တောင်ထိပ်ရောက်ချင်ရင်

တောင်ထိပ်ရောက်ချင်ရင် တောင်ပေါ်ကို မော့မကြည့်နဲ့

တလောက ကျွန်တော့်ရဲ့ခြောက်နှစ်အရွယ် မြေးမလေးဟာ အိမ်စာလုပ်ဖို့ ပျင်းနေတယ်။ တရုတ်စာသင်တဲ့ ဆရာမပေးထားတဲ့ အိမ်စာပါ။ အိမ်စာဘာလို့မလုပ်ချင်တာလဲလို့ မေးတော့ တရုတ်စာလုံးတွေကို ဗလာစာအုပ်မှာ (၈)မျက်နှာစာ တရုတ်စာလုံးတွေ ရေးခိုင်းတာကို ကြည့်ပြီး စာလုံးအများကြီး ရေးရမှာမို့ မလုပ်ချင်နေတာပါ။ ကျွန်တော်က သူ့အနားမှာထိုင်ပြီး အဲဒီ စာမျက်နှာတွေကို ကြည့်မနေနဲ့။ စပြီးရေးချလိုက်လို့ ပြောလိုက်တယ်။ ကလေးက စာလုံးတွေ စရေးပါတယ်။ ခဏနေတော့ “ဟာ စာလုံးရေးတာ (၃)ကြောင်းတောင် ပြီးသွားပြီဟ” လို့ ပြောလိုက်တော့ ကလေးမျက်နှာဟာ ဝင်းလက်သွားပြီး အားတက်သွားတယ်။ ခဏနေပြန်တော့ “ဟာ တစ်မျက်နှာကြီးတောင် ပြီးသွားပြီပဲ။ တော်လိုက်တာ။ နားဦးမလား” ဆိုတော့ မနာဘူး။

ဆက်ရေးမယ်တဲ့။ ရေးပြီးသွားတဲ့ စာမျက်နှာကိုကြည့်ရင်း ပျော်သွားလို့ နောက် ဆက်ရေးတယ်။ နှစ်မျက်နှာ ပြီးသွားပြီ။ နားပါဦးဆိုတာတောင် မနားဘဲ ဆက်ရေးလိုက်တယ်။ တစ်နာရီအကြာမှာ စာမျက်နှာ (၈) မျက်နှာလုံးမှာ တရုတ်စာလုံးတွေ ရေးပြီးသွားတယ်။ ကလေးဟာ အတော်ပျော်သွားပြီ။ ကျွန်တော် တလောက အင်္ဂလိပ်စာအုပ်တစ်အုပ်ဖတ်ပြီး ကြိုက်တာနဲ့ ဘာသာပြန်ရေးဖို့ စိတ်ကူးတယ်။ စာအုပ်က အတော်ထူတယ်။ စာမျက်နှာပေါင်း (၃၀၀) ကျော်တယ်။ စာရေးဖို့ စိတ်ကူးလိုက်တိုင်း အဲဒီစာအုပ်ကို လှန်လှောကြည့်ပြီး ဒီစာအုပ်ကို ပြီးအောင်ရေးဖို့ အချိန်အများကြီးပေးရမယ်။ ဘယ်လောက်ကြာမလဲ စတာတွေ တွက်ချက်ကြည့်တယ်။

အချိန်အရမ်းကြာမယ်ဆိုတာသိလို့ စိတ်မောနေတယ်။ ဒါနဲ့ အချိန် ဘယ်လောက်ကြာကြာ အရေးမစိုက်တော့ဘူးဆိုပြီး စာစရေးတယ်။ ပထမနေ့မှာ (၂)မျက်နှာ ပြီးသွားတယ်။ (၂)မျက်နှာကြီးတောင် ပြီးသွားပြီပဲဆိုပြီး အားတက်သွားတယ်။ နောက်တစ်ရက် ဆက်ရေးတယ်။ နောက်ထပ် (၅)မျက်နှာ ပြီးသွားပြီ။ ဘယ်တော့ ပြီးမှာလဲဆိုတာ မတွေးတော့ဘူး။ အခုရေးရင်းနဲ့ စာအုပ်တစ်ဝက်ကို ဘာသာပြန်ပြီးသွားပြီ။ အားတက်သွားပြီ။ ဆက်ရေးမည်။ မကြာခင်တစ်အုပ်လုံး ရေးပြီးတော့မယ်။

အပေါ်ကရေးတဲ့ အကြောင်းအရာလေးနှစ်ခုဟာ ဘာသင်ခန်းစာပေးသလဲဆိုရင် အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဒီအလုပ်ဟာ အကြီးကြီးပဲ။ ပြီးအောင် လုပ်နိုင်ပါ့မလားလို့ တွေးပူမနေပါနဲ့။ အဲဒီလိုတွေးနေရင် လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ စပြီး လုပ်လိုက်ပါ။ လုပ်ရင်းနဲ့ လုပ်ပြီးခဲ့သမျှကို ပြန်ကြည့်ရင်း အားတက်လာလိမ့်မယ်။ အားတက်လို့ ဆက်လုပ်ရင်းနဲ့ နောက်ဆုံးပြီးအောင် လုပ်နိုင်လိမ့်မယ်။ ပြီးမယ်မထင်ထားတဲ့ အလုပ်ကြီးပြီးသွားလိမ့်မယ်။

ထိုနည်းတူ စာအုပ်ကောင်းတစ်အုပ်ဖတ်ဖို့ စာအုပ်ကြီးကလည်း ထူလိုက်တာ။ စာမျက်နှာတွေကလည်း အများကြီးပဲဆိုပြီး စာဖတ်ဖို့ တွန့်ဆုတ်မနေပါနဲ့။ စာမျက်နှာ ဘယ်လောက်ရှိတယ်ဆိုတာ မစဉ်းစားဘဲ တစ်နေ့ ရသလောက်လေး နည်းနည်းချင်းဖတ်သွားပါ။ စိတ်ဝင်စားစွာဖတ်ရင်းနဲ့ မကြာခင် စာအုပ်တစ်အုပ်လုံးကို ဖတ်လို့ပြီးသွားမှာပါ။

တောင်ထိပ်ကိုတက်ချင်ရင် တောင်ပေါ်ကို မော့မကြည့်ပါနဲ့။ ခြေတစ်လှမ်း စလှမ်းလိုက်ပါ။ ပထမဆုံးခြေလှမ်းဟာ လှမ်းဖို့အခက်ဆုံးပါ။ ပထမခြေလှမ်း လှမ်းပြီးသွားရင် နောက်ခြေလှမ်းတွေ သူ့အလိုလို လိုက်ပါ လာပါလိမ့်မယ်။ အပေါ်နည်းနည်းရောက်ရင် အောက်ကိုငုံ့ကြည့်လိုက်ပါ။ ငါအပေါ်ကို အတော်ရောက်လာပြီပဲ ဆိုတဲ့ပီတိနဲ့ ခြေလှမ်းတွေ ဆက်လှမ်းလိုက်ပါ။ မလွဲမသွေ တောင်ထိပ်ကို ရောက်ပါလိမ့်မယ်။ ဒါဟာ အောင်မြင်သူတွေရဲ့ နည်းလမ်းလေးတစ်ခုါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူရေးသားဖော်ပြပေးထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts