ငြင်းပယ်ခြင်း

ငြင်းပယ်ခြင်းဟာ ဘဝကိုပိုကောင်းစေတယ်

ကျွန်တော်တို့ရဲ့ အကောင်းမြင်ဝါဒ၊ များများဝယ် များများသုံးဝါဒတွေနဲ့ တည်ဆောက်ထားတဲ့ ယဉ်ကျေးမှုကြောင့်လည်းပါတယ်။ ကျွန်တော်တို့ တော်တော်များများဟာ တတ်နိုင်သလောက် အရာရာကို သဘောတူလက်ခံဖို့ ဝါဒသွင်းခံထားရတယ်။ အကောင်းမြင်စိတ်ကို မွေးခိုင်းတဲ့ စာအုပ်တစ်ချို့မှာလည်း ဒါကိုပဲ ထပ်ကာတလဲလဲ ပြောနေကြတယ်။ အရာရာကို အကောင်းမြင်တတ်ဖို့၊ အခွင့်အရေးတွေကို မငြင်းဆန်ဖို့၊ လူတိုင်းကို သဘောတူတဲ့ မျက်စိနဲ့ ကြည့်ဖို့ စသဖြင့်။

ဒါပေမယ့် တစ်ခုခုကိုတော့ ငြင်းပယ်တတ်ဖို့လိုတယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ ရပ်တည်မှုက အလကားပဲ။ အရာရာတိုင်းကို အတူတူပဲ တန်ဖိုးထားနေရင် ဘဝဆိုတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလေ။ ရည်ရွယ်ချက်မရှိဘဲ ဟာလာဟင်းလင်းစိတ်နဲ့ အသက်ရှင်နေသလိုဖြစ်မယ်။
ငြင်းဖို့ကို ကြောက်တဲ့စိတ်ဟာ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသားအောင် နှစ်သိမ့်တဲ့စိတ်ပဲ။ ဒီလိုကြောက်စိတ်နဲ့ အရာရာကို လက်ခံသဘောတူနေရင် ရေတိုမှာ စိတ်သက်သာရာ ရသွားပေမယ့် အချိန်ကြာလာတဲ့အခါ ဦးတည်ရာမဲ့ ကမ်းမမြင် လမ်းမမြင် မျောသွားနိုင်တယ်။

ငြင်းပယ်ခြင်း ဆိုတာ ဘဝအတွက် အင်မတန်အရေးကြီးတဲ့ အရည်အချင်းတစ်ခု။ စိတ်ဆင်းရဲနေရတဲ့ အိမ်ထောင်ရေးမှာ ဘယ်သူမှ ဆက်ပြီးမနေချင်ဘူး။ ကိုယ်မယုံကြည်တဲ့၊ စိတ်မချမ်းသာတဲ့ အလုပ်မှာလည်း ဘယ်သူမှ ဆက်မလုပ်ချင်ဘူး။ စိတ်ထဲမှာ မပါတဲ့ စကားတွေကို ဘယ်သူမှ မပြောချင်ဘူး။ ဒါပေမယ့် ဆက်လုပ်နေတုန်းပဲ၊ အမြဲတမ်းပဲ။
ရိုးသားမှုဆိုတာ လူတွေ အမြဲတမ်း ဆာလောင်နေတဲ့အရာ။ လူတိုင်း ရိုးသားခြင်းရဲ့ အရသာကို လိုချင်ကြတာပဲ။ ဒါပေမယ့် ရိုးသားချင်တယ်ဆိုရင် ဟင့်အင်းဆိုတဲ့ စကားကို လိုလိုလားလား ကြားနိုင်၊ ပြောနိုင်ရမယ်။ စိတ်ကျန်းမာရေးအတွက် ငြင်းပယ်ခြင်းဆိုတာ မရှိမဖြစ် အာဟာရတစ်ခုဖြစ်တယ်။

ချမ်းမြေ့ဝင်းဘာသာပြန်သော ဂရုမစိုက်ခြင်းအနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts