ချန်ကျင်း

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း-၁ )

ချန်ကျင်း ၏ ဘဝအစ

သစ်ခွပန်းလေးတွေကို မြတ်နိုးသော ၊ အိမ်မွေးတိရစ္ဆာန်တွင် မျောက်ကိုမွေးတတ်သော ကိုယ်ပိုင် ဂျက်လေယာဉ်ပျံတွင် ပိုးသား အိပ်ယာခင်းနှင့် အိပ်တတ်သော ကွန်မြူနစ် ခေါင်းဆောင်ကြီး တစ်ယောက်၏ ဇနီးတစ်ယောက်ရှိခဲ့ဖူးသည် ဆိုခြင်းမှာ ပုံပြင်တစ်ပုဒ် မဟုတ်။ ဘုရင့်ကိုယ်လုပ်တော်၏ သမီး၊ ငယ်စဉ်က ရှန်ဟိုင်းရုပ်ရှင်တွင် တက်သစ်စ မင်းသမီးဖြစ်ခဲ့ဖူးသူ “ချန်ကျင်း” ဆိုသူသည် လက်ဝဲတော်လှန်ရေးတွင် ပါဝင်ပတ်သတ်မိလိမ့်မည်ဟူ၍လည်း ထင်ရက်စရာမရှိ။ ထို့ပြင် တရုတ်ယဉ်ကျေးမူ တော်လှန်ရေးတွင် ပြည်သူတစ်ရပ်လုံးကို ကသောင်းကနင်း ဖြစ်စေရလောက်အောင် အဓိကအခန်းမှ ပါဝင်ခဲ့သူ ဖြစ်လိမ့်မည်ဟူ၍လည်း တွေးရက်စရာ မရှိ၊ တရုတ် ကွန်မြူနစ်ခေါင်းဆောင် ဥက္ကဌကြီး မော်၏ ဇနီးတစ်ယောက် အနေဖြင့် သန်း၈၀၀ သောပြည်သူတို့ကို ပုံစံသွင်းရာတွင် များစွာအထောက်အကူပြုနိုင်ခဲ့သူဟု ဆိုလျှင် သူ့ကို များစွာအံ့ဩသွား‌ပေလိမ့်မည်။ သူကား ” ချန်ကျင်း” ပင် ဖြစ်တော့သည်။

ချန်ကျင်းကို ၁၉၁၄ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ရှန်ဒေါင်း၌ မွေးဖွားခဲ့သည်။ မိခင်ရော သူမပါ ဖခင်ဖြစ်သူ၏ နှိပ်စက်ခြင်းကို အတော်လေးခံခဲ့ရသည်။ သူမအနေဖြင့် ချမ်းသာသည့် အိမ်တစ်အိမ်တွင် အပယ်ခံဘဝဖြင့် ကြီးပြင်းခဲ့ရသည်။ အသက် ၁၉နှစ်အရွယ်တွင် အိမ်တစ်အိမ်တွင် အပယ်ခံဘဝဖြင့် ကြီးပြင်းခဲ့ရသည်။ အသက် ၂၀ အရွယ်တွင် အိမ်ထောင် နှစ်ဆက် ကျဖူးပီးသွားပီ။ လန်ပင်း (အပြာရောင် ပန်းသီး ) အမည်ဖြင့် ရုပ်ရှင်ကားတစ်ကား ရိုက်ဖူးသည်။ ချန်ကျင်းသည် အတော်လေးတတည်ငြိမ်စွာ နေထိုင်တတ်သူဟူ၍လည်း ပြောကြသည်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် သူမသည် တရုတ်ကွန်မြူနစ် ခေါင်းဆောင် မော်စီတုန်းနှင့်တွေ့သည်။ မကြာမီ မော်စီတုန်း၏ စတုတ္ထမြောက် ဇနီးဖြစ်လာသည်။ မော်စီတုန်းသည် ချန်ကျင်းနှင့် လက်ထပ်လိုက်သဖြင့် ပါတီအတွင်း အတော်လေး အပြင်းအထန် တိုက်ခိုက် ဝေဖန်ခြင်းခံလိုက်ရသည်။ အမှန်တော့ ခေါင်းဆောင်တစ်ယောက်၏ အိမ်ထောင်ရေး ဆိုသည်မှာ ပုဂ္ဂလိက အရေးသာဖြစ်သည်။ တစ်ချိန်က ရုပ်ရှင် မင်းသမီးကို နိုင်ငံရေးတွင် မည်သို့မျှ ပါဝင်ပတ်သတ်ခြင်း မပြုပါ ဆိုသည့် သဘောတူညီချက်များဖြင့် သူတို့ နားလည်မူ တည်ဆောက်လိုက်ကြသည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ မဒမ် မော် (ချန်ကျင်း) သည် ထိုကတိကို ထိန်းသိမ်း စောင့်စည်းခဲ့သည်။ သို့သော် ၁၉၆၀ ပြည့်နှစ်ပိုင်းလောက်တွင် ရှန်ဟိုင်း ယဉ်ကျေးမူပြောင်းလဲရေး လှုပ်ရှားမူများဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ကတိကို ချိုးဖောက်လိုက်သည်။

ချန်ကျင်း အား လူသိများလာခြင်း

အနောက်တိုင်းက သူမကို မဒမ် မော် ဟူ၍ သုံးကြသည်။ တရုတ် ကွန်မြူနစ် နိုင်ငံ၏ ပထမဆုံး First Lady ဟူ၍လည်း ဆိုကြသည်။ ချန်ကျင်းကို လူသိများစေသည့် လှုပ်ရှားမူမှာ ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယဉ်ကျေးမူ တော်လှန်ရေးကြောင့် ဖြစ်သည်။ ယဉ်ကျေးမူတော်လှန်ရေးနှင့် ဆက်စပ်ပီး ထင်ရှားလာသည့် နောက်ထပ် ဝေါဟာရတစ်ခုမှာ “လေးဦးဂိုဏ်း” ဖြစ်သည်။ ထိုကိစ္စအားလုံးသည် ချန်ကျင်းနှင့် ပတ်သတ်နေသည်။ ထိုကာလများအတွင်း ချန်ကျင်းကို “ပစ္စည်းမဲ့ တော်လှန်ရေး၏ မဟာအောင်လံရှင်” အဖြစ် တင်စား ခေါ်ဝေါ်ခဲ့ကြသေးသည်။

ချန်ကျင်းသည် မော်စီတုန်း၏ ကိုယ်ရေးအရာရှိ (အတွင်းရေးမှူး) အနေဖြင့် ၁၉၄၀ လောက်ကတည်းက လျှို့ဝှက်စွာ တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်သည်။ ၁၉၅၀တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချီရေးဌာန (ရုပ်ရှင်)တွင် ဦးစီးအရာရှိ ဖြစ်လာသည်။ တရုတ်ရိုးရာ အော်ပရာဇာတ်များ ကပြရာတွင် ခေတ်သစ် တော်လှန်ရေး အသွင်သစ်အဖြစ် ပြဇာတ်များကို တီထွင် ကပြစေခြင်းဖြင့် ယဉ်ကျေးမူသစ်ကို စတင်ပေးလိုက်သည်။ လက်ဝဲယိမ်း ပါတီ ခေါင်းဆောင်တစ်ဦး၏ အောက်တွင် တော်လှန်ရးနှင့် ပြန်လည် ပြုပြင်ပြောင်းလဲရေး အသွင်သစ်ကြောင့် ရှန်ဟိုင်းသည် ဒုစရိုက် နယ်မြေကြီးတစ်ခုပမာ ဖြစ်လာခဲ့သည်။ ထိုဒေသတွင် ၁၉၆၆ ခုနှစ်က ယဉ်ကျေးမူတော်လှန်ရေးကို အသွင်သစ်ဖြင့် တဟုန်ထိုး ဝင်ရောက်ထိုးဖောက်ကာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရသည်။ အမှန်တော့ ၁၉၆၀ အစောပိုင်းလောက်ကတည်းက ယဉ်ကျေးမူတော်လှန်ရေးဆိုသည့် အသွင်သစ် တော်လှန်ရေးသည် တရုတ်နိုင်ငံတွင်း ပရမ်းပတာနှင့် ဝင်ရောက်ခဲ့သည်။ ၁၉၆၆ခုနှစ်တွင် သူမကို ဗဟို တရုတ် ယဉ်ကျေးမူ တော်လှန်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည် နိုင်ငံရေးလောက၏ အာဏာပိုင်အဖွဲ့အစည်းအတွင်းသို့ ပထမဦးဆုံး ခြေလှမ်းချခြင်းဟူ၍လည်း ဆိုနိုင်သည်။ ယဉ်ကျေးမူ တော်လှန်ရေးတွင် ချန်ကျင်းသည် ကြိုးကိုင်ချယ်လှယ်ခွင့် ရသူ (mastermind) အဆင့်တွင် သတ်မှတ်ခြင်းခံရပီး သူမနှင့် အပေါင်းပါ သုံးဦးတို့သည် အမျိုးသား ပြန်လည်တည်ဆောက်ရေးကို ချုပ်ကိုင် လွှမ်းမိုးနိုင်သူများ ဖြစ်လာသည်။

မဟာ ပစ္စည်းမဲ့ ယဉ်ကျေးမူတော်လှန်ရေးသည် လူထုလှုပ်ရှားမူအသွင်ဆောင်လာသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်ထူထောင်ကတည်းက ရှေးရိုးအစဉ်အလာနှင့် ဗြူရိုကရေစီ ယန္တရားဆန်ဆန် တရွေ့ရွေ့လှမ်းလာနေသည့် တရုတ်ပြည်ကြီးကို ပြုပြင်ပြောင်းလဲချင်လာကြသည်။ လူငယ်တို့အား ” တပ်နီတော်” အသွင်ဖြင့် တော်လှန်ရေးကို ပြန်လည်အားသစ်လောင်းပေးလိုက်သည်။ တက္ကသိုလ် ကောလိပ်တွေ ပိတ်လိုက်ပီး ထောင်ပေါင်းများစွာသော ပါမောက္ခများနှင့် ပါတီခေါင်းဆောင်များကို နောက်မှ အမဲလိုက်သလို လိုက်ကာ ဖမ်းဆီး နှိပ်စက်မူတွေ စတင်လာခဲ့သည်။ ထိုစဉ်က တရုတ်ပြည်တွင် ဖြစ်နေသည့် လှုပ်ရှားမူကြီးသည် ကြောက်မက်ဖွယ် အသွင်ဆောင်ကာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ တရုတ်ပြည်၌သာမက တစ်ကမ္ဘာလုံးရှိ တရုတ်လူငယ်များကြားတွင်လည်း တရုတ်ဝါဒဖြန့် လက်နက်သည် အတော်လေးထိုးဖောက်မွှေနောက်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ဥက္ကဌကြီး မော်ကို သစ္စာစောင့်သိရမည်ဆိုသည့် သံပြိုင်ကြွေးကြော်သံများ၊ ဥက္ကဌကြီး မော်၏ အတွေးအခေါ် ဝါဒဖြန့်ချီရေး စာအုပ်အနီလေးများကို ဝှေ့ယမ်းကာ ချီးကျူးဂုဏ်ပြုမူများသည် တရုတ်ယဉ်ကျေးမူတော်လှန်ရေး၏ အသွင်သစ်၊ အမြင်သစ်၊ လှုပ်ရှားမူလိုင်းသစ်ကြီးများပမာ ဖြစ်လာခဲ့သည်။

ချန်ကျင်း အပါအဝင် “လေးဦးဂိုဏ်း”

၁၉၆၆မှ ၁၉၆၈ နှစ်များအတွင်း ယဉ်ကျေးမူတော်လှန်ရေး လှုပ်ရှားမူသည် အပြင်းထန်ဆုံး ကာလဟူ၍ ဆိုရမည်။ ၁၉၇၆ခုနှစ် စက်တင်ဘာလတွင် မော်စီတုန်း ကွယ်လွန်သွားချိန်ထိ ယဉ်ကျေးမူတော်လှန်ရေးကြီးသည် မပီးဆုံးနိုင်သေးပေ။ ၁၉၆၆ မှ ၁၉၇၆ ဆယ်စုနှစ်တစ်စု ကာလအတွင်း ချန်ကျင်းသည် ပြုပြင်ပြောင်းလဲမူများတွင် အဓိကအခန်းမှ ပါဝင်သူ တစ်ဦးဖြစ်နေသည်။ ငလျင်၏ ဗဟိုချက်လိုဖြစ်နေသည်။
ဥက္ကကြီး‌ မော် ကွယ်လွန်ချိန်တွင် တရုတ်ပြည်၌ အာဏာတိုက်ပွဲသည် အစွန်းမရောက်လိုသူများနှင့် အစွန်းရောက်သမားများကြားတွင် လွန်ဆိုပွဲလို ဖြစ်နေသည်။ ချန်ကျင်းတွင် ခေါင်းဆောင်ပိုင်း၌ အရင်းနှီးဆုံး မိတ်ဆွေ သုံးဦးရှိသည်။ ယောင်ဝမ်ယွမ်း၊ ဇန်ချွန်ကျွင့် နှင့် ဝမ်ဟောင်ဝမ်းတို့ဖြစ်သည်။ ထို သုံးဦးတို့သည် အစွန်းရောက် လက်ဝဲယိမ်းသမားများလည်း ဖြစ်ကြသည်။ ချန်ကျင်းနှင့် ထိုသုံးယောက်ကို “လေးဦးဂိုဏ်း” ဟူ၍လည်း ခေါ်ကြသည်။ ထိုလေးဦးဂိုဏ်းသည် အစိုးရအာဏာကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော် သူတို့ ကျဆုံးခဲ့ရသည် ။ ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် သူတို့လေးယောက်စလုံး အဖမ်းခံခဲ့ရသည်။ လေးနှစ်ခန့် ကြာမြင့်ခဲ့သည်။

လေးဦးဂိုဏ်းသည် ယဉ်ကျေးမူ တော်လှန်ရေး ကာလတစ်လျှောက်လုံး အငြိုးဖြင့် ချေမှုန်းရေးကို ပြုလုပ်ခဲ့သည်။ ယခုတော့ သမိုင်းဘီးတစ်ပတ် ပြန်လည်ချိန် ရောက်သွားသည်။ ဒုတိယဝန်ကြီးချုပ် တိန်ရှောင်ပင်၏ ရှေ့မှောက်တွင် လည်နေသည့် သမိုင်းဘီးက ရပ်သွားသည်။ ယဉ်ကျေးမူတော်လှန်ရေး ကာလတွင် တိန်ရှောင်ပင်မှာ နှစ်ကြိမ်တိုင်တိုင် ချောင်ထိုးခံခဲ့ရသည်။ တစ်ကြိမ်တွင် မီးဖိုချောင်ထဲ၌ အလုပ်သွားလုပ်စေရန်အထိ ချိုးနှိမ်ခံခဲ့ရသည်။ သို့သော် တိန်ရှောင်ပင်သည် အစိုးရအဖွဲ့၏ အရေးပါသော ထိပ်တန်းခေါင်းဆောင်ဖြစ်လာရုံသာမက ကွန်မြူနစ် ဝါဒ ပြန်လည်ပြုပြင်ရေး လမ်းစဉ်တွင် ဦးဆောင်ဦးရွက် ပြုသူတစ်ဦးပါ ဖြစ်လာသည်။ တိန်ရှောင်ပင်သည် ဥက္ကဌကြီးမော်၏ ဇနီးဖြစ်သူ ချန်ကျင်းကို ရှင်းရှင်းဘွင်းဘွင်း ဝေဖန်လိုက်သည့် စကားမှာ “မကောင်းဆိုးဝါး”ဟူသည့် စကားနှင့်မတန်လောက်‌အောင် ဆိုးဝါးသည့် မိန်းမ ဟူ၍ ဖြစ်သည်။

ဆရာတင်ညွန့်ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်

Related Posts