နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၅)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၅) – စာအုပ်ပုံတွေကြားမှာ မွန် စာကျက်နေခိုက် ကန်ထရိုက် လုပ်နေသော ဖေဖေ့သူငယ်ချင်း အိမ်သို့ အလည်ရောက်လာသည်။

“ညည်း အလုပ် မရသေးဘူးလား” “ခုမှ စာမေးပွဲ ဖြေရမှာလေ ဦးဦးရဲ့၊ မွန်တို့ ကျောင်းပြီးကတည်းက ခုမှ အလုပ်ခေါ်တာ” ခုတလော မွန့်မှာ အလုပ် လိုချင်သည့် ချင်ခြင်းတက်နေလေသည်။ မငယ်၏ ဓာတ်ခွဲခန်း အတွေ့အကြုံ၊ နို့ချက်စီမံကိန်းက ကိုတင့်နိုင်၊ ကိုရန်ခိုင်နှင့် မသော်၊ စိုက်သိပ္ပံက မသီတာ၊ ဦးစီးဌာနက ကိုဝင်းအောင်တို့၏ အတွေ့အကြုံများကို မွန် အားကျခဲ့သည်မှာ ကြာပြီ။ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦး၏ ဘဝကိုလည်း ပီပြင်သည်ထက် ပီပြင်ချင်လေသည်။ ဦးဦးနှင့် စကားပြောရင်း မွန် ဆေးခန်းထိုင်သည့်အကြောင်းသို့ ရောက်သွားသည်။ “ညည်းကို ကြည့်ရတာ ပင်ပန်းလိုက်တာ မိမွန်ရယ်၊ ဒီလောက် လုပ်ရပြီး ဝင်ငွေကျတော့ ဘာမှလည်း မဟုတ်၊ အေးလေ … လူတွေကလည်း တိရစ္ဆာန်ကို ချစ်တတ်ဦးမှ၊ ချစ်သည့်တိုင်အောင် ဆေးကုဖို့ ပိုက်ဆံ ရှိဦးမှ ဖြစ်မှာ၊ ဦးဦး ပြောမယ်၊ ဆေးခန်း မထိုင်ဘဲ ဝိုင်းကျူရှင် ပေးပါလား”

“မွန်တို့က ပညာနဲ့ အသက်မွေးရတဲ့ သူတွေပါ၊ ဦးဦးနဲ့တော့ ဘယ်တူပါ့မလဲ၊ အရာရာကို ငွေနဲ့ တိုင်းတာလို့ မရပါဘူး၊ အတွေ့အကြုံတွေ၊ အရည်အသွေး တိုးတက်မှုတွေကို မျက်စိနဲ့ မြင်ရလို့လား ဦးဦးရဲ့” ဦးဦးက ခွင့်လွှတ်စွာပင် ရယ်မောနေသည်။ ဖေဖေ မျက်ရိပ်ပြပြီး ဟန့်တားလိုက်၍သာ မွန် ငြိမ်နေလိုက်ရသော်လည်း ရင်ထဲမှာ အောင့်သက် ခါးသီးစွာ ကျန်ခဲ့သည်။

မယုံကြည်နိုင်လွန်းစွာ နောက်တစ်ခေါက် ထပ်မေးမိတော့ သည်ဈေးနှုန်းကိုပင် ထပ်ပြောလေသည်။ လွန်ခဲ့သော လကထက် တန်ဖိုးက သုံးဆခန့် မြင့်မားနေသည်။ အိတ်ထဲက ပိုက်ဆံလေးတွေကို ငုံ့ကြည့်မိသည်။ တခြား ဆေးတွေလည်း ဝယ်ရဦးမည်။ ကုမ္ပဏီအမျိုးမျိုးက တံဆိပ်အမျိုးမျိုးနှင့် ဆေးပုလင်းတွေကိ မော့ကြည့်ရင်း မွန် ချွေးပြန်လာသည်။ “ဆေးဈေးတွေ တက်တော့လည်း ဆေးခန်းမှာ ပိုက်ဆံ ပိုယူပေါ့ ဆရာမရဲ့၊ ဆရာမတို့လို ဆေးကုတဲ့ သူတွေက ဆေးများများ လှောင်ထားဖို့ ကောင်းတယ်” မွန့် အတွေးထဲမှာ ခေါင်းအုံး တစ်လုံး၊ ဖျာ တစ်ချပ်၊ ထရံကာ သုံးဖက်နှင့် တံခါး မရှိသည့် အိမ်ကလေးတွေ၊ ဆင်းရဲချို့တဲ့ရှာပြီး မွေးမြူရေးကို အသက်ရှူပေါက် တစ်ခုသဖွယ် မဝတဝ ရှူနေရသည့် လူနာရှင်တွေ အစီအရီ ပေါ်လာသည်။ ဆရာမလေးက မိန်းကလေးလည်း ဖြစ်၊ လာရတာလည်း ဝေး ဆိုတော့ အရေးအကြောင်းဆို အားကိုး မရှိလို့ စိတ်ပျက်မိတယ်ဗျာ ဟူသည့် မွေးမြူရေးသမား တစ်ဦး၏ စကား။ ဆရာမရယ်၊ အိမ်က ဝက်ကလေးတွေ ဝမ်းသွားနေတယ်၊ ပိုက်ဆံ အဆင်မပြေလို့ သောက်ဆေးပဲ ရောင်းပေးပါလား ဟူသည့် စကား။ သည်အသံတွေက နားဝမှာ ကျယ်လောင်စွာ မြည်ဟည်း ဝေ့ဝဲနေကြသည်။ ပင့်သက်ချလိုက်တိုင်း မွန်းကျပ်မှုတွေ လျော့ပါးသွားရင် သိပ်ကောင်းမှာပါပဲ။

လေပြည်က ညင်ညင်သာသာလေး တိုက်ခတ်နေသည်။ မိုးစက်မိုးငွေ့တို့ကြောင့် ဝန်းကျင်တစ်ခုလုံး စိမ်းစိုလျက် ရှိ၏။ ဖြူတုတ်တို့ ကလေးတစ်သိုက်ကား အသုပ်ရောင်းတမ်း ကစားနေကြသည်။ လမ်းမပေါ်က ရေလှည်း တွန်းသူ၊ ကျောက်စည် သယ်သွားသူ၊ ဗေဒင်ဟောစာတမ်း ရောင်းသူ၊ ဖြတ်သွားဖြတ်လာတို့ကိုလည်း အဓိပ္ပာယ်မဲ့ လိုက်ကြည့်မိ၏။ ချုပ်ထိန်းမှု မဲ့သည့် စိတ်အစဉ်ကို လေနှင့်အတူ လွှင့်ရင်း ငေးမော ဆိတ်ငြိမ်နေမိသည်။ မနက်က အလုပ်စာမေးပွဲ အောင်စာရင်း ထွက်သည်။ မွန့် နာမည်ကား မပါ။ တစ်ကြိမ်နှင့် မရသေးလျှင် အကြိမ်ကြိမ် ကြိုးစားဦးမည်ဟု ဇွဲစိတ် ရှိသော်လည်း ‘အရင်းအနှီး နည်းပါးပြီး မအောင်မြင်သေးတဲ့ ငါ့လို ဆရာဝန်ပေါက်စလေးဟာ ကိုယ်ပိုင် ဆေးကုခန်း တစ်ခုကို ဘယ်လောက် အချိန်ကြာကြာအထိ ထိန်းထားနိုင်ပါ့မလဲ’ ဟု တွေးစပြုလေသည်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ပြီး ကြိုးကြိုးကုတ်ကုတ် ပျိုးထောင်လာခဲ့ရတဲ့ ဘဝကိုရော လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်ပါ့မလား တွေးရင်း စိတ်မောလာမိသည်။

အလင်းရောင်ကလည်း တဖြည်းဖြည်း ဖျော့မှိန်လာချေပြီ။ သည်နေ့လည်း ဆေးခန်းမှာ စာဖတ်သည့် ဆရာဝန်ပဲပေါ့။ မွန် ပြန်ရန် ပြင်ဆင်နေခိုက်မှာပဲ လူကြီးတစ်ဦးနှင့် မိန်းကလေး တစ်ဦးတို့ ရေးကြီးသုတ်ပျာ ရောက်လာကြသည်။ “တို့ကြောင်လေး ကလေး မမွေးနိုင်လို့ လာပြတာ၊ သူ ကြည့်ပေးနိုင်မလား ဟင်” မိန်းကလေးက မွန်နှင့် မတိမ်းမယိမ်း။ ခြင်းတောင်းလှလှလေးထဲမှာ ကြောင်ကလေးက ဝပ်စင်းလို့ နေသည်။ “ခါတိုင်း သူတို့ နေမကောင်းရင် သန္တာတို့က မြို့ထဲမှာ ပြတာ၊ ဒီနေ့မှ အိမ်က ကား မအားလို့ ကမန်းကတမ်း ဒီ ခေါ်လာရတယ်” “လိုအပ်တာကို ဆရာမ လုပ်ပေးမှာပေါ့၊ သမီးက ဘာတွေ လျှောက်ပြောနေတာလဲ” ခံ့ညား တည်ကြည်သော ဖခင်ဖြစ်သူက ဝင်ဟန့်တားလိုက်သည့်တိုင် လှပနုနယ်သော မိန်းကလေး၏ မျက်နှာလေးက ဆေးခန်း အဆင်အပြင်ကို ဝေ့ဝိုက် အကဲခတ်လျက် စိတ်ပျက်နေသည့်ဟန် အထင်းသား ပေါ်လွင်နေလေသည်။

“အထဲမှာ ကြောင်ကလေး တစ်ကောင် ကျန်သေးတယ်၊ ခြေ နှစ်ချောင်းအပြင် ရောက်နေတဲ့ ကြောင်ကလေးကလည်း သေနေပြီ၊ သူတို့ကို ခွဲထုတ်မှ ကြောင်မကြီး အသက်ရှင်ပါလိမ့်မယ်” “ဟင် … ဒီမှာ ခွဲလို့ ဖြစ်ပါ့မလား” လူကြီးက မျက်မှောင်ကုတ်ကြည့်လိုက်သဖြင့် မိန်းကလေးက စကား တစ်ပိုင်းတစ်စနှင့် ရပ်သွားသည်။ “ခွဲသာ ခွဲပါ ဆရာမ၊ လိုအပ်သလိုသာ လုပ်ပါ” အပြင်ဘက်တွင် လမ်းမီးများပင် ပွင့်နေပြီ။ ကြောင်မလေးကို မေ့ဆေး ထိုးပေးပြီး စိတ်ချရသည့် အခြေအနေ ရောက် မရောက် စစ်ဆေးလိုက်သည်။ ခွဲစိတ်ကုသရန် အားလုံးအသင့် ဖြစ်နေချိန်မှာပဲ လျှပ်စစ်မီး ပျက်သွားလေသည်။

ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts