ဂလက်စတုန်း

ဂလက်စတုန်း နှင့် ဒစ္စရေလီ (အပိုင်း – ၁)

ဝီလျံ အီဝပ် ဂလက်စတုန်း သည် ၁၉ ရာစုတွင် အထင်ရှား အကျော်ကြားဆုံး ပါလီမန်အမတ်များထဲတွင် တစ်ဦးဖြစ်သည်။ လွိုက်ဂျော့ကဲ့သို့ပင် ဘဝတွင် အရှုပ်ထုပ်ကို လုပ်ခဲ့သူ ဖြစ်သည်။ အကြိမ်ပေါင်းများစွာ ပြည့်တန်ဆာများနှင့် ပျော်မွေ့နေတတ်ခြင်းက သူ့ကို နိုင်ငံရေးအရ သိက္ခာကျဆင်းစရာ ဖြစ်သော်လည်း အရှောင်အတိမ်းကောင်းသူတစ်ယောက် ဖြစ်ကြောင်းကိုကား မငြင်းနိုင်ပေ။

၁၉ ရာစုတွင် လန်ဒန်လမ်းမများပေါ်တွင် ပြည့်တန်ဆာများဖြင့် လွှမ်းနေသည်။ ဗစ်တိုးရီးယန်းခေတ်၏ ပြယုဂ်တစ်လို ဖြစ်နေသည့်အတွက် လူကြီးလူကောင်းတစ်ယောက်သည် ညအချိန် လမ်းပေါ်၌ ပျော်ရန် အဖော်ရှာသည် ဆိုခြင်းမှာ အထူးအဆန်းတော့ မဟုတ်။ ဂလက်စတုန်းသည် လက်ထပ်ထားသူတစ်ဦး ဖြစ်သော်လည်း သူ့အကျင့်ဆိုးကို ဖျောက်နိုင်သူ မဟုတ်ပေ။ သူက လမ်းပေါ်တွင် တွေ့သည့် ပြည့်တန်ဆာလေးများကို အမှတ် (၁၀) ဒေါင်းနင်းလမ်းသို့ ခေါ်လာတတ်သည်။ ကက်ဘိနက်အဖွဲ့ဝင်များက သူ့ကို ထိုသို့ ပြုမူရန် တောင်းပန်သော်လည်း သူက ဂရုမစိုက်။

သူ့ကို လေးစားကြသူများက ဂလက်စတုန်းသည် ကိုယ်ကျင့်တရား အလေးအနက်ထားသူ တရားဟောဆရာလောက်နီးနီး ချီးပပြောဆိုကြသည်။ အချို့ကလည်း သူသည် ငယ်ရွယ်သည့် ပြည့်တန်ဆာလေးများကို အိမ်ခေါ်လာပြီး အလုပ်ပေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ ဂလက်စတုန်းကတော့ သူ့ဒိုင်ယာရီထဲတွင် ဤသို့ ပြုမူခြင်းမှာ ‘သွေးသားဆန္ဒ’ အရသာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားသည်။

ဂလက်စတုန်း မည်သည့်အချိန်ကစပြီး ပြည့်တန်ဆာများထံ သွားသနည်း ဆိုသော် ၁၈၂၀ ပြည့်နှစ်ပိုင်း အောက်စ်ဖို့ဒ်ကတည်းက ဖြစ်သည် ဟု ဆိုရမည်။ ထိုသို့ ပြုမူခြင်းကို အပြစ်တစ်ခုအနေဖြင့် ခံယူပြီး စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့် ခံစားခဲ့ဖူးသည်။ သို့သော် သူ ရေးသားခဲ့သလို အပြစ်ကို ခံစားပြီး ဆန္ဒကို မချိုးနှိမ်နိုင်သဖြင့် ထိုအပြစ်ကိုပင် အကြိမ်ကြိမ် ကျူးလွန်ခဲ့သူ ဖြစ်သည်။

၁၈၃၉ ခုနှစ်တွင် သူ လက်ထပ်ခဲ့သည်။ သို့သော် အထောက်အကူ မဖြစ်ခဲ့။ ၁၈၄၃ တွင် ရောဘတ် ပီးလ်၏ အစိုးရအဖွဲ့တွင် ကုန်သွယ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ သူ့ဒိုင်ယာရီတွင် ‘အပြစ် ရှိသည်ကို ကြောက်ပြီး ထိုအပြစ်ကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းဖြင့် ကြောက်လန့်စရာ ကောင်းလာသည်’ ဟု ရေးထားသည်နှင့် မတန်အောင် ရာထူးရလာသူ ဖြစ်သည်။ သူ့ရာထူးအဆင့်အတန်းနှင့် ဆိုလျှင် ပြည့်တန်ဆာကို ရှောင်ရှားရမည်သာ ဖြစ်သည်။ သို့သော် ဗစ်တိုးရီးယန်းခေတ် လူကြီးလူကောင်းများကဲ့သို့ ပြည့်တန်ဆာသာမက အပြာစာအုပ်များတွင်လည်း မွေ့လျော်သူတစ်ဦး ဖြစ်လာသည်။ ၁၈၅၁ ခုနှစ် သူ့ဒိုင်ယာရီမှတ်တမ်းအရ အဲလီဇဘတ် ကောလင်း ဆိုသူ ပြည့်တန်ဆာထံသို့ ပုံမှန်သွားလေ့ရှိကြောင်း သိရသည်။ သူ့ကိုယ်သူ မည်မျှ နှိပ်ကွပ်သည် ဆိုစေ ၁၈၅၂ ခုနှစ်တွင် တရားရေးဝန်ကြီး ဖြစ်လာချိန်အထိ ပြည့်တန်ဆာများထံ သွားနေဆဲ ဖြစ်သည်။

ဝီလျံ ဝီလ်ဆင် ဆိုသူက ဂလက်စတုန်းကို လန်ကက်စတာရင်ပြင်အနီးတွင် ပြည့်တန်ဆာတစ်ဦးကို ခေါ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့ကို ခြိမ်းခြောက်အကျပ်ကိုင်တော့သည်။ ဂလက်စတုန်းက ရဲကို တိုင်ပြီး ဝီလျံကို ဖမ်းခိုင်းလိုက်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ လ ကျသွားသည်။

အခြား နာမည်ကြီး အမျိုးသမီး တစ်ဦး ဖြစ်သည့် လော်ရာ သစ်တယ်လ်ဝေ့သ် ဆိုသူနှင့်လည်း သူက အပြန်အလှန် စာတွေရေးကာ ပုံမှန် သွားတွေ့လေ့ရှိသည်။ သူတို့နှစ်ယောက် လန်ဒန်နှင့် ဟမ့်စတိအရပ်ရှိ လော်ရာ၏ အိမ်များတွင် တွေ့ဆုံလေ့ရှိကြသည်။ လော်ရာသည် သူမ၏အိမ်တွင် ဂလက်စတုန်းကို လက်ဆောင်ပစ္စည်းတွေ တစ်ပုံတပင် ပြသလေ့ရှိသည်။ အသုံးအဖြုန်းကြီးလှသည့် သူမအတွက် ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကြီး သစ်တယ်လ်ဝေ့သ် ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး သတိထားကာ ဆက်ဆံခဲ့သည်။

ဂလက်စတုန်းသည် ဝန်ကြီးချုပ်ဘဝတွင် သူ့မိတ်ဆွေ ဝေလမင်းသား၏ အပျော်မယား ဇာတ်မင်းသမီး လီလီ လန်ထရီနှင့်လည်း မကင်းဟု ဆိုရမည်။ ၁၈၇၀ တွင် သူ့ကို ရုရှားရေးရာ အကြံပေးနေသည့် မဒမ် အော်လ်ဂါ နိုဗီကော့နှင့်လည်း မရှင်း ဟူ၍ သတင်းတွေ ထွက်ခဲ့သည်။

မည်သို့ဆိုစေ ပြည့်တန်ဆာတွေ၏ အတွေ့ကို မရှောင်နိုင်သေး။ ၁၈၈၀  တွင် သူ့အသက်က ၇၀ ဖြစ်လာပြီ။ သူက ‘ကယ်ဆယ်ရေးလုပ်ငန်း’ ဟု တင်စားခေါ်ဝေါ်ထားသည့် ပြည့်တန်ဆာအိမ်သို့ သွားနေဆဲ ဖြစ်သည်။ ၁၈၈၂ ခုနှစ်ကာလတွင် အခြေအနေက တင်းမာနေသည့် ကာလ ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးများ တောင်းဆိုနေသည့် ကာလ ဖြစ်သဖြင့် နိုင်ငံရေး ခေါင်းဆောင်များကို လူသတ်သမားများက ခြိမ်းခြောက်အကျပ်ကိုင်နေကြသည်။ သို့ဖြစ်ရာ ဂလက်စတုန်းကိုလည်း ရဲက ၂၄ နာရီလုံးလုံး စောင့်ကြည့်ပေးနေသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ အငယ်တန်း ဝန်ကလေး လော့ဒ် ရို့စ်ဘယ်ရီက လစာနည်းသည့် ရဲဝန်ထမ်းလေးများသည် မဟုတ်တာ လုပ်သည်ကို သတင်းမီဒီယာသို့ ရောင်းစားနိုင်သဖြင့် ဂလက်စတုန်းကို သတိပေးထားဖူးသည်။ နောက် သုံးလအကြာတွင် တိုရီပါတီအဖွဲ့ဝင် ဗိုလ်မှူးကြီး တော့တမ်ဟမ်သည် ဂလက်စတုန်းကို မိန်းမပျိုတစ်ဦးနှင့် ညကြီးမင်းကြီး စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။ နိုင်ငံရေးအရ သိက္ခာချလိုသဖြင့် ထိုသတင်းကို လွှတ်တော်သို့ ယူလာသည်။ ဂလက်စတုန်းသည် တော့တမ်ဟမ်၏ မေးခွန်းများကို အတော်လေး ရင်ဆိုင်ဖြေရှင်းလိုက်ရသည်။

“လူကြီးလူကောင်းတစ်ယောက်က ကျွန်တော်တို့ စကားပြောနေတာ မြင်လိုက်တယ် ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘာတွေ ပြောနေတယ်၊ ဘာသဘောနဲ့ ပြောနေတယ် ဆိုတာ သူ သိလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး” ဟု ပြန်လည် ချေပသည်။

သူ ပြဿနာကို လွတ်အောင် ရှောင်သွားနိုင်ခဲ့သည်။ သို့သော် အခြေအနေက ဤနေရာတွင် မရပ်တော့။ ၁၈၈၆ ခုနှစ် ဇူလိုင်လတွင် သူ့ ကိုယ်ရေးအရာရှိ အက်ဒ်ဝပ် ဟာမီလ်တန်ကလည်း သူ့ကို ခြိမ်းခြောက်မှုတစ်ခု ရှိနေကြောင်း သတင်းပေးထားသည်။ ဂလက်စတုန်းက သူ ရပ်တော့မည် ဖြစ်ကြောင်း ဟာမီလ်တန်ကို ကတိပေးလိုက်သည်။ သို့သော် သူ့ဒိုင်ယာရီအရ ၁၈၉၂ ခုနှစ်အထိ ပြည့်တန်ဆာများနှင့် သွားတွေ့နေကြောင်း သိရသည်။ ပြောမရသည့်အဆုံးတွင် သူ့ကို အခြားနည်းများဖြင့် ဝိုင်းဝန်း ထိန်းသိမ်းကြရတော့သည်။

သူ မကွယ်လွန်မီ နှစ်နှစ်ခန့်အလို ၁၈၉၆ ခုနှစ်တွင် သားဖြစ်သူ စတီဖင်ထံသို့ ဝန်ခံချက်စာကို ရေးပို့လိုက်သည်။ သူ့သား စတီဖင်သည် ထိုအချိန်က ခရစ်ယာန် ဘုန်းတော်ကြီး ဖြစ်နေသည်။ ထိုစာထဲတွင် ဂလက်စတုန်းက လက်ထပ်ထားသည့် အိမ်ထောင်သည်တစ်ယောက်အနေဖြင့် ဖောက်ပြန်ခြင်းကြောင့် အပြစ်မရှိကြောင်း ပြောထားသည်။ သူ့အနေဖြင့် အိမ်သို့ ပြည့်တန်ဆာများ ခေါ်လာခြင်းသည် ဆက်ဆံရန် မဟုတ်၊ စောင့်ကြည့်ရန်သာ ဖြစ်သည် ဟု ဆိုသည်။ အသက် ၈၂ အရွယ် အဘိုးကြီးတစ်ယောက် မိန်းမပျိုလေးတစ်ယောက်ကို အိမ်သို့ ခေါ်လာခြင်းသည် သူ ပြောသည့်အတိုင်း ဖြစ်ရုံမှ လွဲပြီး အခြား မရှိနိုင်။ အချို့ ပြည့်တန်ဆာများက သူ့ကို အစွမ်းမထုတ် ငုတ်တုတ်ဘဘကြီး ဟု နောက်ပြောင်နေမှုများ ရှိသည်။ မည်သို့ဆိုစေ ရာထူးနှင့် ဂုဏ်ရှိန်က အားလုံးကို ထိန်းထားနိုင်လိုက်သည်။

သူ့နာရေးကို တစ်ဦးက ‘ဂလက်စတုန်းသည် ရိုးရာကို ဆက်လက် ထိန်းသိမ်းသူ ဖြစ်သည်။ ပြည်သူများကို စကားပြောရာတွင် သူ့အသုံးအနှုန်းများသည် အဆင့်အတန်း မြင့်မားသကဲ့သို့ တိကျ ပြတ်သားလွန်းလှသည်။ သူ့ ကိုယ်ရေးကိုယ်တာဘဝတွင် ထို အပြောအဆိုများကြောင့် အမျိုးသမီးများက သူ့ကို စွဲမက်ကြသည်’ ဟု ချီးကျူးထောမနာ ပြုလိုက်ပါသည်။

ထိုစဉ်က ဂလက်စတုန်း နှင့် နိုင်ငံရေးအရ ပြိုင်ဘက်တစ်ဦးမှာ ဘင်ဂျမင်ဒစ္စရေလီ ဖြစ်သည်။ သူက ဂလက်စတုန်း နှင့် နိုင်ငံရေးအရ ပြိုင်ဘက်တစ်ဦးမှာ ဘင်ဂျမင်ဒစ္စရေလီ ဖြစ်သည်။ သူက ဂလက်စတုန်းကို “ခင်ဗျား ကောင်မလေးတွေကို ကယ်တင်နေတာ ဆိုရင် ကျုပ်အတွက်လည်း တစ်ယောက်လောက် ကယ်တင်ပေးစမ်းပါ” ဟု ပြောလေ့ရှိသည်။

ဒစ္စရေလီလည်း ခေသူ မဟုတ်ပေ။ အရှုပ်တော်ပုံထဲတွင် ဇာတ်လမ်းလေးတွေ ရှိသူ ဖြစ်သည်။ လူငယ်ဘဝတွင် စွန့်စား စီးပွားရှာခဲ့သူ ဖြစ်သည်။ ငွေပေါင်းများစွာ ချေးငှားညပီး တောင်အမေရိကတွင် ရွှေနှင့်ငွေ သတ္တုမိုင်းများကို ဝယ်ကာ အလုပ်တွေ လုပ်ခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူ ဂျွန် မော်ရေးနှင့် သတင်းစာတစ်စောင် ထုတ်သည်။ ၁၈၂၅ ခုနှစ်တွင် စတော့ရှယ်ယာ ဈေးကွက်ပျက်ပြီး လူလည်း စီးပွားပျက်၊ သတင်းစာလည်း ဆက်မထုတ်နိုင်တော့ပေ။ ခြောက်လလောက် အိပ်ရာထဲ လဲသွားသည်။ ထိုစဉ်ကသူ့အသက်မှာ ၂၁ နှစ်သာ ရှိသေးသည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts