နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၃)

နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၃)

တရားသူကြီး ရုံးတက်သောအခါ ရမန်ဆယ့်ငါးရက် ထပ်ပေးသည်။ ဦးသာဂေါင် အာမခံပေးသည်ကို မလုံလောက်၍ နောက်တစ်ယောက် ထပ်တောင်းသည်။ အာမခံအတွက် နက်ဖြန်ချိန်းလိုက်သည်။

မိဖော့က အမှုပြီးသော်၊ “ဒီမှာ … နက်ဖြန် တော်လွတ်မှာပဲတော့၊ ဘာမျှအားမငယ်နဲ့” ဟု ပြောကာ အားပေးရှာသည်။

ထိုညနေတွင် ငဘသည် ရုံးမှ အချုပ်ထောင်သို့ ပြန်ရောက်သည်။ အချုပ်ထောင်၌ သနားကြင်နာမကင်း ရှိမိသူ ရဲသားတစ်ဦး၏ လုံ့လကြောင့် မိဖော့ အခမဲ့လာ၍ စကားပြောခွင့်ရသည်။ သည်တစ်ခါ ငဘကချည်း ဒိုင်ခံပြောသည်။ အကျဉ်းထောင်ဗဟုသုတ အတော်စုံသွားသည်။

“ဒါထက် ဒီမှာ တော် ဂျပန်မြင်ဖူးပလား”

“ဆေးရုံတက်တုန်းက မြင်ဖူးတာ၊ မင့်ကို ခဏခဏ ပြောဖူးသားပဲ”

“အမလေး … တော် မြင်ဖူးတာက စစ်ဗိုလ်ကြီးပါတော့။ စစ်သားကို တော် မမြင်ဖူးသေးပါဘူး”

“အေးလေ ဘာများ ခြားနားဦးမှာလိုက်လို့”

“တော်က ဘာမျှမသိဘူး။ ဂျပန်စစ်သားဆိုတာ ကိုယ်တုံးလုံးနဲ့တော့၊ လန်ကွက်တီကလေးနဲ့”

“ကြံကြီးစည်ရာကွာ၊ မင်းက လိုက်ချောင်းနေတာပဲ၊ မတော်တာ”

“ကျုပ်ကလားတော် ချောင်းကြည့်ရမှာ၊ ထွီ … အော့နှလုံး နာမိပါရဲ့၊ ကျုပ်မြင်တာက အခု ရုံးအလာမှာ ဂျပန်တွေ ဗိုလ်တဲရှေ့ လမ်းဆုံ လမ်းမ လမ်းလေးခွနားက ရေတွင်းမှာ ကိုယ်တုံးလုံးနဲ့ … ကျုပ်ဖြင့် ရှက်ပါရဲ့တော်၊ သူတို့ တိုင်းပြည်မှာ သည်လိုပဲထင်ပါရဲ့”

အရင်တစ်ခေါက်က ငဘ ဂျပန်အကြောင်း ကြားဖူးသည်။ အလွန်ယဉ်ကျေးသော လူမျိုးဖြစ်သည်။ ဗမာများကဲ့သို့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်။ ဘုရားရှေ့ ကျောင်းရှေ့ ရောက်လျှင် သူတို့ထုံးစံအရ ခေါင်းငုံ့ အရိုအသေ ပြုတတ်သည်။ တရုတ်ကိုတွေ့လျှင် လက်လိမ်ချိုးသည် ဆိုသည်မှာ သက်သက် မတရားပြောခြင်းမျှသာ ဖြစ်သည်။ စစ်သားဆိုပေမယ့် အလွန်ကြင်နာတတ်သော လူမျိုးဖြစ်သည်။ ဉာဏ်ပညာအရာမှာလည်း အနောက်နိုင်ငံသားတို့က အရှုံးပေးရသည်။ ယခု မိဖော့အပြော ကိုယ်တုံးလုံးလို့ ဆိုပါကလား၊ အမယ်လေး … မကြည့်ဝံ့ပါဘူး။

“မင့်နှယ်ကွာ၊ မင်းမို့ ကြံကြံဖန်ဖန် မြင်တတ်ပလေ”

“ကျုပ်က … ကျုပ်လမ်း … ကျုပ်သွားနေတာတော့၊ ဘုန်းကြီးကျောင်းဆွမ်းပို့တဲ့ မိန်းမတွေတောင် မြင်ရသေးတယ်။ မျက်နှာတောင် မထားတတ်ကြဘူး။ အရိုင်းအစိုင်းတွေ သက်သက်ပါပဲတော်၊ ကျုပ်ဖြင့် သူတို့မြင်ရတာ ကျက်သရေမရှိ၊ မင်္ဂလာမရှိမို့ ထွီ … နှလုံးနာလိုက်တာ”

“ဟဲ့ … ဟဲ့ … ကြားသွားမယ်”

ငဘ၏ ကျောရိုးတစ်လျှောက် ကင်းလျှောက်၍ သွားလေသလား မပြောတတ်၊ ငဘ တွန့်သွားသည်။

“ကဲ…ကဲ…စကားပြောလို့တော့ ကောင်းပါရဲ့၊ ပြန်ချိန်တော်ပြီ” ဟု ရဲသားက သတိပေး၏။

“ဘာမျှ မပူနဲ့နော်၊ နက်ဖြန် လွှတ်မှာပဲ” ဟု မိဖော့က ငဘကို အားပေးပြီးလျှင် ဇနီးမောင်နှံနှစ်ယောက် ခွဲခွာကြလေသတတ်။

ထိုည ငဘ အထူးအိပ်၍ ကောင်းသည်။ မတင်မကျ တစ်ဆို့ဆို့နှင့် နေရသောစိတ်မှာ သောကမှ ကင်းဝေးရပြီဖြစ်၍ အနားယူလိုက်သည်။ ပျော်ပျော်ကြီး အိပ်ရ၍ အိပ်မက်ကလည်း ပျော်ပျော်ကြီး မက်ရသည်။ စိတ်မှာလည်း အိပ်မက်ထဲတွင် ပျော်ပျော်ကြီး ပျံ့လွင့်ရသည်။

အချုပ်ခန်းထဲ မိဖော့ရောက်လာသည်။ သူ့နောက်က ကိုယ်တုံးလုံးဂျပန်စစ်သား ပါလာသည်။ မိဖော့က ကျုပ်ပြောတာ “ကျုပ်ပြောတာ အဲဒီ ဂျပန်ပေါ့တော့” ဟု ဆိုသည်။ ငဘက အ,မင်္ဂလာ ကောင်ကြီးကို ဘာလုပ်ခေါ်လာရသလဲဟု မေးသည်။ မိဖော့က လူစားထိုးဖို့ဟု ဆိုသည်။ ထို့ကြောင့် ထိုဂျပန်ကို အချုပ်ခန်း၌ ထားခဲ့ပြီး လင်မယားနှစ်ယောက် မြို့ဘက်ဆီသို့ သွားကြသည်။ ထိုည လသာသောကြောင့် လင်မယားနှစ်ယောက် လက်တွဲလျှောက်ရသည်မှာ ပျော်စရာကောင်းလှသည်။ ငဘနှင့်မိဖော့တို့ နှစ်ယောက်စလုံး ဆယ်နှစ်ခန့် ပြန်ငယ်သွားသည်။ ငဘက မိဖော့ကို လူပျိုစကားပြောသည်။ မိဖော့က ဗိုက်တွင်းကြောကို လိမ်ဆွဲသည်။ ငဘက မိဖော့ကို မခံချင်အောင် ကျီစားရင်း ပြောလိုက်သည်။ မိဖော့ အပျိုဘဝတုန်းက အလွန်စိတ်ဆတ်သည်။ သူ့ကို စလျှင် မခံချင်။ မခံချင်လျှင် လိမ်ဆွဲ၊ ကုတ်ဖဲ့၊ ဖက်ကိုက်တတ်သည်။ ယခုလည်း ငဘ ငယ်မူပြန်ပြီ။ ငဘကို လိုက်ကိုက်၍ ငဘ အိပ်မက်ထဲမှာ ပြေးရသည်။ တော်တော် အမောသား၊ ပြေးလေ-ပြေးလေ မလွတ်ဖြစ်သည်။

နောက်ဆုံးမိသွားသည်။ မိဖော့က ငဘကျောပြင်ကြီးကို အုံးခနဲနေအောင် ထုလိုက်သည်။ အတော်အောင့်သွား၏။ သို့ပေမယ့် စိတ်မဆိုးနိုင်။ မိဖော့ကို ဖမ်း၍ဖက်ပြီး၊ ပါးပြင်ကလေးပေါ် နှာခေါင်းကို လှိမ့်လိုက်သည်။ မိဖော့က နှာခေါင်းကို ဖက်ကိုက်သည်။ နှာခေါင်း၌ စစ်ခနဲ နာသွားသဖြင့် လက်နှင့် ရမ်းလိုက်ရာ ဂျပန် စစ်ပုလိပ် ခြေထောက်တွင် စီးထားသော မြင်းစီးဖိနပ်ကို ပုတ်မိရက်သားရှိသည်။

ငဘက အိပ်မှုန်စုံမွှားနှင့် မျက်လုံးတစ်ချက် ဖွင့်ကြည့်သည်။ ဂျပန်တစ်ဦးကို မြင်သည်။ သူ့လက်ဝဲဘက်မှာ တရုတ်လိုလို ဂျပန်လိုလို စကားပြန်တစ်ယောက် ရပ်နေသည်။ ရဲသားလေးဦး၊ တစ်ဦးက မှန်အိမ်မြှောင်ပြရင်း နောက်နားက ရပ်နေသည်။ ဂျပန်ခြေထောက်မှာ မိမိမျက်နှာရှေ့တွင် သီ၍နေသည်။ ဖိနပ်ဦးမှာ မိမိနှာခေါင်းနှင့် တစ်ထွာ မရှိတရှိမျှသာ ဝေးသည်။ ငဘ စိတ်ထဲမှာ အိပ်မက်နောက်ဆက်တွဲက အရင်မက်တာလောက် မကောင်းဟု အောက်မေ့သည်။

ဂျပန်က ဖိနပ်ဦးနှင့် တစ်ချက် ကန်ပြန်သည်။ ငဘ၏ သွားများ နှုတ်ခမ်းများကို ထိသည်။ ငဘသည် စိတ်ထဲတွင် ဟုန်းခနဲ ဒေါသဖြစ်သွားပြီး အလူးအလဲ ထသည်။ အိပ်မက်ထဲမှာဆိုလျှင် ငဘက ဂျပန်ကို ဆွဲထိုးမိမှာ ဧကန်ဖြစ်သည်။ ယခုတော့ မျက်စိ သေချာစွာပွတ်ကြည့်ရာတွင် မိမိရှေ့၌ ဂျပန် တကယ်ရောက်နေသည် တွေ့ရသောအခါ သူ့အကြံကို လက်လျှော့လိုက်ရသည်။

ဂျပန်ပါးစပ်က အမြှုပ်ထွက်ပြီး တံတွေးစင်သည်။ သူ ဘာတွေကို ဌာန်ကရိုဏ်းကျကျ ရွတ်နေသည်ကို မသိ။ အိပ်ချင်မူးတူးနှင့် နားစိုက်နေစဉ် ငဘ၏ ပါးပြင်ပေါ်သို့ လက်ဝါးတစ်ခု အရှိန်ပြင်းစွာနှင့် ဖြန်းခနဲ မြည်ကာ ကျလာသည်။ ဂျပန်လည်း သူ့လက်ဝါးကို သူ ပြန်ရုပ်လိုက်သည်ကို ငဘ မြင်ရ၍ သူ့ကိုရိုက်ကာ ဂျပန်ပဲကိုးဟု မှတ်ထားသည်။

ငဘပါးစပ်က သွေးများ ယိုစီးလာသည်။ သွေးတို့ကို ပါးစပ်ဖြင့်ပြန်စုပ်ယူ၍ မျိုချသည်။ မျက်စိကို ဖြဲ၍ ကြည့်မိသည်။ နောက်က မှန်အိမ်မြှောင်ပြသော ရဲသားက ခေါင်းညိတ် အရိုအသေပြုရန် မျက်ရိပ်ပြတော့မှ ကောင်းစွာ သတိရလာသဖြင့် ခေါင်းညိတ်ကာ အရိုအသေပြုလိုက်သည်။ ဂျပန်စစ်ပုလိပ်ကိုလည်း အသေအချာ ကြည့်လိုက်သည်။

မီးရောင်တွင် သူ့မျက်နှာ နီကြမ်းကြမ်း ရှိသည်။ ကစော်အချဉ်ပေါက်နေသော အနံ့ကလည်း သူ့တစ်ကိုယ်လုံးမှ ထွက်နေသည်။ မျက်လုံးတို့မှာ မြွေပွေး၊ မြွေဟောက် မျက်လုံးများကဲ့သို့ အပေါက်ကျဉ်းကျဉ်း၊ ရှည်လျားလျားဖြစ်၍ ရက်စက်ကြမ်းကြုတ်သော သဘောကို အထင်အရှားပြနေသည်။ မျက်လုံးတို့မှာ အလကားနေရင်း ဒေါသအရှိန် အခိုးထွက်နေသော မျက်လုံးမျိုး ဖြစ်သည်။ ဒေါသအရှိန်အခိုးတို့မှာလည်း ကျွဲကော်ဝိုင်း မျက်မှန် မှန်ဝိုင်းနှစ်ခုတို့ကို ဖောက်ထွင်းကာ နဂါးငွေ့ လွှတ်နေဘိသို့ ရှိသည်။ ပါးရိုးငေါသောကြောင့် ပါးပိန်သည်မှာ ပို၍ပင် သိသာနိုင်သည်။ မေးစေ့မှာ လူတန်းစေ့သော မေးစေ့မဟုတ်။ သေးလွန်းသည်ဟု ငဘ ထင်သည်။ ပြဲနေသော ပါးစပ်တွင် အပေါ်နှုတ်ခမ်း ထူလွန်း၍ အပေါ်ဘက်သို့ လန်ပြီး ထူနေသည်။ သို့သော် ထော်နေသော နှုတ်ခမ်းက သွားခေါများကို မနိုင့်တနိုင် မလုံ့တလုံ ဖုံးပေးရှာသည်။ နှုတ်ခမ်းမွှေးမှာ ရိုးပြတ်များ ကျိုးတိကျဲတဲ ပေါက်နေသကဲ့သို့။ တွဲ၍ကျနေသော အောက်နှုတ်ခမ်းမှာ မေးစေ့ကလေးကို ကာကွယ်၍ထားလေသည်။

အိပ်မက်ထဲမှာ မိဖော့ခေါ်လာသော ဂျပန်နှင့် တယ်တူတာပဲ၊ လူယုတ်လက္ခဏာနှင့် ပြည့်စုံ၍ မင်္ဂလာမရှိ ဟူ၍ ငဘ တွေးလိုက်သည်။

“ဒီအကောင်ကကော ဘာမှုနဲ့လဲ” ဟု ဂျပန်စစ်ပုလိပ် ပြောသမျှကို စကားပြန်က ဘာသာပြန်ပြ၏။

“ဓားပြမှုနဲ့ မသင်္ကာ” လို့ဟု ရဲသားက ဖြေ၏။

ထို့နောက် စကားပြန်မှတစ်ဆင့် ရဲသားနှင့် ဂျပန်စစ်ပုလိပ်တို့ အချီအချ အမေးအဖြေ ပြုကြသည်။

“ဒီအကောင်ပါနဲ့ဆိုရင်၊ ဓားပြမှုတရားခံ ဘယ်နှစ်ယောက်လဲ”

“မာ့စတာ၊ ဓားပြမှုနဲ့ သုံးဆယ့်ငါးယောက်ပါ၊ ဒီအကောင်ကတော့ မသင်္ကာမှုပါပဲ၊ သူ့အပေါ် စစ်ကြည့်တော့ သက်သေမရှိလို့ လွှတ်ဖို့ပဲ လိုပါတယ် မာ့စတာ”

“မင်းတို့စစ်တာ ငါ မလိုချင်ဘူး၊ ငါ စစ်ကြည့်ချင်တယ်။ အားလုံး သုံးဆယ့်ခြောက်ယောက် မဟုတ်လား”

“အေးလေ … မာ့စတာက ဒီအကောင့်ကိုပါ ထည့်ရင် သုံးဆယ့်ခြောက်ယောက်ပေါ့”

“ကောင်းပြီ၊ သုံးဆယ့်ခြောက်ယောက်ကို ကျုပ် စစ်ရုံးပို့ပါ”

“ကောင်းပါပြီ၊ မာ့စတာ”

သခင်ရဲသားတစ်ဦးက ဗမာအစိုးရက ချုပ်ထားသော တရားခံကို လိုချင်ပါလျှင်၊ အထက်လူကြီးများမှ တစ်ဆင့် တောင်းဆိုပါဟု စောဒကတက်သည်။ ခေတ်ဟောင်း ပုလိပ်သားတို့က သခင်ရဲသားကို အမြင်ကတ်သော မျက်နှာထားနှင့် ကြည့်ပြီး၊ “ဒီအကောင် လျှာရှည်တာ ပါးရိုက်ခံချင်လို့ပဲ” ဟူသော အဓိပ္ပာယ်ပေါက်သည့် အငေါ့မျိုးနှင့် မေးငေါ့သည်။

ဂျပန်စစ်ပုလိပ်ပါးစပ်မှ အမြှုပ်တစီစီ ထွက်လာသည်မှာ တော်သတင်းလ ခွေးရူးထချိန် ထွက်တတ်သော ခွေးရူးပါးစပ်က အမြှုပ်နှင့် ခပ်ဆင်ဆင်တူသည်။ အမြှုပ်တို့၏ အကြားမှ “ခူးရကား” ဟူသော လေသံကိုလည်း ဂျပန်က မှုတ်မှုတ်ထုတ်သည်။

စကားပြန်၏ ဘာသာပြန်ချက်အရမှာ၊ ဂျပန်ဘုရင့်လက်အောက်က စစ်ပုလိပ်၊ စစ်ပုလိပ်လက်အောက်က စစ်သားဖြစ်သည်။ ထို့ကြောင့် သူပြောသောစကားမှာ ဘုရင့်ကိုယ်စားဖြစ်၍ နာယူရမည်။ လူငယ်ဖြစ်၍ ဗွေမယူလို၊ နောင်ကို ဆင်ခြေပေးလျှင် … စကားပြန်က စကားဆက်မပြောဘဲ၊ သူ၏လယ်ကို လက်ညှိုးဖြင့် ဓားလှီးဟန် ပြသည်။

သခင်ရဲသားက အံကြိတ်လိုက်သည်။

ဂျပန်စစ်ပုလိပ်က အနားတိုးလာပြီး သခင်ရဲသား ပါးကို “ဖြောင်” လိုက်သည်။

သခင်ရဲသားက ကျောက်တိုင်ကဲ့သို့ မတုန်မလှုပ် ရပ်၍ ဦးခေါင်းတစ်ချက် ဆတ်ဆတ်ခလေး ညွှတ်လိုက်ပြီးမှ ပါးတစ်ဖက်ကို ရှေ့သို့ ထိုးပေးသည်။

“မင်းတို့ အကျဉ်းသမား သုံးဆယ့်ခြောက်ယောက်ကို အခုချက်ချင်း စစ်ရုံးပို့ရမယ်”

သခင်ရဲသားက “ယခု သန်းခေါင်ကျော် တစ်ချက်တီးနေပြီ” ဟု ဆိုသည်။

ခေတ်ဟောင်းရဲသားက “ဟေ့…ဟေ့…မင်းကြောင့် တို့ပါ ပါးအရိုက်ခံရဦးမယ်၊ ရှိခိုးပါရဲ့ကွယ်၊ မင်း မပို့ချင်နေပါ၊ တို့ ပို့ပါ့မယ်၊ ပြန်မပြောပါနဲ့” ဟု ဆို၏။

စကားပြန်က ဘာသာပြန်မည် အလုပ် ခေတ်ဟောင်းရဲသားက အချက်ပေး၍ နှုတ်ပိတ်လိုက်၏။

ထို့ကြောင့် ညတွင်းချင်းပင်လျှင် သုံးဆယ့်ခြောက်ယောက်သော ဓားပြမှုနဲ့ စွပ်စွဲခံရသူများသည် ဂျပန်စစ်ရုံးသို့ ရောက်ရလေတော့သည်။

စစ်ရုံးကို အကျဉ်းသမားများ သွားရခါနီး၊ သခင်ရဲသားအား မယ်ဖော့နှင့်တွေ့လျှင် အကျိုးအကြောင်းပြောပြဖို့ ငဘက တိတ်တိတ် ကျိတ်မှာသည်။ သခင်ရဲသားက စိတ်ချဟု ဆိုသည်။

ခေတ်ဟောင်းရဲသားတို့က ဂျပန်ကို “ဗိုလ်ကြီးမာ့စတာ” ဟု တွင်တွင်ခေါ်ကာ၊ အပြင်သို့ အမြန်ရောက်အောင် မြှူ၍ ခေါ်သွားကြသည်။

“တို့ဗမာအချင်းချင်း စောင့်ရှောက်ချင်ရင်၊ ဂျပန် ပါးချခံရဲရမယ်ကွ၊ ခွေးသားတွေ ရိုက်နှင့်ကြဦးပေါ့ကွယ်။ တစ်နေ့ကျ သိရမှာပေါ့၊ သခင်မျိုးညွှန့်တဲ့ဟေ့ … မှတ်ထားလိုက်ကြကွ” ဟု သခင်ရဲသားက အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်ကို ဗိုလ်ကြီးမာ့စတာ ကြားဟန်မတူ။ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်မျှ မင်းဆက် မပြတ်။ အစဉ်အလာမပျက်သော ရာဇဝင်နှင့် ယဉ်ကျေးမှုတို့အပေါ် အခြေတည်၍ ထွန်းပေါ်လာသော အရှေ့က နေဝန်းကြီးကို အသူလျှင် စိမ်းစိမ်းကြည့်ဝံ့အံ့နည်း။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts