Marketplace of ancient Athens

ပလေးတိုး ဘီစီ ၄၂၇-၃၄၇ ( ပလေးတိုး နိဒါန်း )

ပလေးတိုး ဘီစီ ၄၂၇-၃၄၇ ( ပလေးတိုး နိဒါန်း )
ပလေးတိုး သည် ဆော့ခရတ္တိကဲ့သို့ပင် အက်သင်းမြို့ဇာတိ ဖြစ်သည်။ မင်းမျိုးမင်းနွယ် ဖြစ်သည်ဟု လည်းကောင်း၊ အဆွေအမျိုးတို့သည် မြေရှင်ပဒေသရာဇ်များ ဖြစ်သည်ဟု လည်းကောင်း၊ ပရီကလိမင်း လက်ထက်တွင် အမိအဖတို့သည် ထင်ရှားသူများ ဖြစ်သည်ဟုလည်းကောင်း ဆိုသည်။ ပလေးတိုး ငယ်စဉ်အခါကသော် ကဗျာတွင် ဝါသနာပါသည်။ ဆော့ခရတ္တိနှင့် တွေ့သည်မှစ၍ ဆော့ခရတ္တိ၏ လူ့လောက ငြိမ်းချမ်းရေးလမ်း၊ လွတ်မြောက်ရေးလမ်းတို့ကို လည်းကောင်း၊ ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကိုလည်းကောင်း သဘောကျလက်ခံ၍ ဆော့ခရတ္တိကို ကြည်ညိုသူ ဖြစ်လာသည်။

ဆော့ခရတ္တိ၏ အသက်လေးဆယ်ကျော်အရွယ်တွင် ပလေးတိုးကို ဖွားမြင်သည်။ ဆော့ခရတ္တိ၏ အသက် ၇၀ အရွယ် အနိစ္စရောက်သောအခါ ပလေးတိုးသည် အသက်သုံးဆယ်နီးပါးအရွယ်သို့ ရောက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ပလေးတိုးသည် ဆော့ခရတ္တိ ပြောဟောသော စကားတို့ကို လည်းကောင်း၊ ပရောတဂေါရ၊ ဂေါ့ဂျိယ၊ ပရောဒိယ စသော ဆိုဖီဆရာကြီး၊ ဆရာငယ်များနှင့် ဆွေးနွေးမေးမြန်းစိစစ်သော စကားတို့ကိုလည်းကောင်း အနည်းဆုံး တစ်ဆယ့်ငါးနှစ်မျှ ကြားနာခဲ့ဖူးသူ ဖြစ်ခဲ့သည်။ ပဲလပါနိဆစစ်ခေတ်တွင် ကြီးပြင်းလာခဲ့ရသည်။ ဒီမိုကရေစီဘက်တော်သားများနှင့် မြေရှင်ပဒေသရာဇ်တို့ အာဏာလုကြသည်ကို မြင်ခဲ့ရသည်။ နောက်ဆုံး ဘီစီ ၄၀၄ တွင် စပါတာ၏ အာဏာအောက်သို့ အက်သင်းရောက်ခဲ့ရသည်ကို မြင်ခဲ့ရသည်။ ထို့နောက် အက်သင်းမြို့နိုင်ငံတွင် မင်းသုံးဆယ်အဖွဲ့ပျက်၍ ဒီမိုကရေစီ ပြန်တက်လာသည်ကို လည်းကောင်း မြင်ခဲ့ရသည်။ မတည်မငြိမ် ကာလတွင် မြင်ရတတ်သော သစ္စာဖောက်ကြပုံ၊ ကုန်းချောကြပုံ၊ ထောင်လွှားကြပုံ၊ အထင်ကြီးကြပုံ၊ သားရာစီး ပြုကျင့်ကြပုံ၊ ကာမဂုဏ်အာရုံနောက်သို့လိုက်ကြပုံ၊ မဆင်ခြင်ကြပုံ၊ ယုံလွယ်ကြပုံတို့ကို ဆော့ခရတ္တိကဲ့သို့ပင် မြင်ခဲ့ရသည်။ ထို့နောက် ဆော့ခရတ္တိကို ရုံးတင်၍ သေဒဏ်ပေးလိုက်သည်ကို မြင်ခဲ့ရသည်။ ဤသို့ဖြင့် ပလေးတိုးသည် ဆော့ခရတ္တိ၏ ပညာကိုလည်း အတော်အတန်ရလိုက်၍ အတွေ့အကြုံလည်း အတန်အသင့် စုံခဲ့သည်ကို ဆိုနိုင်သည်။

ဆော့ခရတ္တိ မသေထိုက်ဘဲ သေလိုက်ရသည်ဟူသော အသိသည် ပလေးတိုး၏ဘဝတွင် ပလေးတိုးကို ဒဿနိကစာရေးဆရာအဖြစ်သို့ ဦးလှည့်ပေးလိုက်သော မှတ်တိုင်ဖြစ်သည်ဟု ယူဆနိုင်သည်။ ဆော့ခရတ္တိ၏ကိစ္စပြီးသည့်နောက် ပလေးတိုးသည် အက်သင်းမြို့တွင် မနေတော့ချေ။ တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး အီဂျစ်နိုင်ငံတွင် လည်းကောင်း၊ အီတလီတောင်ပိုင်းတွင် လည်းကောင်း ခရီးလှည့်လည်၍ နေထိုင်သည်။ ထိုကာလအတွင်းတွင် ချေပချက်ကထာ၊ ခရီတော် ကထာ၊ ခါမိဒိကထာ၊ လက်ခီကထာ၊ လိုင်စီကထာတို့ကို ပလေးတိုးရေးသည်ဟု ဆိုသည်။ ထိုကထာတို့၏ သဘောကိုထောက်လျှင် ပလေးတိုးသည် အက်သင်းမြို့နိုင်ငံသားတို့တွင် အကျင့်စရိုက်ပျက်ပြားခဲ့ကြသည်ကို သဘောပေါက်လာ၍ ဆော့ခရတ္တိ၏ လမ်းမှန်လမ်းကောင်းကို ပြရန် ဆုံးဖြတ်ခဲ့ပုံရသည်ဟု ယူဆနိုင်သည်။ တစ်နည်းဆိုရလျှင် ပလေးတိုးသည် အက်သင်းမြို့နိုင်ငံ၏ စာရိတ္တဘဝကို ပြန်လည်ထူထောင်ပေးရန် ဆုံးဖြတ်ခဲ့ပုံရသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အသက်လေးဆယ်အရွယ်တွင် ပလေးတိုးသည် အက်သင်းမြို့သို့ ပြန်လာသောအခါ နိုင်ငံရေးသို့မဝင်၊ အကယ်ဒမီခေါ် တက္ကသိုလ်ကို အက်သင်းတွင် တည်ထောင်သည်။ ထိုအကယ်ဒမီတက္ကသိုလ်သည် ဥရောပတွင် ပထမအဦးဆုံးတက္ကသိုလ် ဖြစ်သည်ဟု ဆိုသည်။ ထိုတက္ကသိုလ်တွင် ပလေးတိုးသည် ပညာလိုလားသူတို့အား ဆော့ခရတ္တိ၏ တရားတို့ကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကိုလည်းကောင်း ဝိတ္တာရပြု၍ ပြောဟောခြင်း၊ ဆွေးနွေးခြင်းများ ပြုခဲ့သည်မှာ သူ့အသက်ရှစ်နှစ်အရွယ်တွင် သူ ကွယ်လွန်အနိစ္စရောက်သည်အထိ ဖြစ်သည်။ ကထာစာတမ်းများကို ရေးသားသည်ဟုလည်း ဆိုသည်။

ပလေးတိုး၏ စကားပြေရေးဟန်
ပလေးတိုးရေးသော ကထာစာတမ်း အပုဒ်ပေါင်း ၃၀ နီးပါးခန့် ရှိသည်ဟု ဆိုသည်။ ရေးပုံရေးဟန်သည် ဤသို့ဖြစ်သည်။ အကြောင်းအရာသည် လူ့လောက အကျင့်စရိုက်တို့၏ အမှားအမှန်၊ အကောင်းအဆိုးဆိုင်ရာ လူမှုရေးဒဿနိက အကြောင်းအရာ ဖြစ်သော်လည်း အများစုဖြစ်သော ကထာများတွင် တစ်ခန်းရပ်ပြဇာတ်ရေးသကဲ့သို့ ရေးခဲ့သည်။ ထိုစာတမ်းများ စကားဝိုင်းတွင် ဆော့ခရတ္တိကို ခေါင်းဆောင်ထား၍ အချီအချ အပြန်အလှန် ပြောဟောကြဟန် ရေးသည်။ ဆော့ခရတ္တိ အသက်ထင်ရှားရှိစဉ်က ဝိုင်းဖွဲ့ပြောဟောကြသော စကားဝိုင်းသဘောဖြစ်မည်ဟု ယူဆရာသည်။ အချီအချပြောကြပုံသည် သာမန်မဟုတ်၊ ဆိုလိုရင်းသို့ရောက်အောင် ကထာစာတမ်းတစ်ပုဒ်လုံးကို အိုင်ကျင်းဖွဲ့၍ စီစဉ်လေ့ရှိသည်ကို တွေ့နိုင်သည်။ ဝိုင်းဝင်ပုဂ္ဂိုလ်တို့၏ လူ့သဘာဝ ထင်ရှားလာအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ အယူအဆအမျိုးမျိုး အားပြိုင်နေပုံ ထင်ရှားလာအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ ဟာသနှော၍ ရေးတတ်သည်ကို တွေ့နိုင်သည်။ စကားဝိုင်းတွင် တရားသေကောက်ချက်ချ၍ ပြထားခြင်း မရှိသော်လည်း အဆိုအချေတို့၏ သဘောသွားကို ထောက်ခြင်းအားဖြင့် ဆော့ခရတ္တိ၏ အာဘော်ဘက်သို့ ယိမ်းနေသော ကောက်ချက်ကို မှန်းဆနိုင်ကြအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ ပလေးတိုး၏ရေးဟန်နှင့် စပ်လျဉ်း၍ အင်္ဂလိပ်စာဆို ရှဲလေးက ဆိုခဲ့သည်မှာ ‘ပလေးတိုး၏ အနှစ်သာရသည် ကဗျာသဘောဖြစ်သည်။ သူ၏ စိတ်မျက်စိတွင် မြင်သမျှ ပဋ္ဋိရူပကတို့သည် တိကျမှန်ကန်၍ ခန့်ညားသော သဘောရှိသည်။ သူ၏စိတ်နားတွင် ကြားသမျှတို့သည် ပီသ၍ သာယာသောသဘောရှိသည်’ ဟု ဆိုခဲ့သည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts