ပြဿနာကို ပြဿနာလို့ပဲ မြင်ပါ

ပြဿနာကို ပြဿနာလို့ပဲမြင်ပါ

ခေါင်းစဉ်ကလဲ ဘယ်လိုကြီးလဲကွာ။ ပြဿနာကို ပြဿနာလို့ မမြင်လို့ ဘာကြီးလို့မြင်ရမာလဲလို့ မေးချင်ကြပါလိမ့်မယ်။ ပြဿနာကို ပြဿနာလို့ မမြင်တတ်ကြလို့ ရေးပြလိုက်တာပါ။

၁၆ ရာစုနှစ်လောက်က ဂျပန်ဆာမူရိုင်းသမား Miyamato Musashi ဟာ သူ့ကိုစိန်ခေါ်လာတဲ့ ဓားသမား၊ သိုင်းသမားတွေအားလုံးကို လက်နက်မဲ့အနိုင်ယူခဲ့လို့ အလွန်ထင်ရှား ကျော်ကြားခဲ့ပါတယ်။ သူ အသက်ကြီးသွားတဲ့အခါ သူရေးတဲ့စာအုပ်မှာ သူ့ရဲ့ပြိုင်ဘက်ကို အနိုင်ရခဲ့ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ရေးပြခဲ့ပါတယ်။ သူဟာ ယှဉ်ပြိုင်သတ်ပြီဆိုတာနဲ့ တစ်ဖက်သားဟာ ဘာကောင်လဲ၊ နာမည်ကြီးသိုင်းသမားလား၊ လူကောင်ကြီးသလား၊ သေးသလား စတာတွေကို လုံးဝမတွေးတော့ဘူး။ တစ်ဖက်သားရဲ့ လှံဟာ ငါ့ရင်ဝကို တည့်တည့်ထိုးလိုက်သလား။ တစ်ဖက်သားရဲ့ဓားဟာ ငါ့ခေါင်းကို ခုတ်လိုက်သလား။ သူခုန်လိုက်တဲ့ ခြေထောက်ဟာ ငါ့ညာဘက်နံစောင်းကို ကန်လိုက်သလား။ သူ ဒါတွေပဲစဉ်းစားပြီး အဲဒီတိုက်ကွက်တွေကို ဘယ်လိုခြေဖျက်ပြီး ဘယ်လိုတန်ပြန်တိုက်မလဲပဲ စဉ်းစားတယ်တဲ့။ သဘောက သတ်ပွဲမှာ တစ်ဖက်သားရဲ့ တိုက်ကွက်ကလွဲရင် ဘာမှ မစဉ်းစားဘူး။ ပြဿနာနဲ့မဆိုင်တာ မတွေးမိဖို့ပါ။

ဥပမာ တစ်ခုပြောပါမယ်။ စင်ကာပူက ရုံးတစ်ရုံးမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ကို တစ်နေ့မှာ သူ့အလုပ်ရှင် “စ” လုံးတရုတ်က ဆူလိုက်ပါတယ်။ အဲဒီကောင်မလေး လုပ်ပေးလိုက်တဲ့ စာရင်းမှားနေလို့ နောင်ကို သေချာဂရုစိုက်တွက်ပါလို့ ပြောလိုက်တယ်။ ဆူပြီးတာနဲ့ အဲဒီမိန်းကလေးဟာ စဉ်းစားတော့တယ်။ ဒီ Boss ဟာ လူမျိုးရေး သိပ်ခွဲခြားတယ်။ ငါတို့မြန်မာဆိုရင် အရမ်းနှိမ်ချင်တယ်။ အေးလေ ငါတို့နိုင်ငံကလည်း ဆင်းရဲတော့ အနှိမ်ခံရတာပေါ့။ ငါတို့နိုင်ငံဟာ အရင်တစ်ချိန်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဆိုတာ သူမသိဘူးထင်တယ်။ ဒင်းတို့က နိုင်ငံချမ်းသာတယ်ဆိုပြီး ကြွားနေတာ။ တကယ်တမ်းတော့ သယံဇာတမပြောနဲ့ ရေတောင် ဝယ်သောက်နေရတဲ့ နိုင်ငံကများ။ ငါတို့နိုင်ငံ ဒီမိုကရေစီရရင် နင်တို့နိုင်ငံကလူတွေကို ငါတို့ဆီမှာ WP နဲ့ ပြန်ခိုင်းစားမယ် စသဖြင့် တွေးမိနေတယ်။ အလုပ်ဆင်းလို့ အိမ်ပြန်လမ်းမှာ ရထားစီးရင်းလည်း ဒါပဲဆက်တွေးနေတယ်။ ညအိပ်ရာဝင်တော့လည်း ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ တစ်ရစ်ဝဲဝဲ ပေါ်နေခဲ့တယ်။ ဒီကောင်မလေးတစ်ယောက် စိတ်ချမ်းသာပါဦးမလား။

တကယ်တော့ ပြဿနာကဘာလဲ။ သူစာရင်းတွက်တာ မှားသွားတယ်။ မှားလို့ သူ့ Boss က ဆူတယ်။ နောင်မမှားအောင် ဂရုစိုက်ဖို့ပြောတယ်။ ရှင်းရှင်းလေးပါပဲ။ ပြဿနာကိုဖြေရှင်းဖို့က ဒါမျိုး နောက်ထပ်မမှားအောင် ဂရုစိုက်ဆင်ခြင်လိုက်ရင် ပြီးသွားရမယ့်ကိစ္စပါ။ ဒါပေမဲ့ ခံစားချက်တွေထည့်ပြီး စဉ်းစားလိုက်တော့ ပြဿနာရဲ့အရင်းအမြစ်ကို မမြင်တော့ဘူး။ ပြဿနာရဲ့ မဆိုင်တာတွေဘက် အတွေးနယ်ချဲ့သွားပြီး တွေးရင်းနဲ့ စိတ်မချမ်းမသာဖြစ်ရပြီ။

ဒါကြောင့် ပြဿနာတစ်ခုကြုံလာရင် ပြဿနာသက်သက်ကိုပဲ ကြည့်ပြီး ဖြေရှင်းဖို့ အဖြေရှာပါ။ ပြဿနာထက်ကျော်လွန်ပြီး မစဉ်းစားပါနဲ့။ ပြဿနာနဲ့မဆိုင်တဲ့ ခံစားချက် အတွေးတွေကို ခေါင်းထဲ အဝင်မခံပါနဲ့။ ဒါဆိုရင် စိတ်ချမ်းသာပြီး ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts