များစွာသောလူတို့သည် ကောလိပ်ကျောင်းသို့ သွားပြီးနောက် ဗားဂျီ ရေးသားခဲ့သည့် စာကြီးပေကြီးများကိုလည်းကောင်း၊ အထက်တန်းသင်္ချာရပ်ကိုသော်လည်းကောင်း လေ့လာ သင်ကြားကြကုန်၏။ သို့ရာတွင် သူတို့၏ ကိုယ်ပိုင်စိတ်နေစိတ်ထားများသည် မည်သို့ မည်ပုံ ဖြစ်ပျက်နေကြသည့် အကြောင်းကိုကား မစူးစမ်း မရှာဖွေကြချေ။ သက်သေပြပါအံ့။ အလုပ်တိုက်များနှင့် ကပွဲရုံများကို အေးအောင်လုပ်ပေးရသော နယူးဂျာစီပြည်နယ် နယူးဝပ်မြို့ ကဲရီးယားကော်ပိုရေးရှင်းတွင် အလုပ်လုပ်နေသော ကောလိပ်ကျောင်းမှ ထွက်လာသည့် လူငယ်တစ်စုအား ‘ထိထိရောက်ရောက် စကားပြောနည်း’ ကို ကျွန်ုပ်သည် တစ်ခါက သင်ပေးရဖူး၏။ သူတို့အထဲမှ တစ်ယောက်သောသူက အခြားသူများကို ဘတ်စကတ်ဘော ကစားရန် ဆွယ်လိုသဖြင့် ‘မင်းတို့ ဘတ်စကတ်ဘော လာရောက် ကစားစေချင်တယ်ကွာ၊ ငါ ဘတ်စကတ်ဘောကို ကစားချင်တယ်၊ သို့ပေမဲ့ ကစားရုံကိုသွားတိုင်း ဘယ်တော့မှ လူမပြည့်ဘူး၊ မနေ့ညက တို့နှစ်ဦး သုံးဦးသာရှိလို့ ဘောလုံးကို တစ်ယောက်က တစ်ယောက်ဆီကို ပစ်ပြီးသာ ကစားနေကြတယ်၊ ငါ့မျက်ခွက်ကို မှန်လို့ မျက်ခွံတောင် ညိုသွားသေးတယ်၊ မင်းတို့ ဘတ်စကတ်ဘောကို ကစားဖို့ မနက်ဖြန်ညနေကျရင် လာကြစေချင်တယ်၊ ငါ ကစားချင်တယ်ကွာ’ ဟူသော စကားမျိုးကို ပြောလေသည်။
သူသည် သင်အလိုရှိသော အကြောင်းများကို ပြောသလား။ မည်သူမျှမသွားသော ကစားရုံသို့ သင်သည် မသွားချင်ဘူး မဟုတ်လား။ သူအလိုရှိသည့် အရာကိုလည်း သင်သည် ဂရုမစိုက်။ သင်သည် မျက်ခွံအညိုလည်း မခံလို။
ကစားရုံသို့ သွားခြင်းအားဖြင့် သင်အလိုရှိသော အရာများကို ဘယ်ပုံဘယ်နည်းဖြင့် ရရှိနိုင်သည်ဟု သူ မပြနိုင်ဘူးလား။ ပြနိုင်ပြီလား။ ဥဒါဟရုဏ်၊ ကစားပေးခြင်းဖြင့် အားတိုးလာမည်၊ ထမင်းစားကောင်းမည်၊ ဦးနှောက် ပို၍ ရှင်းမည်၊ ပျော်ရမည် စသော အချက်တို့ကို ပြောပြနိုင်၏။
ပရော်ဖက်ဆာ အိုဗာစထရီ၏ အဖိုးတန်သောအကြံကို ထပ်မံဖော်ပြပါအံ့။ တစ်ဖက်သား၏ စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာအောင် ရှေးဦးစွာ ဆွပေးပါ။ အကြင်သူသည် ဤကိစ္စကို ဆောင်ရွက်နိုင်အံ့၊ ထိုသူ၏နောက်သို့ တစ်ကမ္ဘာလုံးလိုက်အံ့။ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်း နေရအံ့။
ကျွန်ုပ်၏အတန်းတွင် စာသင်နေသူ တပည့်တစ်ယောက်သည် သူ၏သားလေးအတွက် စိတ်ပူလျက်ရှိလေသည်။ ကလေးသည် အတော်ပိန်၏။ အားရှိသော အစာအာဟာရများကိုစားရန် ငြင်းဆန်လျက်ရှိသောကြောင့် သူ့မိဘများသည် လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း သူ့ကို ကြိမ်းမောင်းကြ၏။ ဆူပူကြ၏။ ‘မင်းကို မင့်အမေက ဒါကို စားရမယ်’ တဲ့၊ ‘မင့်ကို မင့်အမေက ထွားကျိုင်းစေလိုသတဲ့’ စသည်ဖြင့် အတင်းအကျပ် တိုက်တွန်းလျက်ရှိ၏။
ကလေးသည် သူတို့၏စကားကို ဂရုစိုက်လေသလား၊ မဟာဗေဒင်ဘာသာ၏ ပွဲတော်များအတွက် သင်နှင့်ကျွန်ုပ်တို့ ဂရုုမစိုက်သလို ကလေးသည်လည်း သူတို့၏စကားများကို ဂရုမစိုက်ချေ။
ကိုယ်ပိုင်ဉာဏ် တစ်ထွာလောက်ရှိသော သူတစ်ဦးပင်လျှင် အသက် ၃၀ အရွယ် ဖခင်တစ်ဦး၏အလိုကို မည်သည့်နည်းနှင့်မျှ သုံးနှစ်ရွယ်သားကလေးက နားမထောင်ဘဲ လိုက်နာနိုင်မည် မဟုတ်ကြောင်းကို သိ၏။ သို့ရာတွင် ဤနေရာတွင် ဖခင်သည် သူ့အလိုကို သားငယ်လိုက်လိမ့်မည်ဟု မျှော်လင့်နေ၏။ ဤကဲ့သို့ ဖြစ်ရသည်မှာ လုံးဝမှား၏။ ဤအကြောင်းကို နောက်ဆုံးတွင် ကလေး၏ဖခင်သည် မြင်လေ၏။ ထို့ကြောင့် ‘ငါ့သားသည် ဘာကို အလိုရှိပါလိမ့်၊ သူ အလိုရှိတာနဲ့ ငါအလိုရှိတာကို ဘယ်လိုထပ်အောင် အပ်စပ်ရမလဲ’ ဟု သူ့ကိုယ်ကို သူမေး၏။
ထိုအကြောင်းကို စ၍ စဉ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ပြဿနာသည် လွယ်လာ၏။ ဘရုကလင်းအရပ်ရှိ သူ၏အိမ်ရှေ့ လူသွားလမ်းပေါ်တွင် ထိုကလေးသည် သူ၏ သုံးဘီးစက်ဘီးကလေးကို ခေါက်တုံ့ခေါက်ပြန် စီးရန် အလွန်နှစ်သက်၏။ ထိုအိမ်နှင့် မနီးမဝေးတွင် သူ့ထက်ကြီးသော လူဆိုးကလေးတစ်ဦး ရှိ၏။ လူဆိုးကလေးသည် ထိုကလေးကို စက်ဘီးပေါ်မှ ဆွဲချပြီးလျှင် သူကိုယ်တိုင် တက်စီးလေ့ရှိ၏။
ဤသို့ ဆွဲပစ်ခံရလျှင် ထိုကလေးသည် သူ့အမေထံသို့ အော်ပြေးလေ၏။ သူ့အမေလာ၍ လူဆိုးကလေးကို ဆွဲချပြီးမှ သူ့သားကို စက်ဘီးပေါ်သို့ ပြန်၍ တင်ရ၏။ ဤကိစ္စသည် နေ့စဉ်နှင့်အမျှလိုလို ဖြစ်နေလေသည်။ ထိုကလေးသည် ဘာကို အလိုရှိနေသနည်း။ ထိုမေးခွန်းကိုဖြေရန် ရှားလော့ဟုမ်းထံမှ အကူအညီ တောင်းစရာမလိုပါ။ သူ၏ရင်တွင်းရှိ စိတ်များတွင် အကြမ်းဆုံးဟု ဆိုအပ်သော မာန၊ ဒေါသ၊ မိမိကိုယ်ကို အထင်ကြီးလိုသော ဆန္ဒတို့သည် ထိုလူဆိုးကလေးကို ခြေမွပစ်ကာ ကလဲ့စားချေရန် သူ့ကို ဆွပေးလျက်ရှိ၏။ ထို့ကြောင့် ‘ဟေ့ ငါ့သား မင်းအမေ အစားခိုင်းတဲ့ ဟောဒီအစားတွေကိုစားရင် မင်း သိပ်ထွားလာပြီး လူဆိုးကလေးကို ကောင်းကောင်းနိုင်မှာပဲ’ ဟု ပြောလိုက်သည့်အခါမှစ၍ ကလေးကို အစာအတင်းအကျပ်ကျွေးရန် မလိုတော့ချေ။ သူ၏မာနကို ချိုးနှိမ်လျက်ရှိသော လူဆိုးကလေးကိုနိုင်အောင် ကြီးထွားသန်စွမ်းရန် သူ့အမေကျွေးသမျှ အစာတို့ကို စားလျက်ရှိလေသည်။
ထိုပြဿနာတစ်ရပ်ကို ဖြေရှင်းပြီးသော် ဒုတိယပြဿနာကို ဖြေရှင်းရန် သူ၏ဖခင်သည် ကြိုးစားရပြန်သည်။ ထိုကလေးသည် ညအိပ်လျှင် အိပ်ရာထဲတွင် အပေါ့သွားလေ့ရှိ၏။ သူသည် သူ၏ဘွားအေနှင့် အတူတူအိပ်၏။ နံနက်မိုးလင်းတိုင်း ဘွားအေကြီးသည် အိပ်ရာမှထသည်နှင့် မွေ့ရာသေးစိုနေသည်ကို တွေ့သောအခါ ‘ကြည့်စမ်း ဂျော်နီ၊ မင်း ညက ပေါက်တဲ့ သေးကွက်တွေ’၊ ထိုအခါ မြေးကလေးက ‘ကျွန်တော် ပေါက်တာမဟုတ်ဘူး၊ဘွားဘွား ပေါက်တာတွေ’ ဟု ပြန်ပြောလေသည်။
ဘယ်လိုကြိမ်းကြိမ်း၊ ဘယ်လိုဆိုဆို အိပ်ရာထဲမှ သေးပေါက်တာကို မင်းမေမေ မကြိုက်ဘူးဟူသော စကားမျိုးကို ကလေးသည် ပေါက်မြဲပေါက်နေ၏။ ထို့ကြောင့် ‘ခင်ရေ လူကလေး အိပ်ရာထဲမှာ သေးမပေါက်အောင် ဘယ်နှယ့်လုပ်ရမလဲ’ ဟု မိဘများသည် တိုင်ပင်စပြုကြလေသည်။
သူသည် ဘာကိုအလိုရှိသလဲ။ ရှေးဦးပထမ သူ၏ဘွားအေ ဝတ်နေသော အိပ်ရာဝင် အင်္ကျီမျိုးကို ဝတ်နေရသည်ကို မနှစ်သက်။ သူ၏ဖခင် ဝတ်နေသော အင်္ကျီမျိုးကိုသာ ဝတ်လို၏။ အကယ်၍ ကလေးကသာ သေးမပေါက်တော့ဟု ဝန်ခံလျှင် ကလေးလိုချင်သော အင်္ကျီကို ဝတ်ပေးမည်ဟု သေးပေါက်လွန်း၍ စိတ်ညစ်နေသော ဘွားအေကြီးသည် သဘောတူလေသည်။ သူအလိုရှိသော ဒုတိယအရာသည် သူ့အတွက် တစ်ယောက်အိပ်ခုတင်တစ်လုံး ဖြစ်၏။ ဘွားအေကြီးကလည်း ထို ခုတင်ကို ဝယ်ရန် ခွင့်ပြု၏။
သူ၏မိခင်သည် သူ့ကို ဗရုကလင်အရပ်ရှိ လိုအီစားစတိုး တိုက်ဆိုင်သို့ ခေါ်သွားပြီးလျှင် ဈေးရောင်းသူ မိန်းကလေးကို မျက်စိမှိတ်ပြလျက် ‘ဟောဒီ လူပျိုကြီးကကွယ် သူကိုယ်တိုင် ဈေးဝယ်ချင်လို့တဲ့’ ဟု ပြောလိုက်လေသည်။ ‘သြော် လူပျိုကြီး ဒီကြွပါ၊ ဘာများ အလိုရှိပါသလဲရှင်’ ဟု သူ့ကိုယ်ကိုယ် အတော်အထင်ကြီးသွားအောင် ဈေးရောင်းသူကလေးက ခပ်တည်တည်မေး၏။ ကလေးသည် ရင်ကော့ပြီးလျှင် ‘ကျွန်တော် အိပ်ဖို့အတွက် ခုတင်တစ်လုံး ဝယ်ချင်တယ်’ ဟု ပြန်ပြောလေသည်။ ထို့နောက် သူ့မိခင် အလိုရှိသော ခုတင်တစ်လုံးကို တွေ့သောအခါ မိခင်လုပ်သူသည် ဈေးရောင်းသူကလေးအား မျက်စိမှိတ်ပြပြီးလျှင် ထိုခုတင်ကို ဝယ်ရန် သူ၏သားကို အဆွယ်ခိုင်း၏။
နောက်တစ်နေ့တွင် ခုတင်ကို အိမ်သို့လာ၍ ပို့လေသည်။ ထိုညတွင် သူ၏ ဖခင် ပြန်လာသောအခါ ‘ဖေဖေ၊ ဖေဖေ ကျွန်တော် ဝယ်လာတဲ့ ကျွန်တော့်ကုတင်ကို အိမ်ပေါ်မှာ အိမ်ပေါ်မှာ လာကြည့်စမ်းပါ’ ဟု အော်၍ တံခါးဝသို့ သွားပြီးလျှင် ဖခင်ကို ကြိုဆိုလေသည်။ ဖခင်ဖြစ်သူသည် ချားရွှပ်၏ ဆုံးမစကားကို နာယူသောသဘောဖြင့် သူ၏သား ဝယ်လာသော ခုတင်ကို စိတ်ရောကိုယ်ပါ ချီးမွမ်းလျက် ရှိလေသည်။
‘လူကလေး ဒီနေ့ညတော့ ရှူးရှူးမပေါက်တော့ဘူးမဟုတ်လား’
‘မပေါက်တော့ဘူး ဖေဖေ’
ကလေးသည် သူ၏ကတိအတိုင်း တည်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏မာနသည် ကတိအပေါ်တွင် တည်လျက် ရှိကြသောကြောင့်တည်း။ ထိုမျှမကသေး၊ အိပ်ရာနှင့် ခုတင်သည် သူ့အိပ်ရာနှင့်ခုတင် ဖြစ်လျက်ရှိချေပြီ။ ထိုခုတင်ကို သူကိုယ်တိုင် ဝယ်လာ၏။ ထို့ပြင်လည်း လူကြီးတစ်ယောက်ကဲ့သို့ အိပ်ရာဝင်အင်္ကျီများကို ဝတ်ဆင်ရလျက် ရှိချေပြီ။ ထို့ကြောင့် သူသည် လူကြီးကဲ့သို့ ပြုကျင့်လို၏။ ထိုအတိုင်းလည်း ပြုကျင့်၏။
သက်သေတစ်ခုကို ပြဦးအံ့။ ကေတီဒူးရှမန်း ဆိုသူ တယ်လီဖုန်းအင်ဂျင်နီယာ တစ်ဦးတွင် ၃ နှစ်အရွယ် သမီးတစ်ယောက်ရှိ၏။ ဒူးရှမန်းသည် ကျွန်ုပ်ထံတွင် လာရောက်သင်ကြားနေသူ တပည့်တစ်ဦး ဖြစ်၏။ သူ၏သမီးကို နံနက်စာ စားရန် ပြော၍မရသဖြင့် ကြိမ်းချည်တစ်ခါ ချော့ချည်တစ်လှည့်နှင့် တိုက်တွန်းပါသော်လည်း အချည်းနှီးဖြစ်ခဲ့၏။ ထို့ကြောင့် ‘မနက်စာ စားချင်အောင် ဘယ်လိုလုပ်ရပါ့မလဲ’ ဟူ၍ ဇနီးမောင်နှံနှစ်ယောက် တိုင်ပင်ကြလေသည်။
သမီးကလေးသည် မိခင်ကို အတုခိုး၍ သူ့ကိုယ်သူ လူကြီးဖြစ်ချင်နေ၏။ ထို့ကြောင့် တစ်မနက်တွင် ကုလားထိုင်တစ်လုံးပေါ်တွင် သူ့ကို တင်ထားပြီးလျှင် နံနက်စာကို သူကိုယ်တိုင် ချက်စေသည်။ ကလေးသည် ထမင်းအိုးကို မွှေနေသည့် အချိန်ကောင်းတွင် ဖခင်ဖြစ်သူသည် မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ ‘ဖေဖေ ကြည့်စမ်း၊ သမီး ထမင်း ချက်နေတယ်’ ဟု ပြောလေသည်။
ထိုနေ့ နံနက်စာ ထမင်းစားကြရာ မတိုက်တွန်းရဘဲနှင့် နှစ်ပန်းကန်ပြားကုန်အောင် ကလေးမကလေးသည စားလေသည်။ အဘယ်ကြောင့်ဆိုသော် သူချက်သော ထမင်းတွင် သူသည် စိတ်ဝင်စားလျက်ရှိသောကြောင့်ပင်ဖြစ်၏။ သူသည် သူ့ကိုယ်ကိုယ် အထင်ကြီးလျက်ရှိရာ ထမင်းချက်ရခြင်းဖြင့် ထိုအထင်ကြီးခွင့်ကို သူသည် ရရှိလေသည်။
‘တွင်ကျယ်ချင်သောစိတ်သည် လူတို့တွင် ရှိသည့် အခြားသောစိတ်များကို လွှမ်းမိုးနေသောစိတ်ဖြစ်သည်’ ဟူ၍ ဝီလျံဝင်းတားသည် တကြိမ်က ပြောဖူး၏။ အလုပ်လုပ်ရာတွင် ထိုစကားကို ကျွန်ုတို့သည် အဘယ်ကြောင့် အသုံးမချနိုင်ရမည်နည်း။ ကျွန်ုပ်တို့တွင် အလွန်ကောင်းသော အကြံတစ်ခုရရှိလျှင် တစ်ဖက်သားအား ထိုအကြံသည် ကျွန်ုပ်တို့၏အကြံဖြစ်သည်ဟု သိစေမည့်အစား ထိုအကြံကို သူ့ထံမှရသည်ဟူသော အနေမျိုးမရောက်အောင် အဘယ်ကြောင့် မလုပ်ရမည်နည်း။ ထိုအခါ ထိုသူသည် ဤအကြံကို သူ၏အကြံဟူ၍ ယူဆပြီးလျှင် အလွန်နှစ်သက်ရုံမက နှစ်ပန်းကန်ပြားကုန်အောင် စားသော ကလေးမကဲ့သို့ ထိုအကြံကို အကြံပေးသူထက် နှစ်ဆပို၍ လုပ်ပေလိမ့်မည်။
ထို့ကြောင့် ‘တစ်ဖက်သား၏ စိတ်ထဲတွင် ဆန္ဒတစ်ခု ပြင်းပြစွာ ဖြစ်လာအောင် ရှေးဦးစွာ ဆွပေးပါ၊ အကြင်သူသည် ဤကိစ္စကို ဆောင်ရွက်နိုင်အံ့၊ ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်း နေရအံ့’ ဟူသော စကားကို ကောင်းစွာ မှတ်ကြပါကုန်။