နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း) – ကြွက်သားလွှာတွေကို အဆင့်ဆင့်ချုပ်ပြီး နောက်ဆုံးအဆင့် အရေပြားကို Horizontal Mattress Suture ဖြင့် အဆုံးသတ်လိုက်သည်။ ဖယောင်းတိုင်က အတော်ပင် တိုနေပြီ။ မွန့် ဝမ်းထဲမှာ ဆာလွန်း၍ အူတကြုတ်ကြုတ် မြည်နေသည်။

“အိမ်ရောက်ရင် စားပွဲတို့၊ ကုလားထိုင် တို့လို အမြင့်တွေမှာ တင်မထားပါနဲ့၊ မေ့ဆေး မပြယ်သေးတော့ ပြုတ်ကျတတ်တယ်၊ ကြမ်းခင်းမှာ နွေးနွေးထွေးထွေး ထားရင် ရပါတယ်၊ သူ အစာ မတောင်းသရွေ့ ပါးစပ်ဟပြီး အစာ အတင်း မခွံ့နဲ့နော်” “ဟုတ်ကဲ့ပါ ဆရာမ” “ဆေး သုံးရက်ဆက် ထိုးဖို့ လိုပါလိမ့်မယ်၊ ချုပ်ရိုးကိုတော့ တစ်ပတ်ပြည့်တဲ့နေ့မှာ ဖြေပေးပါ့မယ်” “ကျေးဇူးတင်ပါတယ် ဆရာမ၊ မီးပျက်သွားလို့ သန္တာက စိတ်ဓာတ်ကျနေတာ၊ မနက်ဖြန် လာခဲ့မယ်နော်” “ဆရာမလေးက စေတနာလည်း ကောင်းတယ်၊ သတ္တိလည်း အပြည့်ရှိတယ်၊ ရှေ့ဆက် အောင်မြင်မှာပါကွယ်၊ ကဲ … အန်ကယ်တို့ကို ခွင့်ပြုပါဦး” ရင်ထဲမှာ ထူးထူးခြားခြား တုန်လှုပ်သွားရ၏။

ဘုရားလမ်းမှတ်တိုင်ကို မွန် ရောက်တော့ ည ကိုးနာရီ ထိုးလုပြီ။ သုဝဏ္ဏက ဓာတ်ကူးသည် ထင်၏။ သည်ဘက်မှာလည်း မီးမလာ။ ခြံဝင်းတစ်ခုဆီမှ ပျံ့လွင့်လာသော ဂစ်တာသံသဲ့သဲ့က ရင်ထဲသို့ စီးဝင်သွားသည်။ ညမွှေးပန်းရနံ့ သင်းသင်းကို ရှိုက်သွင်းလိုက်ရင်း ကောင်းကင်ကို မော့ကြည့်မိသောအခါ လဝန်းက ထိန်ထိန်သာနေသည်။ ကြယ်ကလေးများလည်း ပြိုးပြက်နေကြသည်။ ခါတိုင်းကတော့ သတိမထားမိ။ မီးရောင်တွေ ထိန်ထိန်ဝေသည့် ညများမှာလည်း သူ ရှိကောင်းရှိပေမည်။ လရောင်၊ ကြယ်ရောင် ထွန်းပြောင်နေသည့် ညမှာ မှိတ်ချည်လင်းချည်နှင့် သူလည်း အလှဆင်နေသည်သာ။ မှတ်တမ်းစာအုပ်ထဲမှာ ရေးခဲ့ဖူးသော စာသားအချို့ကို ရုတ်ခြည်း သတိရလိုက်မိသည်။

“ဘဝမိုးကောင်းကင်မှာ လမင်းကြီးလို အစွမ်းမထက်သေးတာတောင်မှ ပိုးစုန်းကြူးလို အလင်းရောင်နဲ့ လူသားတွေကို အကျိုးပြုနိုင်ရမယ်”

ပင်ပန်းနွမ်းနယ်မှုတွေ၊ တွေဝေ မွန်းကျပ်မှုတွေ ပြေပျောက်ပြီး မယုံကြည်နိုင်လောက်အောင် လန်းဆန်း ကြည်လင်လာသည်။ မမြင်နိုင်စွမ်းသည့် အင်အားသစ်တွေ စိမ့်စီးပျံ့နှံ့နေသလိုပါပဲ။ မနက်ဖြန်ကျလျှင် ဝက်ဝမ်းကျ ကာကွယ်ဆေး ထိုးပေးရဦးမည်။ အင်းစိန်က ဦးစီးဌာနမှာ သွားဝယ်ရလိမ့်မည်။ ရေခဲဘူးလည်း ယူသွားဦးမှ။ ခြေလှမ်းတွေက သွက်လာသည်။ မွန့်ရှေ့ ခပ်လှမ်းလှမ်းမှာတော့ ပိုးစုန်းကြူးငယ်တို့က အစွမ်းကုန် လင်းလက်တောက်ပနေလေသည်။

ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts