မုန်လာဥ

မုန်လာဥ အဖြူ၏ ဆေးဖက်ဝင်အစွမ်းများ

မုန်လာဥ ကို အိန္ဒိယဟင်းလျာမှာ အများဆုံး သုံးကြပါတယ်။ ဟင်းစားလည်းဖြစ်၊ ဆေးဖက်လည်း ဝင်ပါတယ်။ မုန်လာပင်က အကိုင်းအခက်အလက်များစွာ ဖြာထွက်နေတာမျိုး မဟုတ်ပါဘူး။ အမြစ်အမျိုးအစားဖြစ်ပြီး ဆလင်ဒါပုံ သို့မဟုတ် လုံးဝိုင်းသော ပုံသဏ္ဍာန်ရှိ၍ အရည်ရွှမ်းပါတယ်။ အရွယ်အစားမှာ အသေးဆုံး ၃ စင်တီမှ ၇ စင်တီရှိပြီး အကြီးဆုံးက ၁၀ စင်တီမှ ၂၀ စင်တီမီတာအထိ ရှိပါတယ်။ အစာကြေစေပြီး သွေးလှည့်ပတ်မှု ကောင်းစေတဲ့အတွက် ကျန်းမာစေတဲ့ သီးနှံပါ။ အရွယ်အစားအမျိုးမျိုး ရှိသလို အရောင်အသွေးကလည်း အမျိုးမျိုးကွဲပြားပါတယ်။

စတင်တွေ့ရှိသည့်နေရာ
Origin

မုန်လာဥတွေကို အာရှအနောက်ပိုင်းက စပြီး တွေ့ရှိရတယ်လို့ ယုံကြည်ကြပါတယ်။ ရှေးခေတ် အီဂျစ်၊ ဂရိနဲ့ ရောမနိုင်ငံမှာ စတင်စိုက်ပျိုးခဲ့ပြီးမှ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားတာပါ။ တောင်အမေရိကနှင့် အာဖရိကအရှေ့ပိုင်း အနောက်ပိုင်း၊ ကာရစ်ဘီယမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ အပူပိုင်းဒေသတွေမှာ အများအပြား စိုက်ပျိုးလာကြတာ တွေ့ရပါတယ်။

အာဟာရတန်ဖိုး
Food Value

မုန်လာဥ က သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဆိုဒီယမ်ဓာတ် အများဆုံးပါတဲ့ ဟင်းသီးဟင်းရွက်ပါ။ ဥကို အရွက်ထက် ပိုပြီး နှစ်သက်ကြတာကလည်း အရသာပိုရှိလို့ပါ။ မုန်လာဥအစိမ်းကို လတ်လတ်ဆတ်ဆတ် စားခြင်းက ပိုပြီး အကျိုးသက်ရောက်မှု ရှိတဲ့အတွက် အစိမ်းကို ရေစင်စင်ဆေးပြီး သုပ်စားသင့်ပါတယ်။ ဟင်းချက်လိုက်တဲ့အခါမှာတော့ ပါဝင်တဲ့ ဗီတာမင်တွေကို အာနိသင် လျော့သွားစေပါတယ်။ မုန်လာရွက်မှာ မုန်လာဥထက် ပိုပြီး ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ဗီတာမင်စီနှင့် ပရိုတင်းတွေ ပါပါတယ်။ မုန်လာရွက်ကိုလည်း သုပ်စား၊ ဟင်းချက်စားလို့ ရပါတယ်။

မုန်လာဥ ရဲ့ အာဟာရတန်ဖိုးကို လေ့လာတဲ့အခါ မုန်လာဥ ၁၀၀ ဂရမ်မှာ အစိုဓာတ် ၉၄.၄%၊ ပရိုတင်း ဝ.၇%၊ အဆီ ဝ.၁%၊ သတ္တုဓာတ် ဝ.၆%၊ အမျှင်ဓာတ် ဝ.၈% နဲ့ ကာဗိုဟိုက်ဒရိတ် ၃.၄% ပါဝင်ပါတယ်။ သတ္တုနဲ့ ဗီတာမင်တွေကတော့ ကယ်လ်စီယမ် ၃၅ မီလီဂရမ်၊ ဖော့စဖရပ် ၂၂ မီလီဂရမ်၊ သံဓာတ် ဝ.၄ မီလီဂရမ်၊ ဗီတာမင်စီ ၁၅ မီလီဂရမ်၊ ဗီတာမင်ဘီဓာတ်ပေါင်းစု ၁၅ မီလီဂရမ် ပါရှိပါတယ်။ ၁၇ ကယ်လိုရီ ဖြစ်ပါတယ်။

သဘာဝအကျိုးသွားနှင့် ရောဂါကုသနိုင်စွမ်း
Natural Benefits and Curative Properties

မုန်လာရွက်ဟာ ဆီးရွှင်ဆေး၊ ဝမ်းနုတ်ဆေး၊ စကာဗီ ပျောက်စေသော ဆေးအဖြစ် အသုံးဝင်ပါတယ်။ မုန်လာဥကတော့ စကာဗီရောဂါ ကာကွယ်နိုင်စွမ်း အပြည့်ရှိပါတယ်။ သည့်အပြင် သလိပ်ရွှင်ဆေး၊ ဆီးရွှင်ဆေးနှင့် အူအတွင်း အငွေ့ထုတ်ခြင်းဖြင့် ဝမ်းချောင်ဆေးအဖြစ် အသုံးပြုနိုင်ပြီး အစာအိမ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ မုန်လာဥဟာ ဟင်းလျာသက်သက်လို့ သိကြပေမယ့် တချို့ရောဂါတွေအတွက် ဆေးဖက်ဝင်တာ တွေ့ရပါတယ်။

လိပ်ခေါင်းရောဂါ
Pile

မုန်လာဥ အမြစ်ကို အရည်ပြု ၆၀ မီလီလီတာမှ ၉၀ မီလီလီတာအထိ နံနက်၊ ည နေ့စဉ် သောက်ပေးလျှင် လိပ်ခေါင်းရောဂါ ကောင်းစွာ ပျောက်ပါတယ်။

လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ
Genito-Urinary Disorders

ဆီးသွားရခက်ခြင်း၊ ဆီးအောင့် ဆီးကျဉ်ခြင်း၊ ဆီးပြွန်ချောင်းနာခြင်း၊ ဆီးမထွက်ခြင်း စသော ရောဂါများအတွက် မုန်လာဥအရည်သောက်ခြင်းဖြင့် သက်သာစေပါတယ်။ မုန်လာရွက်ဆေးနည်းကတော့ လက်ဖက်ရည် ပန်းကန်တစ်လုံးစာ သတ္တုရည်ကို နေ့စဉ်တစ်ခွက်ကျ သောက်ပေးပါ။ ဆီးအိမ်ရောင်ခြင်းအပါအဝင် ဆီးရောဂါမှန်သမျှ ပျောက်ကင်းစေပါတယ်။

နှလုံးရောဂါ ရင်ဘတ်နာ
Chest Complaint

နှလုံးရောဂါကြောင့် ရင်ဘတ်နာခြင်း၊ အောင့်ခြင်းကိုလည်း သက်သာစေပါတယ်။ ဆေးနည်းကတော့ မုန်လာဥသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည်ဆတူရောပြီး ဆားအနည်းငယ် ထည့်၍ တစ်နေ့ သုံးကြိမ်စားပေးလျှင် နှလုံး၊ အဆုတ်နဲ့ ပက်သက်သမျှ ရောဂါကို သက်သာစေပါတယ်။ ရက်တစ်ရာ ကြက်ညှာချောင်းဆိုး၊ ရင်ဘတ်အောင့် အဆုတ်ပွ စသည့်ရောဂါများ၊ အသံကွဲ၊ အသံအက်ခြင်းများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

အသားဝါရောဂါ
Jaundice

မုန်လာရွက်က အသားဝါရောဂါ သက်သာစေဖို့ အကျိုးပြုပါတယ်။ အရွက်ကို ညက်အောင်ထောင်းထုပြီး ပိတ်ပါးနဲ့ စစ်ချပါ။ လူကြီးအတွက် ကီလိုဂရမ်ဝက်ကို သကြားအနည်းငယ် ထည့်ပြီး နေ့စဉ် မှန်မှန်သောက်ပေးပါ။ ချက်ချင်း သိသာစါာ သက်သာစေတဲ့နည်းပါ။ အပူအပုပ်ကင်းစင်၍ ဝမ်းမှန်ပြီး အစာကြေစေပါတယ်။ သည်းခြေရည် စီးဆင်းမှုကင်းပြီး အသားဝါရောဂါဖြစ်နေတာကို ပျောက်ကင်းစေပါတယ်။

ခရုသင်းရောဂါ
Leukoderma

အစေ့ကို အနှစ်ဖြစ်အောင်ပြုပြီး လိမ်းလျှင် ခရုသင်းပျောက်တယ်လို့ ဆိုပါတယ်။ မုန်လာစေ့ ၃၅ ဂရမ် မှုန့်ညက်အောင် ပြုပြီး ရှာလကာရည်ထဲမှာ ရောမွှေကာ ဖြူကွက်နေတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ပိုပြီး ထိရောက်စေလိုလျှင်တော့ အစေ့ကို ကြိတ်ခြေတဲ့အခါ အာဆင်းနစ်တစ်စက် နှစ်စက်ခန့်ကို ရှာလကာရည်ထဲသို့ ညအချိန်မှာ ထည့်ထားပါ။ နှစ်နာရီခန့်အကြာမှာ မုန်လာရွက်များ ပေါ်လာပါမယ်။ အဖြူကွက်တွေကို ပွတ်လိမ်းပေးလို့ ရပါပြီ။ လိမ်းဆေးသက်သက်သာ ဖြစ်ပါတယ်။

အရေပြားပေါ်က အနာတွေ
Other skin disorder

မုန်လာစေ့ကို ညက်အောင် ကြိတ်ခြေပြီး ကြေညက်ပျစ်ချွဲသွားတဲ့အခါ ရေနဲ့ မပျစ်မကျဲ ဖျော်၍ မျက်နှာပေါ်က အပြစ်အနာအဆာတွေ ပျောက်ကင်းစေဖို့ လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံ၊ မှဲ့ခြောက်ကို ပျောက်ကင်းစေပါတယ်။ Dr.Aman ရေးတဲ့ “Medicinal Secrets of Your Food” ထဲမှာတော့ ပွေးပေါက်ခြင်းကိုလည်း နှိမ်နင်းတယ်လို့ ဖော်ပြထားပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts