နေပူမိုးရွာ (ဇာတ်သိမ်းပိုင်း)

နေပူမိုးရွာ (ဇာတ်သိမ်းပိုင်း)

နေပူမိုးရွာ (ဇာတ်သိမ်းပိုင်း) – ကြွက်စုတ်သည် ပိန်ပိန်သေးသေးကွေးကွေးလေး ဖြစ်၏။ ဤသည်ကပင် သူ့အား ကံတရားက လုပ်ကိုင်စားသောက်နိုင်အောင် ဖန်တီးပေးထားသလို ဖြစ်နေ၏။

အကြောင်းကား … လူတစ်ယောက် ဘယ်လိုမှ မဝင်နိုင်ဟု စိတ်ချလောက်သော အပေါက်တစ်ပေါက်ကို သူက ဝင်နိုင်သည်။ ကလေးတစ်ယောက်၏ လက်တောင်မှ နှိုက်လို့မရဟု ထင်ရသော အပေါက်ကို သူ့လက်ဖြင့် ရအောင်နှိုက်နိုင်သည်။ သူ့အရိုးအဆစ်များ ထူးခြားစွာ ပျော့ပျောင်းနေသောကြောင့် ဖြစ်လေသည်။ သူက လျင်လည်းလျင်သည်။ မပိုင်ရင် မလုပ်။ လုပ်ရင်လည်း ထွက်ပေါက်ကို အရင်ရှာထားသည်။ သူ အလုပ်လုပ်ရင် ပိပိရိရိရှိပြီး လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်သည်က များသည်။ ကြွက်လိုပင် အပေါက်ရှာကောင်းသဖြင့် ဒီနာမည် တွင်နေခြင်းဖြစ်၏။

သူ ယနေ့ရွေးချယ်ထားသော အိမ်က အပျိုကြီးတစ်ယောက်တည်း နေသောအိမ်ဖြစ်သည်။ ရက်ပေါင်းများစွာ ကြိုတင်စနည်းနာ အကွက်ချထားချက်အရ … အပျိုကြီးသည် အသက်လေးဆယ့်ငါးနှစ်လောက်ရှိပြီး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားနေနိုင်လောက်အောင် အတွင်းပစ္စည်းတွေ ရှိသည်။ ထို ပစ္စည်းတွေကို လူတွေမရိပ်မိအောင် သိုသိုသိပ်သိပ် ထားသည်။ ထားပုံသိုပုံက ပညာပါ၏။ အဝတ်အစား အဟောင်းအစုတ်တွေကြားထဲတွင် ရွှေထည်တွေကို ညှပ်ထည့်ပြီး ထဘီအစုတ်တစ်ထည်ဖြင့် ထုပ်၍ ခုတင်အောက်မှာ ထားသည်။ ဘယ်သူကမှ အဖိုးတန်ပစ္စည်းဟု ထင်မိမည်မဟုတ်။

ကြွက်စုတ်သည် အိမ်အောက်သို့ ကြိုကြိုတင်တင် ရောက်နှင့်နေသည်။ သူ့အကြံက သိပ်ပိုင်သည်။ ခုတင်အောက်နှင့် တည့်တည့်ကြမ်းခင်းနှင့် ကပ်လျက်ရှိသော ပျဉ်တစ်ချပ်ကို ဟရုံကလေးခွာမည်။ ပြီးတော့ လက်ကို အသာကလေးလျှိမည်။ အဖျားမှာ ချိတ်လိုကောက်ထားသော သံချောင်းရှည်ကလေးနှင့် အထုပ်ကို စမ်းပြီး ဆွဲယူမည်။ ဓားဖြင့်ခွဲ၍ အထဲက ရွှေထည်တွေကို ကဲ့ယူမည်။ ပြီးတော့ အထုပ်ကို ပြန်ထားခဲ့သည်။ မိန်းမကြီး အထုပ်ကိုမဖြေမချင်း အခိုးခံရကြောင်း သိရမည်မဟုတ်။ ပြီးတော့ ဒီကိစ္စမှာ အိမ်ထဲတောင် ဝင်စရာမလို။ မိန်းမကြီးက တော်တော်နှင့်မအိပ်။ အခန်းထဲ ဝင်လိုက် အပြင်ထွက်လိုက် လုပ်နေသည်။ တစ်ခါကျတော့ အခန်းထဲက အသံထွက်လာသည်။

“မင်း သိပ်ဆိုးတယ်ကွယ် …” ကြွက်စုတ် ပခုံးတွန့်လိုက်မိသည်။ ဒီအပျိုကြီး ဘယ်လိုဖြစ်နေပြီလဲ။ “မင်းကို ကျွေးမွေးပြုစုရတာ အလကားပဲ … ဘာမှ ကူညီဖော် မရဘူး၊ စားလိုက် အိပ်လိုက် … ဟင်း … ဒီကြားထဲ” ကြမ်းပေါ်သို့ တစ်စုံတစ်ခု ဘုတ်ခနဲ ပြုတ်ကျသံ ကြားသည်။ ပြီးတော့ ‘ညောင်’ ဆိုသော အော်သံကြားရ၏။ “ဟဲ့ ပူစီ … ဘယ်သွားဦးမလို့လဲ၊ လာလာ … မီမီ” ကြွက်စုတ် မရယ်မိအောင် သတိထားနေလိုက်သည်။ ခဏကြာတော့ မိန်းမကြီး အိမ်ရှေ့ခန်းထွက်သွား၏။ ဘုရားရှိခိုးသံ ကြားရသည်။ ငါးမိနစ်၊ ဆယ်မိနစ်တော့ အချိန်ရမည်။ ပျဉ်ကာကို အသာကလေးဟသည်။ သံတူရွင်းငယ်ကို ကျိတ်ပြီး ခပ်မျှဉ်းမျှဉ်း ဆွဲရသည်။ ကျွတ်ခနဲ ခပ်အုပ်အုပ်မြည်ပြီး အနည်းငယ် ဟသွားသည်။ ရလောက်ပြီ။ လက်ဝါးလျှိုကြည့်သည်။ ရသည်။ လက်ဝါးအရင်းပိုင်းက တစ်နေသည်။ ကိစ္စမရှိ။ ဒီလောက်ကတော့ နည်းနည်းချင်းနဲ့ သွင်းလို့ရသည်။

မိန်းမကြီး အခန်းထဲပြန်ဝင်လာသည်။ ကြွက်စုတ် ငြိမ်နေလိုက်သည်။ မိန်းမကြီးက အတော်ကြာအောင် အိပ်မပျော်သေး။ ခုတင်ပေါ်မှာ ဟိုဟိုဒီဒီ လှိမ့်နေပုံရသည်။ အတော်ကြာတော့မှ ငြိမ်သွားသည်။ ကြွက်စုတ်က နားကို အစွမ်းကုန် စွင့်လိုက်သည်။ အသက်ရှူသံ ခပ်မှန်မှန်ကြားရသည်။ အိပ်ပျော်နေပြီ။ သေချာအောင် နာရီဝက်လောက် စိတ်ရှည်ရှည်စောင့်လိုက်သည်။ အသက်ရှူသံကို ခန့်မှန်းကြည့်ရာ ကောင်းကောင်း အိပ်မောကျနေပြီဖြစ်ကြောင်း သိရသည်။ အလုပ်စလို့ ရပြီ။ ကြွက်စုတ်သည် ဟနေသော ပျဉ်းပြားကြားသို့ လက်လျှိုလိုက်သည်။ တဖြည်းဖြည်းနှဲ့သည်။ လက်ဖဝါး ဝင်သွားပြီ။ အထုပ်ရှိရာနှင့် လှမ်းလိမ့်ဦးမည် ထင်သည်။ သံချောင်းကို သုံးရမလား။ လက်နှင့် အရင်စမ်းကြည့်ဦးမည်။ လက်ကို နည်းနည်းထပ်သွင်းပြီး စမ်းလိုက်သည်။ အရာဝတ္ထုတစ်ခုကို စမ်းမိ၏။ ဘာပါလိမ့်။

‘ဖြောင်း’ ခနဲ အသံမြည်သွားသည်။ သူ့လက်ကို အရာတစ်ခုခုက ပြင်းထန်စွာ ညှပ်ထားလိုက်သည်။ “အား …” သူ မအောင့်နိုင်ဘဲ အော်မိသည်။ သူ့လက်က ကြွက်ထောင်ချောက်မှာ မိနေပြီ။ “ဟဲ့ … ဟဲ့” မိန်းမကြီး နိုးလာပြီ။ ကြွက်စုတ်က အသံမထွက်အောင် နှုတ်ခမ်းကို ဖိကိုက်ပြီး လက်ကို ပြန်ဆွဲထုတ်သည်။ မရ။ ကြွက်ထောင်ချောက်က သူ့လက်ကို ညှပ်လျက်သား အပေါက်မှာ ကန့်လန့်ခံနေသည်။ ထောင်ချောက်၏ သံဆူးတွေက သူ့လက်ဖဝါးထဲသို့ နစ်ဝင်နေသည်။ အသည်းခိုက်အောင် နာလာသဖြင့် ကျွတ်ခနဲ အသံထွက်သွားသည်။ မိန်းမကြီးက ခုတင်အောက်ကို ငုံ့ကြည့်ပြီး လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ဟန်တူသည်။ မြင်သွား၏။

“ဟဲ့ … အမယ်လေးဘာကြီးလဲ” ကြွက်စုတ်က လက်ကို အတင်းရုန်းသည်။ ကျန်လက်တစ်ဖက်ကလည်း ဘယ်လိုမှ ကူလို့မရ။ ရုန်းလေ သံဆူးတွေက နစ်ဝင်လေဖြင့် မခံမရပ်နိုင်အောင် နာလာသည်။ “သ … သ … သရဲ …” မိန်းမကြီးက အထစ်ထစ်အငေါ့ငေါ့။ ကြွက်စုတ်က … “သရဲ မဟုတ်ဘူးဗျ၊ လူဗျ … လူ၊ အမယ်လေး နာတယ်ဗျ … ဖြုတ်ပေးပါဗျ” “မ … မ …မဖြုတ်ရဲဘူး” မတတ်နိုင်တော့။ နာလှပြီ။ ကြွက်ထောင်ချောက်ကနေ လွတ်ဖို့သာ လောလောဆယ် အရေးကြီးနေသဖြင့် “ဒါဆို တခြားလူတွေ ခေါ်လိုက်ပါဗျ … ခေါ်ပါဗျ မြန်မြန်” မိန်းမကြီးကလည်း အကြောက်လွန်ပြီး ကယောင်ကတမ်း ဖြစ်နေပုံရသည်။ မအော်နိုင်တော့ဘဲ ကြမ်းပေါ်မှာ ခုန်နေသည်။ ထို့ကြောင့် ကြွက်စုတ် မနေသာ။ သူ့ဘာသာသူ အော်ရတော့သည်။

“လာကြပါဗျို့ … ကယ်တော်မူကြပါ၊ သူခိုးဗျို့ … သူခိုး” အသံကုန်ဟစ်သည်။ လက်ကလည်း တဆစ်ဆစ် အရမ်းနာနေပြီ။ “သူခိုးဗျို့ … သူခိုး၊ မြန်မြန်လာပါ” လူတွေ ဝိုင်းလာသည်။ အသံတွေ ဆူညံနေသည်။ “ဟေ့ … ဘယ်မှာလဲ သူခိုး” “ဒီမှာဗျ … အိမ်အောက်မှာ၊ အမယ်လေးဗျ၊ နာလှပါပြီ … မြန်မြန်လာပါဗျ” လက်နှိပ်ဓာတ်မီးရောင်တွေ သူ့အပေါ် ကျလာသည်။ “ကျွန်တော်ပဲဗျ သူခိုး …” သူခိုးကိုယ်တိုင်က သူ့ကိုယ်သူ ပြန်အော်ပြီး ဖော်နေသဖြင့် လူတွေ ကြောင်နေသည်။ “လာပါဗျ … မြန်မြန်ဖြုတ်ပေးပါ၊ ဒီမှာ သေတော့မယ်၊ လာဖမ်းကြပါဗျ … အမယ်လေးဗျ” ကြွက်စုတ်က ရှုံ့မဲ့ပြီး ခုနစ်သံချီ အော်လိုက်သည်။

“အဲဒါပါပဲဗျာ … ဒါကြောင့် ကျုပ်က ကိုယ်ကကျူးရင် ကိုယ့်လက်တောင် မယုံရဘူးလို့ ပြောတာပေါ့” ဟုဆိုပြီး ကြွက်ထောင်ချောက်ညှပ်ထားသည့် ဒဏ်ကြောင့် အကြောတို့ ဆိုင်းကာ ကွေ့ကွေ့ကောက်ကောက်လေး ဖြစ်နေသော သူ့လက်ကလေးကို ကြည့်၍ ပြောလိုက်သည်။ ထိုအချိန်မှာပင် … “ဟေ့ … ဘယ်သူတွေလဲကွ စကားများနေတာ၊ နာချင်လို့လား … အိပ်ချိန်ကွ အိပ်ချိန်” ဟု လှမ်းအော်လိုက်သော တာဝန်ကျ အစောင့်၏ အသံကို ကြားရသည်။ သူတို့ အုပ်စုလည်း ကပျာကယာ ကိုယ့်နေရာကိုယ်သွားပြီး ကွေးကွေးလေးတွေ လှဲအိပ်လိုက်ကြရသည်။

အတန်ကြာသောအခါ ရဲဘက် အကျဉ်းစခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ မနက်ကျလျှင် အစောကြီးထပြီး ကျောက်ထုစခန်းမှာ မိမိတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ချွေးဖြင့် ပြန်လည်ပေးဆပ်ကြရပေဦးမည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts