တတိယမောင်းထောင်

တတိယမောင်းထောင် ဆရာတော်

တတိယမောင်းထောင် ဆရာတော် (မြန်မာ ၁၁၇၇ – ၁၂၃ဝ) သည် အလုံမြို့၊ မောင်းထောင်ကြီးရွာ၌ သက္ကရာဇ် ၁၁၇၇ ခုနှစ် ဝါဆိုလဆန်း ၈ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် ဦးသော်၊ ဘွဲ့ရှင်ပညာသာမိ ဖြစ်သည်။ ဒုတိယ မောင်းထောင် သာသနာပိုင်ဆရာတော်၏ တပည့်ဖြစ်သည်။ မင်းတုန်းမင်း လက်ထက် သက္ကရာဇ် ၁၂၁၇ ခုနှစ်တွင် ပညာသာမိသိရိ ကဝိဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ရသည်။ မန္တလေးမြို့ အရှေ့ပြင် မင်္ဂလာရာမ ခေါ်သော မောင်းထောင်တိုက်၌ သက်တော် ၅၃ နှစ် သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ် တပို့တွဲလတွင် ပျံလွန်တော်မူသည်။

ပြုစုတော်မူခဲ့သော ကျမ်းများ

ကုသဇာတ်စကားပြေ (သာမဏေ ဘဝက ရေးသည်ဟူသတတ်)။ ကံဒွါရ အဆုံးအဖြတ်။ ဇာတ်ဋီကာသစ်ပါဌ်။ ဒေါသကထာကျမ်း။ နဝဗုဒ္ဓပူဇနကျမ်း။ နာဂရာဇုပ္ပတ္တိကထာပါဌ်။ နိရယ ကထာ ဒီပကကျမ်း။ ပေါရာဏာကထာ ၆၂ ဂါထာပါဌ် နိသျ။ မောင်းထောင်ဆရာတော်ဖြတ်ထုံး။ ရာဇသေဝကဒီပနီကျမ်း။ သာသနဝံသပ္ပဒီပိကာပါဌ်။ သီလကထာ ကျမ်း။ သဒ္ဒနီတိ ဋီကာသစ်ပါဌ်။ သဒ္ဒတ္ထဘေ ဒစိန္တာဂဏ္ဌိကျမ်း။ အဘိဓာန်ဋီကာ နိသျသစ်။ အာပတ္တိ ဝိနိစ္ဆယ။ ဥပါယကထာကျမ်း။ ဥပေါသထ ဝိနိစ္ဆယကျမ်း။ အက္ခရဝိသော ဓနီကျမ်းတို့ ဖြစ်သည်။

(ဤမောင်းထောင် ဆရာတော်များ အကြောင်းကို ရေးရာ၌ −

(၁) ၁၁၉၃ ခုနှစ်၊ မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြန် ပြုစုသော သာသနာလင်္ကာရ စာတမ်း၊
(၂) ၁၂၁၃ ခုနှစ်၊ မင်းလှသီရိသီဟသူ ပြုစုသော ဆရာတော်များ ဦးရေစာရင်း၊
(၃) ၁၂၄၈ ခုနှစ်၊ မိုင်းခိုင်းမြို့စားအတွင်းဝန် ပိဋကတ်တော်အုပ် ဦးရန် ပြုစုသော ပိဋကတ် သမိုင်း စာတမ်းတို့ကို အရင်းခံ မှီငြမ်းပြု၍ ရေးသားပါသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၊ ဟင်္သာတမြို့ မြစ်ကွေးဆရာတော် ဦးပညာဝံသ၏ မှတ်စုများ၊ ဟင်္သာတမြို့ သပြေပင်ဆရာတော် ပြုစုသော သာသနဝံသ ဒီပနီတို့နှင့်လည်း ညှိနှိုင်းတိုက်ဆိုင်ပါသည်။)

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ၊ ၁၉၉၂ ခု၊ နှာ-၄၀၁

OpenYourBusinessOnline

Related Posts