်ရွှင်မှုမဟုတ်ဘူး။ စိတ်လှုပ်ရှားမှုကို လူတွေဟာ ပျော်ရွှင်မှုနှင့် ထင်ယောင်ထင်မှား လုပ်နေကြတာ။ အဒီစိတ်လှုပ်ရှားမှုမရှိရင် ပျော်ရွှင်မှုဆိုတာကို မခံစားနိုင်သေးသူတွေ အများကြီးရှိတယ်။

ပျော်နိုင်ပါရက်နဲ့ ပျော်ဖို့မေ့နေသူများ/ ၁.၆.၂၀၁၅/ ဇမ္ဗူသီရိ ရန်ကုန်

ကိုယ်ကိုယ်တိုင် ကိုယ့်နှလုံးသားထဲမှာ အပြင်က ပစ္စည်း၊ အပြင်က အခြေအနေ ဘယ်လိုပဲနေနေ မိမိရဲ့စိတ်ထဲမှာ ပီတိဖြစ်အောင် ကိုယ့်ဟာကိုယ် စိတ်ထားတတ်ရင် အဲဒီပီတိကို ဘုန်းဘုန်းက ဘယ်လိုပြောချင်တုံးဆိုတော့ Organic – ပီတိလို့ ပြောချင်တယ်။ ဒီပီတိ ရှင်သန်အောင် အပြင်က တခြားသူတွေက လာပြီးတော့ မြေဩဇာထည့်ပေးဖို့ မလိုတော့ဘူး။ ဓာတုပစ္စည်းတွေ ထည့်ပေးဖို့ မလိုတော့ဘူး။

ပီတိရှိတယ်ဆိုရင် လူ့ရဲ့စိတ်ကိုရော လူ့ရဲ့ခန္ဓာကိုယ်ကိုရော ပီတိက လန်းဆန်းစေတယ်။ ပီတိမရှိဘူးဆိုရင် ညှိုးနွမ်းပြီးတော့ စိတ်ကလည်း အောက်ကို ကျသွားတယ်။ ဒါ့ကြောင့် ပီတိဖြစ်စရာ တွေးပါ။ ဒီနေ့ ဘာအလုပ်တွေ လုပ်ခဲ့တုံး ကောင်းတဲ့အလုပ်တွေ၊ ကျေနပ်စရာကောင်းတဲ့ အလုပ်တွေ အဲဒီအလုပ်တွေကို ပြန်တွေး။ မတွေးဘူးဆိုရင် စိတ်က ဒီအတိုင်းမနေဘူး။ ကျေနပ်စရာမကောင်းတဲ့ အစိတ်အပိုင်းကို သွားပြီးတော့တွေးမိတယ်။ အလိုအလျောက်သွားပြီး တွေးမိတယ်။

၆.၆.၂၀၁၉/ ရန်ကင်း ရန်ကုန်

သူများကောင်းကျိုး များများတွေးတဲ့သူက အပျော်ရွှင်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ သူများတွေ အေးအေးချမ်းချမ်းနေဖို့အတွက် ကိုယ်က ဘာလုပ်ပေးဖို့လိုတုံးဆိုရင် ကိုယ်ကိုယ်တိုင်က အရင်ဆုံး အေးအေးချမ်းချမ်းနေတတ်ဖို့ လိုတယ်။

၂၄.၄.၂၀၁၉/ Melia Hotel Yangon

သူများချီးမွမ်းတာကို မစောင့်နဲ့။ ကောင်းတာတွေ ကိုယ့်ဘာသာကိုယ် ပြန်တွေး။ တွေးပြီးတော့ ကိုယ့်ဘာသာကိုယ် ပီတိဖြစ်ပါ။ ဒါဆိုရင် သူများမချီးမွမ်းလည်း ကိစ္စမရှိဘူး။

၂၃.၁၂.၂၀၁၇/ မြစ်သား

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts