နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၁) – ဘဝမိုးကောင်းကင်မှာ လမင်းကြီးလို အစွမ်းမထက်သေးတာတောင်မှ ပိုးစုန်းကြူးလို အလင်းရောင်နဲ့ လူသားတွေကို အကျိုးပြုနိုင်ရမယ်
မိုးက ခပ်ကျဲကျဲ ရွာနေသည်။ သဲသဲမဲမဲ ရွာပြီးသည့်တိုင်အောင် ကောင်းကင် တစ်ပြင်လုံး ညိုမှောင်အုံ့ဆိုင်းလျက်ရှိသည်။ ညနေခင်း မိုးရေထဲမှာ ကလေးအချို့ ဘောလုံး ကစားနေကြသည်။ နောက်ဘက်မှ ကားဟွန်းသံကြောင့် မွန် ဘေးသို့ ဆင်းပြီး တိမ်းပေးလိုက်သည်။ လျှောက်ရင်း လျှောက်ရင်းနှင့် စောင်စက် (၂)၊ စောင်စက် (၃)၊ အထွေထွေ ဖွဲနုဆီစက်တို့ကိုပင် ကျော်လွန်လာခဲ့ပြီ။ ကတ္တရာလမ်းမှသည် မြေနီလမ်း၊ မြေနီလမ်းမှသည် အုတ်ခဲကျိုး မညီမညာ ခင်းထားသောလမ်း။ “ရှေ့လမ်းချိုး ရောက်ရင် ဖိနပ်ချွတ်ပြီး လျှောက်ရမယ်၊ လမ်းကတော့ တအားဆိုးတယ် ဆရာမရေ” ရှေ့မှ အလျင်စလို လျှောက်နေသော အမျိုးသမီးငယ်က စကားဆိုလာသည်။ “မိုးတွင်းပဲကွယ်၊ ကိစ္စမရှိပါဘူး” ဟု သူ့ကို အလိုက်သင့် ပြန်ပြောပြီး လုံချည်ကို တိုတို ပြင်ဝတ်လိုက်သည်။ ကန်သင်းရိုးခန့် ကျယ်သော လမ်းက မိုးရေနူးကာ ရွှံ့အတိ ဖြစ်နေသည်။ ဆေးအိတ် ဆွဲထားသော အမျိုးသမီးငယ်က မွန့်ကို စောင့်ခေါ်ရှာပါသည်။ ပခုံးသိုင်းအိတ်ကို လွယ်၊ လက်တစ်ဖက်က ထီးဆောင်း၊ တစ်ဖက်က ဖိနပ် ကိုင်ကာ မလဲမပြိုစေရန် ကြိုးစားထိန်းလျှောက်နေရသည့် မိမိပုံစံကို ပြန်ကြည့်ရင်း ကသိကအောက် ဖြစ်နေသည့်ကြားက ရယ်ချင်နေမိသည်။
မိုးက ခပ်ကျဲကျဲ ရွာနေရာမှ သဲသဲမဲမဲ ရွာလိုက်ပြန်သည်။ ငယ်ငယ်တုန်းက ဒီလိုမိုးရွာပြီ ဆိုမှဖြင့် အနွေးအင်္ကျီဝတ်၊ ခုတင်ပေါ်တက်ပြီး ခြုံစောင်ထဲမှာ အသာကွေးနေခဲ့တာ၊ မှန်ပြတင်းအပြင်က မိုးရွာနေသော ရှုခင်းကို ငေးမောလျက် စကြဝဠာအနှံ အတွေးတွေ ဖြန့်ကြက် ကွန့်မြူးစေခဲ့တာ၊ ဝတ္ထုဖတ်ရင်း အချိန်ကုန်လွန်စေခဲ့တာ။ “အမယ်လေး” “ဟာ … ဆရာမ ချောသွားပြီ၊ ကျွန်မလက်ကို ဆွဲပြီး ထလိုက်၊ ဒီလမ်းကလည်း ဆိုးကို ဆိုးလွန်းပါတယ် တော်” အတွေးလွန်ပြီး ချော်လဲသွားသော အဖြစ်ကို ရှက်ရှက်နှင့် ရယ်လိုက်ရသော်လည်း နာကျင်သွားရသည်မှာ အမှန်ပင်။ နောက်ထပ် စိတ်မပျံ့လွင့်အောင် သတိကြီးစွာ ထားပြီး ရှေ့သို့ ဆက်လှမ်းရသည်။ သည်လမ်းချိုး အဆုံးမှာတော့ ရေတွေ ပြည့်လျှံနေသည့် မြောင်းကြီးတစ်ခုကို ဘွားခနဲ တွေ့လိုက်ရလေသည်။
“မိညိုက သဦး(သားဦး) မွေးမှာလေ၊ မွေးချိန်တန်လို့ မမွေးတော့ ကျွန်မ သိပ်စိုးရိမ်လာမိတယ်၊ မိုးက ရွာ၊ လမ်းက ဆိုးနေမှန်း သိလျက်နဲ့ ဆရာမကို သွားပင့်ခိုင်းလိုက်ရတာ၊ သိပ်အားနာပါတယ် ဆရာမလေးရယ်” “ရပါတယ် အစ်မရယ်၊ တစ်လမ်းလုံး ဆရာမ ချောသွားပြီ၊ ဆရာမ ချောသွားပြီနဲ့ အပြောခံရလို့ မွန်က ကျေနပ်လာတာ” “ဆရာမလေးကို ကြည့်လိုက်ရင် အမြဲ လန်းဆန်း တက်ကြွနေတာပဲ၊ မြင်ရတာနဲ့ အားတက်လာတယ်၊ တကယ် … တကယ်” ပျာပျာသလဲ ဂရုတစိုက် ရှိလှသော ဒေါ်စောသန်းကို ရယ်မော နှစ်သိမ့်ရင်းက ရေတွေ လျှံပြီး ပေါလောမျောနေသော မြောင်းကူး သစ်လုံးကြီးပေါ်မှာ ကြိုးတန်းပေါ် လမ်းလျှောက်သလို ဖြတ်ကူးရင်း ရင်တထိတ်ထိတ် ခုန်အောင် ကြောက်နေမိခဲ့တာကို သတိရလိုက်သေးသည်။
မိညိုကား အားကုန် မောပန်းနေပုံရသည်။ မွန် သူ့အနား ရောက်မှ မျက်ဝန်းများကို ခေတ္တ ဖွင့်ကြည့်သည်။ ဝေဒနာ ခံစားနေသည့်ကြားက အားကိုးခြင်း၊ မျှော်လင့်ခြင်း အရိပ်အယောင်တွေ ယှက်သန်းလာသလိုပင်။ ဝိုင်းအုံ ကြည့်ရှုနေသော မျက်လုံးများအကြားမှာ သွက်လက်စွာ စစ်ဆေးပြီး လိုအပ်သည်များကို ဆက်တိုက် ဆောင်ရွက်လိုက်သည်။ “ဆရာမ စွပ်လိုက်တဲ့ လက်အိတ်လေးက လှတယ်နော်၊ လက်မောင်းရင်း အထိ ရောက်တယ်” “ငါ မြင်ဖူးသားပဲ၊ ဟိုတစ်ခါ ဆရာလေး ထွန်းလွင် လာမွေးပေးတုန်းကလည်း အဲ့လိုမျိုး လက်အိတ် စွပ်ပြီး နှိုက်ထုတ်ရတာကွ” “အမေ … အရင်ဆုံး မွေးတဲ့ ဝက်ကလေး သား ယူမယ်နော်” “ဟာ … ဒီကလေးတွေ ပါးစပ်ပိတ်ထားကြစမ်း” ဒေါ်စောသန်းက တစ်ချက် ဟောက်လိုက်မှ ကလေးတစ်သိုက် ငြိမ်သွားကြသည်။ အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့ကာ အမှောင်ထုက နေရာယူလာသည်။
“အထီး ခြောက်ကောင်၊ အမ ငါးကောင် ဆရာမရေ၊ အထီးလေးတွေကိုတော့ အသားတိုး မွေးရမယ်” မိညိုကား သူ့ရင်သွေး ဆယ့်တစ်ကောင်ကို နို့တိုက်ရင်း မှိန်းနေသည်။ မိုးက အတော်ပင် စဲသွားပြီ။ တဖွဖွ ပြောကြသော ကျေးဇူးတင်စကားများကို အသိအမှတ်ပြုလျက် ခြံအနောက်ဘက်သို့ လှမ်းမျှော်ကြည့်မိလျှင် ရေတွေ ပြည့်နေသည့် ငမိုးရိပ်ချောင်းအလျင်ကို မပိတပီ တွေ့မြင်ရလေသည်။
ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။