နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း (ဇာတ်သိမ်းပိုင်း)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၃)

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၃)“ဆရာဝန် မရောက်သေးဘူးလား ကလေး” ရုတ်တရက် မွန် ကြောင်သွားသည်။ အနားမှာ ဘယ်သူမှ ရှိမနေဘဲ မွန့်ကို ရည်ရွယ်မေးမှန်း သေချာသွားမှ “ဆရာဝန်က ကျွန်မပါ” ဟု ဖြေလိုက်သည်။

“ဟေ … ဟုတ်လား၊ ဦးလေးက ဆရာမကို အိမ်ရှင်ရဲ့ ကလေးတစ်ယောက်ယောက်လို့ ထင်နေတာ၊ မျက်စိကလည်း တယ်မွဲသကိုးကွယ်” ဦးလေးကြီးက သူ့ဘာသာ ရယ်နေတော့ မွန်လည်း မချိသွားဖြဲ လုပ်နေရလေသည်။ အရယ်ရပ်ပြီးမှ ဦးလေးကြီးက စကားစသည်။ “ဆရာမလေးက ကျောင်းပြီးတာ မကြားသေးဘူး ထင်တယ်၊ ဦးလေးကတော့ မွေးမြူရေး လုပ်လာတာ ကြာပြီကွဲ့၊ ကဲ … ကွယ် … တစ်ခု မေးစမ်းပါရစေ၊ ဦးလေး ဝက်မကြီး မနေ့က သားပေါက်တယ်၊ အဲဒီ ကလေးတွေရော ဝက်မကြီးကိုရော သံမံတလင်းပေါ်မှာပဲ မွေးတယ်၊ မြေကြီးနဲ့လည်း ပေးမထိဘူး၊ ဒါဆို ဝက်ကလေးတွေအတွက် ဘာလိုမလဲ၊ ဘာလုပ်ပေးဖို့ လိုမလဲ” မွန့်ခမျာ ကျောင်းတုန်းက ဆေးပညာ ဘာသာမှာ Special Viva မဖြေခဲ့ရသမျှ ခုမှပင် အတိုးချ၍ သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တတ်သော သွေးအားနည်းရောဂါ (Iron Deficiency Anaemia) အကြာင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြရလေသည်။ သည်တော့မှ မျက်မှောင်တွန့်ချိုးလျက် နားထောင်နေသော သူ့မျက်နှာ ပြေပြစ်လာလေသည်။

“ကဲ … ဟုတ်ပြီ၊ ဦးလေး ဝက်တစ်ကောင် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ပြီး အစာ မစားတာ လိုက်ကြည့်ပေးပေတော့ ဆရာမရေ” ဟင် … ခုနက မေးတာနဲ့ ဘာမှလည်း မဆိုင်ဘူးဟု တွေးရင်း မွန် လိုက်ကြည့်ပေးတော့ ဝက်ငယ်ကို အိမ်ရှေ့ကပြင်မှာ တွေ့ရသည်။ ဝက်ငယ်သည် ခြေလက်များ တောင့်လျက် ပါးစပ်မှ အမြှုပ်များ ထွက်နေ၏။ တစ်ကိုယ်လုံးတုန်၍ တက်နေပြီး ကိုယ်ခန္ဓာ အပူချိန်က သာမန်ထက် အနည်းငယ် မြင့်နေသည်။ နှလုံးခုန်နှုန်းက မြန်နေ၏။ မျက်ခွံကို ဖွင့်ကြည့်မိပြီး မွန့်ရင်ထဲမှာ တစ်စုံတစ်ရာကို စိုးထိတ်သွားသည်။ သို့နှင့် ပါးစပ်ကို ဆွဲဟကြည့်၏။ ဟ၍ မရ။ “ဆီးချုပ်၊ ဝမ်းချုပ်က ဆိုးတယ် ဆရာမရေ၊ ကျွန်တော်တို့ အတင်းနှိပ်တော့မှ ဝမ်းအတောင့်တွေ ထွက်လာတာ၊ ဝမ်းချူပြီး အားဆေးတစ်လုံးသာ ထိုးပေးခဲ့ဗျာ၊ အရင် ဝက်တွေတုန်းကလည်း ဒီလိုပဲ ဖြစ်တတ်တယ်၊ ဝမ်းချူပေးလိုက်တော့လည်း ကောင်းသွားတာပဲ” ဦးလေးကြီးက အဆက်မပြတ်ပြောနေသည်။ ကျောင်းပြီးခါစ ဆရာဝန်ပေါက်စမျှသာ ဖြစ်သော မွန်ဇော့်ကို မွေးမြူရေး သမ္ဘာရင့်သည့် သူ့ အတွေ့အကြုံ ဗဟုသုတတို့အား ဖြန့်ဝေပေးလိုပုံ ရသည်။

“ဦးလေးဝက်က မေးခိုင်ရောဂါ ဖြစ်နေတာ၊ ဝမ်းချူရုံနဲ့ ကောင်းသွားမှာ မဟုတ်ဘူး” “မေးခိုင်ရအောင် သူ့မှာ ဘာအနာမှ မရှိဘူး၊ သိပ်ကျန်းမာတာ ဆရာမရဲ့”ဘာလို့ မရှိရမှာလဲ ကိုထွန်းကြည်၊ တော် … ဟိုတစ်ပတ်ကတင် ဘလိတ်ဓားတစ်ချောင်းနဲ့ သင်းထားတာရော၊ ဆေးလည်း မထည့်၊ ဆေးလည်း မထိုးဘဲ ဖြစ်ပါ့မလားလို့ ကျုပ်က မေးမိတော့ အဟောက်တောင် ခံရသေးတယ်လေ” ဇနီးဖြစ်သူက ဝင်ပြော၍ သူ မလှုပ်သာ မလွန့်သာ ဖြစ်သွားသည်။ “အနာကနေ မေးခိုင်ပိုး ဝင်တယ် ထားပါတော့၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်တာကရော …” “ဆီးချုပ်၊ ဝမ်းချုပ် ဆိုတာက မေးခိုင်ရောဂါရဲ့ လက္ခဏာ တစ်ခုပဲ၊ မေးခိုင်ပိုးက ထုတ်တဲ့ အဆိပ်ကြောင့် တစ်ကိုယ်လုံး တက်နေတာ၊ တောင့်နေတာ ဦးလေးရဲ့၊ ကြွက်သားတွေ တောင့်နေတော့ အစာလည်း မစားနိုင်ဘူး၊ ဆီးတွေ ဝမ်းတွေလည်း မသွားနိုင်ဘူးပေါ့” ဦးထွန်းကြည်၏ လေးနက်သော အကြည့်ကို ပထမဆုံးအကြိမ်အဖြစ် မွန် လက်ခံ ရရှိလေသည်။

“ဒီနှစ်မှ ကျောင်းပြီးတာလား” “ဘာဆေး ထိုးတာလဲ” “ဘာအတွက် ထိုးတာလဲ” “ဘာရောဂါလဲ” “ကျွဲတွေ၊ နွားတွေကို ကုနိုင်ပါ့မလား” ဆိုသည့် အမေးလှိုင်းလုံးတွေကြားမှာ၊ ဖြစ်ပါမလား ဆိုသည့် သံသယ မျက်လုံးပေါင်းများစွာ ရှေ့မှာ အလုပ်နှင့် သက်သေပြပြီး မှတ်ကျောက်တင်ခံခဲ့ရသည်။ အများအားဖြင့် ဆေးအိတ်တစ်လုံး ဆွဲကာ ခြံတွေအနှံ့ လိုက်ကုရလေသည်။ ဆေးခန်း ထိုင်ခါစက ညဘက် အိမ်ပြန်ရောက်လျှင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေတတ်သည်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်ရသမျှ အိမ်အပြန် ကားပေါ်က ဆင်းလိုက်ပြီ ဆိုမှဖြင့် ခြေရောလက်ရော မသယ်ချင်လောက်အောင် အလျော့ပေးချင်နေမိသည်။

နှုတ်က မညည်းညူမိအောင် မျိုသိပ်နိုင်သော်လည်း မှတ်တမ်းစာအုပ်ထဲတွင်

‘ညဘက် လမ်းမီးတိုင်ရောင်အောက် ကတ္တရာလမ်းမပေါ်မှာ လွယ်နေကျ အိတ်ငယ်ကို လွယ်လို့ တစ်ယောက်တည်း လျှောက်လာရတဲ့အခါ တီဗီကိုယ်စီနဲ့ အိမ်တွေထဲက သဘောကျကျ ရယ်မောသံတွေဟာ ရင်ထဲကို မကူးစက်နိုင်အောင် ဖြစ်ရတယ်’

ဟု ရင်ဖွင့်ဖူးလေသည်။

ဘွဲ့ရသည့် အချိန်အထိ ဈေးသွားရန် အရွံကြီး ရွံခဲ့သမျှ ဆေးခန်းထိုင်မှပင် ဈေးကို တစ်ပတ်လျှင် နှစ်ခါ၊ သုံးခါ ဆိုသလို ရောက်ဖြစ်တော့သည်။ ညနေပိုင်းမှာ ဆေးကု၊ အပ်သည့် ဆေးများကို မှတ်သား၊ မနက်ပိုင်းမှာ စိန်ဂျွန်းလေဟာပြင် ဈေးတစ်ခွင် ခြေတိုအောင် လှည့်ပတ်သွားလာလျက် ဆေးဝယ်ရသည်။ “ဆရာမ ဂျီပီ အတော်ကောင်းတယ် ထင်တယ်၊ ခဏခဏ ဆေးလာဝယ်တယ်နော်” ဆေးဆိုင်က လူကြီး အပြောကြောင့် ခြေက မြေနှင့် မထိချင်။ မွန့်ရှေ့မှာ ဆေးတွေ ထောင်နှင့် သောင်းနှင့် ချီပြီး ဝယ်တာ တွေ့တော့မှ မိမိကို မြှောက်ပြောခြင်းဟု နားလည်လျက် မလုံမလဲ ဖြစ်ရလေသည်။

ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts