တေးဂီတ

အာဟာရရှိတဲ့ တေးဂီတ

အာဟာရရှိတဲ့ တေးဂီတ ~~~~
Win Wenders ရဲ့ ရုပ်ရှင် “Buena Vista Social Club” ကို ကျွန်တော်ကြည့်လိုက်တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သတ်ပြီး ကျွန်တော်ဘာမှ ထပ်ပြီး ပြောစရာမလိုအပ်ဘူးလို့ထင်တယ်။ ဒီရုပ်ရှင်က အမေရိကန်ဂီတပညာရှင် “Ry Cooder” ဟာ နှစ်ပေါင်းများစွာ မေ့လျော့ခံထားရတဲ့ ဒဏ္ဍာရီထဲက ကျူးဘားနာမည်ကျော် အနုပညာပါရမီရှင်နဲ့ အဆိုရှင်တွေကို လိုက်လံရှာဖွေပေါင်းစည်းတာကို ဖော်ညွှန်းထားတဲ့ ရုပ်ရှင်ဖြစ်တယ်။ ဒေသခံနယ်ခံမှာ ရိုက်ကူးပြီး အခွင့်အရေးရခိုက် နိုင်ငံရပ်ခြားမှာ အောင်အောင်မြင်မြင် ဖျော်ဖြေတဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ “တေးဂီတ မှတ်တမ်းကား” တစ်ကားဖြစ်တယ်။ အဲဒီ ကားမှာ ပါဝင်တဲ့ ဂီတပညာရှင်တိုင်းဟာ အင်မတန်ဆွဲဆောင်မှုရှိသူတွေ ဖြစ်တယ်။ တေးဂီတ ကလည်း သာယာနာပျော်ဖွယ်သက်ဝင်လှုပ်ရှားမှုတာ ဖြစ်လို့ ခင်ဗျားကို မကြည့်ရမနေနိုင်အောင် နက်နက်နဲနဲ ညှို့ငင်ဖမ်းစားပါတယ်။
အဲဒီရုပ်ရှင်ကို ကျွန်တော်သွားကြည့်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်အိမ်ပြောင်းထားတဲ့ ဒုတိယနေ့ ဖြစ်တယ်။ အထုပ်အပိုးတွေနဲ့ ရာနဲ့ချီပြောင်းရွှေ့နေခဲ့ရလို့ (သီချင်းဟောင်းချည်းပဲ အချပ်ခြောက်ထောင်ကျော်ရှိတယ်။) ခန္ဓာကိုယ်က ဂုန်နီအိတ်တစ်အိတ်လို လျော့ရိလျော့ရဲ ခြေကုန်လက်ပန်းကျနေခဲ့တယ်။ ရုပ်ရှင်ရုံက ခုံပေါ်ထိုင်ချလိုက်ချိန် ခြေနှစ်ဖက်က ရုတ်တရက်ပျော့ခွေသွားတယ်။ ဘယ်တော့မှ ထရပ်လို့ မရနိုင်တော့မှာစိုးတယ်လို့တောင် သံသယဖြစ်ခဲ့မိတယ်။ ရပ်ပြီးလှုပ်ရှားနေတုန်းက ကိုယ့်ကိုယ်ကိုယ် သတိမထားမိသေးဘူး။ ထိုင်လည်း ထိုင်ချလိုက်ရော မောပန်းနွမ်းနယ်မှုတွေက ရုတ်တရက် ကုန်းရုန်းထလာသလိုပါပဲ။ ဒီလို အခြေအနေမျိုး ရှိခဲ့ဖူးမှာပေါ့။ ဟုတ်လား…။
မောပန်းနွမ်းနယ်လွန်းတဲ့အတွက် ရုပ်ရှင်စပြပြီး တစ်နာရီဝန်းကျင်လောက်မှာ ကြည့်နေရင်း တချို့နေရာတွေမှာ ကျွန်တော်အိပ်ချင်မူးတူးနဲ့ ငိုက်မျဉ်းသွားခဲ့တယ်။ မျက်လုံးက တကယ်ပဲဖွင့်လို့မရတော့ဘူး။ ဦးနှောက်ထဲမှာ “အာ… သိပ်ကောင်းတာပဲ” လို့ စဉ်းစားနေပေမယ့် ခန္ဓာကိုယ်က သက်တောင့်သက်သာ လျှောကျပြီး အိပ်စက်ခြင်းညွန်(နွံ)ထဲ ကျွံဝင်သွားစေခဲ့တယ်။ အိပ်မက်တိုလေးတွေတောင် မက်လိုက်သေးတယ်။ အိပ်မက်တစ်ခုတိုင်းကလည်း အဆက်အစပ်မရှိ၊ မယုံကြည်နိုင်လောက်တဲ့ အိပ်မက်တွေပါပဲ။ အိပ်မက်တစ်ခုမက်တိုင်း ခန္ဓာကိုယ်ရဲ့ နွမ်းလျမှုတွေ အနည်းငယ်သက်သာရာရပြီး တဖြည်းဖြည်းပြန်ကောင်းလာသလိုပါပဲ။ အဲဒီအချိန်အတောအတွင်းမှာ ကျူးဘားတေးဂီတက ကျွန်တော့်နားတဝိုက် သာယာငြိမ့်ညောင်းစွာနဲ့ လူးလားခေါက်ပြန် ပျံ့လွင့်နေခဲ့တယ်။
အဲဒီလိုပဲ ဒီရုပ်ရှင်နဲ့ ပတ်သတ်ပြီး တချို့နေရာတွေကို ကျွန်တော်မကြည့်လိုက်မိတာ ရှိကောင်းရှိမယ်။ ဒါပေမယ့် ရုပ်ရှင်ရုံက ထွက်လာတဲ့ အချိန် ကျွန်တော့် ခန္ဓာကိုယ်ဟာ အိပ်မက်တွေမက်ပြီးတဲ့နောက် တစ်ပတ်ရစ်(second hand) ခွေရဲ့ အဆင့်နဲ့ပြောရရင် “အရည်အသွေးတူတဲ့ ခွေသစ်”  နီးနီးဖြစ်သွားသလိုပါပဲ။ ကျွန်တော်က အဲဒီရုပ်ရှင်ကို ဦးနှောက်သုံးပြီး မကြည့်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ နက်နက်နဲနဲ လက်တွေ့ကျကျ ခံစားနားလည်လိုက်တာ၊ တန်ဖိုးဖြတ်လိုက်တာ ဖြစ်တယ်။ ရုပ်ရှင်က ကျွန်တော့်တစ်ကိုယ်လုံး အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့တယ်။ အားတိုးအာဟာရကို တပြွတ်ပြွတ်စုပ်ယူ ထည့်လိုက်တဲ့ ခံစားမှုတစ်မျိုးဖြစ်ပေါ်ခဲ့တယ်။ အဓိပ္ပာယ်နက်နဲတဲ့ ရှင်းပြမှုမျိုးကို ခရေစေ့တွင်းကျ ပြောမနေတော့ပါဘူး။
ဒီလို ရုပ်ရှင်မျိုးကို အတတ်နိုင်ဆုံး အခွေနဲ့ မကြည့်တာကောင်းတယ်။ ရုပ်ရှင်ရုံက ထိုင်ခုံပေါ်မှာပဲ ထိုင်ပြီး ကြည့်သင့်တယ်။ ကျွမ်းဝင်တဲ့ အမှောင်ထုထဲမှာ တေးဂီတရစ်သိုင်းလွှမ်းခြုံချိန် ကြည့်တာပဲကောင်းတယ်။ တချို့အရာတွေက ဒီလိုမှ မလုပ်ရင် သူ့ထဲ ခင်ဗျားလုံးဝနစ်ဝင်သွားနိုင်ဖို့ အကြောင်းမရှိဘူး။
ဒါရိုက်တာ Jim Jarmusch ရဲ့ “Year of the Horse” ကလည်း Neil Young ရဲ့ ဂီတပွဲတော်ကို အဓိကထားပြီး ရိုက်ထားတဲ့ တေးဂီတမှတ်တမ်းကားတစ်ကားဖြစ်တယ်။ အတုမရှိ ကြမ်းရှရှအရသာနဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။ ဒီရုပ်ရှင်ကား နှစ်ကားလုံးကို ရုပ်ရှင်ရိုက်တဲ့ ကင်မရာတွေနဲ့ ရိုက်ထားတာ မဟုတ်ပါဘူး။ လက်ဆွဲကင်မရာအသေးစားနဲ့ ရိုက်ထားတာဖြစ်တယ်။ ဒါကြောင့် အရည်အသွေးကြမ်းနေပေမယ့် တေးဂီတရဲ့ အသက်ငွေ့က ပိုပြီး လှုပ်ရှားသက်ဝင်ပေါ်ထွက်လာပါတယ်။ ခုတလော ငွေကြေး အမြောက်အမြား သုံးစွဲပြီး အကောင်းဆုံ အနုစိတ်ရိုက်ကူးထားတဲ့ တေးဂီတခွေတွေ ထွက်လာခဲ့တယ်။ တခါတလေ ဒါတွေကို ကြည့်ရတာ အီလိုက်တာလို့ ခံစားရတယ်။ ဒီလိုသာဆိုရင် တကယ်လှပနှစ်လိုဖွယ်ရှိတဲ့ ထိရောက်တဲ့ ပုံရိပ်တွေကို ရိုက်နိုင်ဖို့ ပိုခက်ခဲကောင်း ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ Wenders နဲ့ Jarmusch ရဲ့ “တေးဂီတ ရုပ်ရှင်” ကို ကြည့်ပြီးတဲ့နောက် ကျွန်တော်ဒီလို အတွေးမျိုးရှိခဲ့တယ်။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ဆိုသော “မူရာကာမိ ရေဒီယို” စာအုပ်မှ

ရသ

Open More Online

Related Posts