ပြတင်းပေါက်

ဘဝဟူသည် ကျွန်ုပ်တို့ စီမံဖန်တီးသည့်အတိုင်း ဖြစ်ရ၏။ ယခင်ကလည်း ဤသို့၊ နောင်လည်း ဤနှယ်ပင်။ [ဘွားဘွားမိုးဇက်]

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြတယ်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်ကြသည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာ ပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်းတွင် သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက် ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီး လှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက ခုတင်မှာ ခေါင်းအုံးတွေဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။

ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီး တစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေ ရေကူးနေကြသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေ ပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေဝေဆာဆာ ပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့(ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မူ သစ်ပင်တွေ ထိမ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။

ပက်လက်လှန်နေရသော သူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြနေသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ၊ နွေရာသီဝတ်စုံသစ်တွေနဲ့ မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ်မြင်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသော နေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာ နေခွင့်ရပြီး အပြင်လောက ရှုခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်၊ မိမိကိုတော့ ဘာကြောင့် အဲသည်နားမထားပေးသလဲဟူသော အတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။

တစ်ညမှာတော့ သူ့မျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်က စမ်းတဝါးဝါး လိုက်ရှာသည်။ သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အား ပြတင်းပေါက်အနီးရှိ ကုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။ သို့နှင့်ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံးဖြစ်အောင်နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts