ပိုင်ရှင်စိတ်ဓာတ်

ပိုင်ရှင်စိတ်ဓာတ်ဆိုတာ ဘာလဲ။မိမိအလုပ်ကို မိမိကိုယ်ပိုင်လုပ်ငန်းလို သဘောထားပြီး လုပ်တတ်တဲ့ စိတ်ဓာတ်ကို ပြောခြင်းပါ။ ယနေ့ ကုမ္ပဏီအတော်များများဟာ ၀န်ထမ်းသစ် ရွေးချယ်ခန့်အပ်တဲ့အခါမှာ လိုအပ်တဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတွေအပြင် ပိုင်ရှင်စိတ်ရှိသူကို ဦးစားပေး ခန့်လေ့ရှိပါတယ်။ ပိုင်ရှင်စိတ်ဓာတ် ဆိုတာကို ပိုနားလည်သွားအောင်ရယ်၊ အဲဒီစိတ်ဓာတ်ရှိသူတွေကို ဘာကြောင့် ကုမ္ပဏီတွေက ဦးစားပေးခန့်ချင်ရတာလဲဆိုတာ ဥပမာရိုးရိုးလေးတစ်ခုနဲ့ ရှင်းပြချင်ပါတယ်။

လုပ်ငန်းတစ်ခုမှာပေါ့။ အလုပ်သမားတစ်ယောက်က အိမ်သာထဲကထွက်လာပြီး လက်ဆေးကြွေကန်(basin)မှာ လက်ဆေးတယ်။ လက်ဆေးပြီးတော့ မေ့သွားပြီး ရေဘုံခေါင်းကို ပိတ်မသွားဘူး။ရေတွေ ဒလဟောထွက်ကျကျန်ခဲ့တယ်။ နောက် အလုပ်သမားတစ်ယောက် အိမ်သာထဲ ၀င်လာတယ်။ အိမ်သာကထွက်တော့ နောက်ကြွေကန်တစ်ခုမှာ လက်ဆေးတယ်။ သူ့ဘေးနားက ကြွေကန်မှာ ရေတွေ ဒလဟော ကျနေတာတွေ့တယ်။ သူနဲ့ မဆိုင်သလိုဘဲ ထွက်သွားတယ်။ တတိယမြောက် အလုပ်သမားတစ်ယောက် သူလည်း တခြားကြွေကန်မှာ လက်ဆေးနေရင်း ရေတွေဒ လဟောကျနေတာ တွေ့တော့ ရေထွက်ကျနေတဲ့ ဘုံဘိုင်ခေါင်းကို လာပိတ်ပြီး ထွက်သွားတယ်။

 ကဲ ဘယ်သူ့မှာ ပိုင်ရှင်စိတ်ဓာတ်ရှိသလဲလို့ မေးရင် တော်တော်များများက တတိယလူလို့ပဲ ပြောကြမှာပါ။ ဒါဆို ဘာကြောင့်သူ့မှာ ပိုင်ရှင်စိတ်ဓာတ်ရှိတယ်လို့ ပြောရတာလဲ။ ပထမလူနဲ့ ဒုတိယလူနှစ်ယောက်ဟာ ‌ရေတွေထွက်ကျနေတာ ငါနဲ့မဆိုင်ဘူးလို့ သဘောထားကြတယ်။ ဘုံဘိုင်ခေါင်းပိတ်လိုက်လို့ ငါ့ကိုဘယ်သူမှ လာချီးကျူးကြမှာ မဟုတ်ဘူး။ ရေတွေဆုံးသွားတာ ငါနဲ့မဆိုင်ဘူးလို့ သဘောထားကြတယ်။

တတိယလူကတော့ ဒီရေတွေ အလကားကျနေတာ နှမြောစရာပဲ။ တစ်နေ့လုံး ရေတွေထွက်ကျနေရင် ဂါလန်ပေါင်းများစွာ ဆုံးရှုံးသွားမယ်။ ငါ့ကုမ္ပဏီက တစ်လတစ်လ ရေဖိုးတွေပေးနေရတာ မနည်းဘူး။ ငါအခု ရေပိတ်ပေးလိုက်တာ ကုမ္ပဏီအတွက် အလဟဿ ဆုံးရှုံးမယ့်ငွေတွေ သက်သာသွားတာပေါ့။ ကုမ္ပဏီလည်း မကုန်သင့်တာမကုန်ရင် အမြတ်များမျာရမယ်။ ကုမ္ပဏီ ပိုမြတ်လာရင် နှစ်ကုန်ရောက်တော့ ငါလည်း ဆုကြေးပိုရနိုင်တာပေါ့။ ပိုင်ရှင်စိတ်ဓာတ်ရှိသူဟာ အဲဒီလို မဆုံးရှုံးသင့်တာ မဆုံးရှုံးအောင်လုပ်တတ်တဲ့အပြင် မိမိလုပ်နေတဲ့ကုမ္ပဏီအတွက်ဝင်ငွေတိုးအောင် အမြဲတွေးတော လုပ်ကိုင်နေတတ်တယ်။ 

ကဲ.. ဘယ်ကုမ္ပဏီကဒီလိုလူမျိုးကိုမကြိုက်ဘဲနေမလဲ။

ပိုင်ရှင်စိတ်ဓာတ် မရှိသူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားတဲ့ လူတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ ဘာကြောင့်လဲ။ ပိုင်ရှင် စိတ်ဓာတ်မရှိသူတစ်ယောက် တစ်နေ့ ကံကောင်းစွာနဲ့ လုပ်ငန်းပိုင်ရှင် ဖြစ်လာတယ်။ သူကိုယ်တိုင်က ပိုင်ရှင်စိတ်ဓာတ်မရှိတော့ အောက်ကလူတွေလည်း ဘယ်မှာ ပိုင်ရှင်စိတ်ဓာတ်ရှိကြမှာလဲ။ လုပ်ငန်းမှာ မကုန်သင့်တာတွေ အလဟဿကုန်ပြီး ဆုံးရှုံးနေတာတွေ ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ ဒီတော့ သိပ်မကြာပါဘူး ကုမ္ပဏီအရှုံးပေါ် ပြီး ပြုတ်သွားမှာပါ။ 

ပိုင်ရှင်စိတ်ဓာတ်အရေးကြီးတယ်ဆိုတာသိရင် ကိုယ့်ကလေးတွေကိုငယ်ငယ်ကတည်းက အဲဒီစိတ်ဓာတ်ဝင်လာအောင် လုပ်ပေးရင် မကောင်းဘူးလား။ ကလေးတစ်ယောက် ဆော့ကစားနေရင်း ပန်းကန်ကျကွဲသွားတယ် ဆိုပါစို့။ ကလေးကိုပြောပြရမယ်။ ‘ သား အခုဆော့လိုက်တော့ ထမင်းစားပန်းကန်တွေ ကွဲသွားပြီ။ မေမေတို့ ထမင်းဘာနဲ့ ထည့်ပြီး စားကြမလဲ။ ပန်းကန်တွေက ဈေးကြီးပေမယ့် မရှိမဖြစ်မို့ သားဖေဖေက ပြန်ဝယ်ပေးမှာပါ။ ဒါပေမယ့် ပန်းကန်တွေ ဝယ်လိုက်ရလို့ သားဖေဖေရဲ့ လခထဲက သုံးလိုက်ရပြီ။ ဒါကြောင့်သားကို အရင်ပေးနေကြ မုန့်ဖိုးကို လျော့ပေးရတော့မယ်။မေမေတို့လည်း ဒီလတော့ ဟင်းကောင်း ချက်မစားနိုင်တော့ဘူး’။ 

ဘယ်ကလေးက နားမဝင်မှာလဲ။ ဒီကလေးကြီးလာရင် ပိုင်ရှင်စိတ်ဓာတ်ရှိသွားပြီး အောင်မြင်ကြီးပွားနိုင်သူ တစ်ယောက်ဖြစ်သွားမှာပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

ဘဝနေနည်း

Related Posts