ဝိဓူရဇာတ်တော်ကြီး

ဇနကဇာတ်တော်ကြီး

ဇနကဇာတ်တော်ဟူသည် အတိုချုံး၍ ခေါ်ဝေါ်ကြသော မဟာဇနကဇာတ်တော်သည် “ဇာတ်ကြီးဆယ်ဘွဲ့” တွင်ဒုတိယမြောက် ဇာတ်တော်ဖြစ်၍ မူရင်းပါဠိတော်၌ ဂါထာပေါင်း ၁၈၆ ဂါထာဖြင့်ဖွဲ့ဆိုထားသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ တရားသဘင်ဝယ် အစည်းအဝေးဖြစ်ကြလတ်သော် ရဟန်းတို့သည် မြတ်စွာဘုရား၏ နိက္ခမပါရမီဖြည့်တော်မူပုံကို ချီးမွမ်းကြလေရာ မြတ်စွာဘုရားသည် ထိုပါရမီကို အကြောင်းပြု၍ မဟာဇနက္က ဇာတ်တော်ကို ဟောကြားတော်မူလေသည်။

    ထိုဇာတ်တော်ကြီးကို မင်းဘူးမြို့ အရှင်ဉီးဩဘာသသည် လေသာကျောင်း၊ ကျောင်းတကာမောင်ဝ၏သား ဒါယကာမောင်ထောက်က တောင်းပန်အပ်၍ ၁၀၄၇ခုနှစ်တွင် ပါဠိတော်မှ မြန်မာသို့အနက်ပြန်၍ ပြုစုတော်မူသည်။
ဇနကဇာတ်တော်မှာဤသို့ဖြစ်သည်။

    လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၍ မဟာဇနက အမည်ရှိသောမင်းသည် မင်းပြုသည်။ ထိုမင်း၌ အရိဌ ဇနကမင်းသားအား အိမ်ရှေ့အရာကို ပေး၏။ ပေါလဇနကမင်းသားအား သေနာပတိအရာကို ပေး၏။ မင်းကြီးနတ်ရွာစံသော် အရိဌဇနကသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံ၍ ပေလဇနကသည် အိမ်ရှေ့အရာ၌ တည်လေသည်။ ထိုအခါ ပေါလဇနကသည် အိမ်ရှေ့အရာ၌ တည်လေသည်။ ထိုအခါ ပေါလဇနက အိမ်ရှေ့မင်း၏ အတွင်းကျွန်ယုံဖြစ်သော အမတ်တစ်ဦးသည် မိမိအလို မပြည့်သည်နှင့် မိမိအရှင်သခင်ပေါ်တွင် အငြိုးထား၍ အရိဌဇနက မင်းကြီးထံ စံဝင်ပြီးသော် ဂုံးတိုက်ချောစားလေသည်။ အကြိမ်ကြိမ် ဂုံးချောလေသော် မင်းကြီးသည် ငါ၏ ညီသည် ငါ့ကို မကောင်ကြံရာ၏ဟု အယူရှိ၍ အိမ်ရှေ့မင်းကို ဖမ်းဆီးစေပြီးလျှင် အနှောင်အဖွဲ့၌ ချထားသည်။

ထိုအခါ အိမ်ရှေ့မင်းသားသည် နောင်တော်အပေါ်၌ မပြစ်မှားမိကြောင်း သစ္စာအဓိဌာန်ပြုလေရာ သစ္စာ၏ အာနုဘော်ကြောင့် အနှောင်အဖွဲ့မှ လွတ်လေ၏။ ပေါလဇနကလည်း ဤသို့ အနှောင်အဖွဲ့မှ လွတ်လေသော် ရွာငယ်များကို သိမ်းရုံး၍ လက်နက်ပြုပြီးလျှင် နောင်တော်အား ယခင်က ရန်မလုပ်လိုသော်လည်း ယခုပြန်လုပ်တော့မည်ဆိုပြီး စစ်ထိုးလေ၏။ ဤသို့ မင်းညီနောင်တို့ စစ်ထိုးရာ နောင်တော်အရိဠဇနကသည် အရေးရှုူံးနိမ့်၍ နတ်ရွာစံလေသော် အရိဠဇနကမင်းကြီး၏ မိဖုရားကြီးသည် မိမိဝမ်း၌ ဘုရားလောင်းဇနကမင်း၏ သန္ဓေဖြင့်ထွက်ပြေးရာ သိကြားမင်း၏ တန်ခိုးဖြင့် ဒိသာပါမောက္ခဆရာကြီး ထံရောက်လေသည်။ ထိုဒိသာပါမောက္ခဆရာကြီး ထံရောက်သည်တွင် ဘုန်းကမ္ဘာရှင်ဖြစ်သော မဟာဇနက္ကမင်းသားကို ဖွားမြင်လေသည်။

    ဇနက္ကမင်းသားလည်း အရွယ်ရောက်လတ်သော် မိမိ၏မျိုးရိုးကို မိခင်အား မေးမြန်းရာတွင် မိမိ၏ ဖခမည်းတော်သည် မိတ္ထလာပြည့်ရှင် အရိဠဇနက မင်းကြီးဖြစ်၍ ဉီးရီးတော် ပေါလဇနကသည် မိတ္ထလာပြည်၌ စိုးစံနေကြောင်းသိရှိလေ၏။ ထိုအခါ ဇနကမင်းသားသည် မိမိ ခမည်းတော်၏ အရိုက်အရာဖြစ်သော မိတ္ထလာပြည်ကို သိမ်းယူရန်အကြံဖြစ်သည်။ ဤသို့သိမ်းယူနိုင်ရန် အလို့ငှာ ပင်လယ်ခရီးဖြင့် သင်္ဘောလွှင့်၍ ကူးသန်းရောင်းဝယ်နိုင်စေရန် မယ်တော်အား ခွင့်အကြိမ်ကြိမ်ပန်၍ သင်္ဘောလွှင့်ခဲ့သည်။

    သို့သော်ဇနကမင်းသား၏ သင်္ဘောသည် ပင်လယ်ခရီး၌နစ်လေသည်။ ထိုအခါသင်္ဘောသား ခုနစ်ရာတို့သည် ယောက်ျားတို့၏လုံ့လကို တစ်ခုမျှမပြုဘဲ ငိုကျွေးမြည်တမ်းလျှက်ပင် ငါး၊ လိပ်၊ ငါးမန်းတို့၏အစာဖြစ်ကုန်၏။ ဘုရားလောင်းကား ယောက်ျားတို့၏ လုံ့လဝိရိယကို မလျှော့ဘဲ ခုနှစ်ပတ်လုံး ပင်လယ်၌ကူးတော်မူ၏။ ထိုအခါ မဏိမေခလာ နတ်သမီးသည် မနီးမဝေးသောကောင်းကင်က ကိုယ်ထင်ပြကာရပ်လျက် ကောင်းမြတ်သော လုံ့လဖြင့် တည်းကူးသလော၊ မူးယစ်သောလုံ့လဖြင့် တည်းကူးသလောဟု စုံစမ်းရန် ‘တစ်ဖက်ကမ်းသို့ မရောက်နိုင်ရာသော ဤသမုဒ္ဒရာ၌ အပင်အပန်းကူးသဖြင့် အဘယ်အကျိုးထူးကိုရ၍ ကိုယ်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့် ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော’ ဟုမေး၏။ ထိုအခါ ဘုရားအလောင်းသည် ‘နတ်သမီး ကောင်းစွာအားထုတ်လပ်သော ယောက်ျားတို့၏ လုံ့လသည် အကျိုးမဲ့ဖြစ်ဘူးသည်မရှိ။ ဤသမုဒ္ဒကမ်းကို မမြင်ကာမျှဖြင့် အဘယ့်ကြောင့်ယောက်ျားတို့၏ လုံ့လကို လျှော့ထိုက်အံ့နည်း။ ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ အကျိုးကိုမြင်သဖြင့် ငါလုံ့လပြုသည် ဟုဆိုသည်။

    ထိုအခါ နတ်သမီးသည် ဘုရားလောင်း၏တရားကို နာလိုသောကြောင့် ပြန်၍စာနာတတ်လေသော် ဘုရားလောင်းသည် လုံ့လပြုခြင်းကြောင့် ယောက်ျားမှန်လျက်နှင့် အသက်မရှိသောကျွန်းထင်းကဲ့သို့ လုံ့လမပြုဘဲ နေသည်ဟု အများတကာတို့ အပြစ်မတင်နိုင်စေရန် လုံ့လကိုပြုသင့်ကြောင်း ပြောပြသည့်အပြင် လုံ့လအကျိုးကို လက်ငင်းခံစားရကြောင်းပြလို၍ ‘ဤသမုဒ္ဒရာ၌ငါနှင့်အတူ သင်္ဘောပျက်ကြသော ခုနစ်ရာသော သင်္ဘောသားတို့သည် ယောက်ျားတို့၏ လုံ့လချို့တဲ့လေခြင်းကြောင့် ငါး၊ လိပ်တို့၏ အစာသာဖြစ်လေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လကိုမလျှော့ခြင်းကြောင့် ငါး၊ လိပ်တို့၏ဘေးမှ လွတ်သည့်အပြင် လူသာမန်တို့ မြင်ရခဲသော သင်နတ်သမီးကို ငါမြင်ရ၏၊ သင်သနား၍ ငါ့ကိုကယ်ဆောင်ပါလျှင် ငါအကျိုးရှိလတ္တံ့။ သင်မဆယ်တင်၍ ဤတွင်ပင်ငါဆုံးရသော်လည်း လုံ့လပြုကျိုးငါ၍ရှိလေပြီ။’ ဟူ၍ နတ်သမီး မဆိုသာအောင် ပြန်လည်ချေပလေသည်။ ထိုစကားကိုကြားလျှင် နတ်သမီးသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းတော် ဇနကမင်းသားအား အလိုရှိရာ မိတ္ထီလာပြည်သို့ ပို့ဆောင်၍ ကျောက်ဖျာထက်၌ သိပ်ထားလေသည်။

    ထိုအခါ မိတ္ထီလာပြည်၌ကား ဘထွေးတော် ပေါလဇနကမင်း နတ်ရွာစံ၍ ခုနစ်ရက်ရှိနှင့်ပြီးသတည်း။ ပေါလဇနကမင်း၌ သိဝလိဒေဝီဟူသော သမီးတော်သာလျှင် ကျန်ရစ်လေသည်။ ပေါလဇနကမင်းသည် ထီးနန်းဆက်ခံစိုးစံသည့် ကိစ္စအတွက် နတ်ရွာမစံမီ မူးကြီးမတ်ရာတို့အား မှာကြားခဲ့သည်ကား ဗိုလ်ချေတစ်ထောင် တင်နိုင်ချနိုင်သော လေးကို တစ်ယောက်ထဲဖြင့် တင်နိုင်ချနိုင်သော ကာယဗလရှိသူ၊ တစ်ဆယ့်ခြောက်လုံးသော ရွှေအိုးကြီးကို ဖော်ထုတ်နိုင်သော ဉာဏဗလရှိသူ မည်သည့်အမျိုးကို မဆို သမီးတော် သီဝလိဒေဝီ နှစ်သက်သည်ရှိသော် ထီးနန်းအပ်နှင်းလေ ဟူ၍ဖြစ်သည်။

    ထိုမှာကြားချက်အရ မင်းသမီးနှင့်ထိုက်တန်ရာကို ရှာကြံ၍မရနိုင်လတ်သော် မူးမတ်တို့သည် မင်းလောင်းရှိရာအရပ်သို့ အဓိဠာန်ဖြင့် ဖုတ်သွင်းရထားလွှတ်လေသည်။ ထိုအခါရထားသည် ဘုရားလောင်းဇနကမင်းသား စက်တော်ခေါ်ရာ မင်္လာကျောက်ဖျာ၍ ရပ်တန့်လေသည်။ ထို့ကြောင့် မူးကြီးမတ်ရာ သေနာပတိတို့သည် ပုရောဟိတ်၏ အကြံပေးချက်အရ ဘုန်းရှင်သမ္ဘာရှင် ဖြစ်မဖြစ်ကိုလည်းကောင်း၊ ပေါလဇနကမင်း မိန့်မှာခဲ့သည့်အတိုင်း ကာယဗလ၊ ဉာဏဗလရှိ မရှိကိုလည်းကောင်း စမ်းသတ်ပြီးသော် အလောင်းတော် ဇနကမင်းသားအား မိတ္ထီလာပြည်၏ ထီးနန်းကို သိဝလိဒေဝီ မင်းသမီးနှင့်တကွ အပ်နှင်းလေသည်။

    ဤသို့ဖြင့် မဟာဇနကမင်းနှင့် သီဝလိဒေဝီ မိဖုရားတို့သည် မင်း၏စည်းစိမ်ဖြင့် တင့်တယ်စွာ စံနေတော်မူကြသည်။ တစ်နေ့သောအခါ ဉယျာဉ်တော်သို့ ထွက်တော်မူသည်တွင်း မဟာဇနကမင်းသည် သရက်ပင်နှစ်ပင်၏ ဉပမာကိုကြည့်၍ ဤအပင်ကား အသီးမသီးသောကြောင့် စိမ်းစိမ်းလတ်လတ် ညိုဖတ်သောခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်းရှိသည်။ ဤအပင်ကား အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သောသူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်းမတည်ရ။ ဤပြည်စည်းစိမ်သည်လည်း ရန်သူနှင့်ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့်တူ၏။ ရန်သူမဆက်ဆံသော စည်းစိမ်ကိုရှာလျှင် ရသေ့ရဟန်း၏ အဖြစ်သည်သာ ရန်ူသူနှင့်မဆက်ဆံသောကြောင့် အသီးမသီးသော သရက်ပင်နှင့်တူ၏ဟူ၍ နေက္ခမ္မဝိတက်ဖြင့်  အကြံတော်ရရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍တောထွက်တောမူသည်။ ထိုအခါ သိဝလိဒေဝီနှင့်တကွ မိဖုရား ခုနစ်ရာတို့သည် မဟာဇနကမင်း၏ နောက်သို့ လိုက်ပါလျက် တောမထွက်ရလေအောင် အမျိုးမျိုးသောပရိယာယ်တို့ဖြင့် တားမြစ်ကြကုန်သည်။

ထိုအခါ ဘုရားလောင်းအား နာရဒရှင် ရသေ့နှင့် မိဂါဇိန်ရှင်ရသေ့တို့က ငါးပါးအာရုံကာမဂုဏ်တို့ကို ဖြတ်၍ တစ်ယောက်တည်းချင်း ကမ္မဠာန်းကို ရှေးရှုသော ရဟန်းတို့၏ဘဝကို ညွှန်ပြဩဝါဒပေးတော်မူသည်။ သို့သော် သီဝလိဒေဝီနှင့်တကွ မိဖုရား မောင်းမ မိဿံတို့သည် အလောင်းတော် ဇနကမင်းသား၏ နောက်သို့ လိုက်ပါမြဲ လိုက်ပါလျက်ရှိရာ လက်ကောက်နှစ်ဆင့်ဝတ်ရာ၌ အသံဖြစ်၍ လက်ကောင်တစ်ဆင့်ဝတ်ရာ၌ အသံမဖြစ်သည့် ဉပမာကိုလည်းကောင်း၊ မျက်စိတစ်ဖက်ကို မှိတ်လျက် တစ်ဖက်ဖြင့် ကြည့်၍သာမြားကို ဖြောင့်၍ရသော ဉပမာကိုလည်းကောင်း၊ ဖြတ်အပ်ပြီးသော ဖြူဆံမြက်ပင်မှ မျက်ညွန့်ကို ထိုအပင်၌တစ်ဖန်ပြန်ဆက်၍ မရကောင်းသော ဉပမာကိုလည်းကောင်း အလောင်းတော်ဇနကမင်းသည် သီဝလိဒေဝီ မိဖုရားအား ပြလေသည်တွင်မှ မိဖုရားနှင့်တကွသော အမတ်တို့သည် ဘုရားလောင်းထံသို့ ဆက်၍ မလိုက်တော့ဘဲ ပြည်တော်သို့ ပြန်ကြလေကုန်သည်။ ထို့နောက်မိဖုရားကြီးသည် သားတော် ဒီဃာဝု မင်းသားအား ထီးနန်းအပ်၍ မိမိကိုယ်တိုင် ရဟန်းပြုလေသည်။

ဤမဟာဇနက ဇာတ်တော်၌ နိက္ခမပါရမီကို အဓိကထား၍ မြတ်စွာဘုရားဟောကြားတော်မူသည် ဖြစ်သော်လည်း ဝိရိယပါရမီ ဖြည့်တင်းပုံကိုလည်း ပြဆိုထားသည်။ 

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts