ဝိဓူရဇာတ်တော်ကြီး

နေမိဇာတ်တော်ကြီး

နေမိဇာတ်တော်ကြီးသည် ဇာတ်ကြီးဆယ်ဘွဲ့တွင် လေးခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ကောသလတိုင်း၊ သာဝတ္ထိပြည်တွင် သီတင်းသုံးတော်မူစဉ် ဝိဒေဟရာဇ်တိုင်း မိထိလာပြည်သို့ ဒေသစာရီ ကြွတော်မူခိုက် ဂါထာ၁၂၀ဖြင့် တန်ဆာဆင်အပ်သော ဤနေမိဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်၌ မြတ်စွာဘုရားသည် နိက္ခမပါရမီကို အထူးပြု၍ ဟောတော်မူသည်။

နေမိဇာတ်တော် အကြောင်းမှာအောက်ပါအတိုင်းဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိတ္ထီလာပြည်၌ မဃဒေဝီအမည်ရှိသောမင်း စိုးစံလေသည်။ မင်းကြီးသည် တရားတော်၌ မွေ့လျော်သောကြောင့် တစ်ခါသော် ဆံပင်မုတ်ဆိတ် ပြင်ဆင်ပေးသော ဆတ္တာသည်အား မိမိခေါင်း၌ ဆံပင်ဖြူကိုမြင်လျှင် မိမိအားလျှောက်ကြားရန် မှာထား၏။ တစ်နေ့သော် ဆတ္တာသည်-သည် မင်းကြီးဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်တွေ့၍ လျှောက်ကြားလေရာ မင်းကြီးသည် သားကြီးအိမ်ရှေ့မင်းကို ထီးနန်းအပ်ပြီးနောက် မိမိကဲ့သို့ ဆံပင်ဖြူကို မြင်တွေ့ရသောအရွယ်တွင် တောထွက်ရန်မှာကြား၍ တောထွက်သွားသည်။

ထိုသို့အားဖြင့် သားမြေးမြစ် အဆက်ဆက်တို့ ထီးနန်းစိုးစံ၍ ဆံပင်ဖြူသောအချိန်တွင် တောထွက်ကြကုန်၏။

ထိုမဃဒေဝမင်းမှ ၈၃၁၉၉၉ယောက်မြောက်သော မင်းသည် မိတ္ထိလာပြည်ကြီး၌ စိုးစံလေသည်။ ထိုမင်း၌ နေမိကုမာရ အမည်ရှိသော သားတာ်တစ်ပါး ရှိသည်။ နေမိမင်းသားသည် ဒါနသီလ၌ အကျင့်ထုံသည်။ ခမည်းတော် တော်ထွက်တော်မူသောအခါ ထီးနန်းဆက်ခံလေသည်။

တစ်ခါသော် နေမိမင်းကြီးသည် ဒါနကမြတ်သလော သီလကမြတ်သလောဟု တွေးတောမရ ဖြစ်၍နေရာ သိကြားမင်းသိရှိသဖြင့် ကိုယ်ထင်ပြလာ၍ သီလက ဒါနထက်မြတ်ကြောင်းကို ဟောပြောပြီးနောက် သိကြားမင်း နတ်ပြည်သို့ ပြန်သည်။ သိကြားမင်းသည် နတ်ပြည်၌ နတ်သဘင်အစည်းအဝေးသို့ တက်ရောက်လာသောအခါ အခြားနတ်များက သိကြားမင်း အဘယ်အရပ်သို့ ကြွနေကြောင်းကို မေးကြသဖြင့် နေမိမင်းကြီး၏ ယုံမှားပြဿနာကို ဖြေခဲ့ပုံနှင့် နေမိမင်းကြီး၏ အကျင့်သီလကို ချီးကျူးပြောပြသည်။ ထိုအခါ နတ်များက ထိုသို့အကျင့်သီလပြည့်စုံသော နေမိမင်းကြီးကို ဖူးမြင်လိုကြသဖြင့် နတ်ပြည်သို့ပင့်ဆောင် ပြသရန် သိကြားမင်းအား တောင်းပန်ကြသည်။

သိကြားမင်းသည် မာတလိနတ်သားအား သိန္ဓောမြင်းတစ်ထောင်ကသော ဝေဇယန္တာရထားကို ပြင်ဆင်၍ လူ့ပြည်သို့စေလွှတ်ကာ နေမိမင်းကြီးကို ဆောင်ယူစေသည်။ ထိုအချိန်တွင် မိတ္ထိလာပြည်သူ ပြည်သားများသည် လပြည့်နေ့ဖြစ်သည်နှင့် လဝန်းကိုမျှော်ကြည့်ခိုက် နတ်ရထားကို မြင်ကြရသည်။ မာတလိလည်း နေမိမင်းကြီးကို လျှောက်ကြားခေါ်ရာ နေမိမင်းကြီးသည် ပြည်သူမူးမတ်အများကို ခေါ်ယူ၍ မိမိနတ်ပြည်သို့ ခေတ္တသွားခိုက် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှု ပြုမြဲဝတ်ကို မချွတ်မယွင်း မကင်းမပေါ့ မလျော့မမေ့ရစ်ကြနှင့်ဟူ၍ မှာကြားပြီးလျှင် လိုက်ပါသွားလေသည်။

လမ်းခရီးတွင် နတ်သားက မင်းကြီးအား ငရဲပြည်သို့သွားရာလမ်း၊ နတ်ပြည်သို့သွားရာလမ်း ဟူ၍ လမ်းကြောင်းနှစ်ခုရှိရာ ရှေးဦးစွာ မည်သည့်လမ်းဖြင့်သွားလိုကြောင်း မေးသည်။ နေမိမင်းကြီးက နှစ်လမ်းလုံးကို သိလို မြင်လိုကြောင်း ပြောပြသဖြင့် ငရဲပြည်ဘက်သို့ ရထားကို ဦးစွာနှင်သည်။

ထိုသို့အားဖြင့် နေမိမင်းကြီးသည် လမ်းခရီးတွင် ဝေတရဏီ ငရဲ၊ သုနခ ငရဲ အစရှိသော ငရဲဘုံကို တွေ့၏။

တစ်ဖန် နတ်ပြည်လမ်းဖြင့် ခရီးနှင်ပြန်သော် ဗီရဏီ နတ်ဘုံ၊ သောနဒိန် နတ်ဘုံ အစရှိသော နတ်ဘုံတို့ကို တွေ့မြင်ရပြီးနောက် တာဝတိံသာနတ်ပြည် စိတ္တကုဋ်တံခါးမုခ်သို့ ရောက်သည်။ နတ်အများလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ထို့နောက်နတ်ဘုံ ဗိမာန်များကို ပြသ၍ နတ်ပြည်၌ပင် စံနေရန် သိကြားမင်းက ဖိတ်ကြားသည်။

နေမိမင်းကြီးကမူ သူတစ်ပါး၏ဘုန်းကံဖြင့် ရအပ်သော နေရာ၌ မစံလိုသေးဘဲ လူ့ဘုံ၌ပင် လူအများအား တရားရှေ့ဆောင် ညွှန်ပြလိုသေးကြောင်းဖြင့် ငြင်းပယ်သည်။

နေမိမင်းကြီးသည် နတ်ပြည်၌ လူတို့အရေအတွက်အားဖြင့် ခုနစ်ရက်စံပယ်၍ နတ်ပရိတ်သတ်အပေါင်းတို့အားလည်း ဒါန သီလအကျိုးများကို ဟောပြောသည်။

ထို့နောက် လူ့ပြည်သို့ပြန်လိုကြောင်း ခွင့်တောင်းသဖြင့် မာတလိနတ်သား နှင်သော ဝေဇယန္တာရထားဖြင့် မိတ္ထိလာပြည်သို့ ပြန်လည် ကြွချီခဲ့သည်။ မိတ္ထိလာပြည်မှ တိုင်းသူပြည်သားများကလည်း ဝမ်းမြောက်စွာကြိုဆို ကြသည်။

ထို့နောက် မင်းကြီးသည် မိဖုရား သားတော် သမီးတော်တို့မှစ၍ ပြည်သူများအား မိမိမြင်ခဲ့ရသော ငရဲဘုံ၊ နတ်ဘုံများ အကြောင်းကို ပြန်လည်ပြောပြသည်။ ပြည်သူများလည်း တရားစောင့်သုံးကြသည်။ ဤသို့အားဖြင့် နေမိမင်းကြီးသည် ထီးနန်းစိုးစံရာ တစ်နေ့သောအခါ ဘေးလောင်းတော်တို့ကဲ့သို့ ဆံပင်ဖြူကို သိရှိတော်မူသော အချိန်၌ ထီးနန်းကို ကာလရဌမည်သော သားတော်အား လွှဲအပ်ပြီးလျှင် တောထွက်ရဟန်းပြု၍ အသက်ထက်ဆုံးနေတော့သည်။

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts