ဆော့ခရတ္တိ

ဆော့ခရတ္တိ ၏ အကြိုက်နှင့် အကောင်း အယူအဆ (အပိုင်း – ၂)

စာပိုဒ် (င)
(ဆော့ခရတ္တိ) ဆော့။     ။ အသိတရားမရှိသူနှင့် သူရဲဘောနည်းသူတို့ကို ကောင်းသောသူ ဟု အသင် ဆိုမည် မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသိတရားရှိသူနှင့် သူရသတ္တိရှိသူတို့ကို ကောင်းသောသူ ဟု အသင် ဆိုခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ကာ။     ။ ဟုတ်ပါသည်။

ဆော့။     ။ မိုက်သောသူငယ် ပျော်ရွှင်သည်ကို အသင် မြင်ဖူးပါသလော။

ကာ။     ။ မြင်ဖူးသည်ပါ့။

ဆော့။     ။ မိုက်သောလူကြီး ပျော်ရွှင်သည်ကိုလည်း အသင် မြင်ဖူးသလော။

ကာ။     ။ ဆော့ခရတ္တိ ၊ ထိုသို့မေးနေသည်မှာ မည်သည့်ဘက်သို့ အသင် ဆွဲချင်သောကြောင့်နည်း။

ဆော့။     ။ မည်သည့်ဘက်သို့မျှ ကျွန်ုပ် မဆွဲပါ။ မေးသည်ကိုသာ ဖြေပါ။

ကာ။     ။ ကောင်းပါပြီ၊ မြင်ဖူးပါသည်။

ဆော့။     ။ ထို့ပြင် စဉ်းစားဉာဏ်ရှိသူ ပျော်ရွှင်သည်ကိုသော် လည်းကောင်း၊ ဝမ်းနည်းပူဆွေးသည်ကိုသော် လည်းကောင်း မြင်ဖူးပါသလော။

ကာ။     ။ မြင်ဖူးသည်။

ဆော့။     ။ ကောင်းပြီ၊ ပျော်ရွှင်ရာ၌လည်းကောင်း၊ ဝမ်းနည်းပူဆွေးရာ၌လည်းကောင်း ပညာရှိသူနှင့် ပညာမဲ့သူ နှစ်ဦးအနက် မည်သူက ပိုမည်ဟု အသင် ထင်ပါသနည်း။

ကာ။     ။ သိပ်ထူးမည် မဟုတ်၊ ဆတူလောက်ပင်။

ဆော့။     ။ ဟုတ်ပြီ။ အသင်၏ အဖြေ သင့်ပါသည်။ ထို့နောက် မေးချင်ပါသေးသည်။ တိုက်ပွဲဖြစ်နေဆဲတွင် သူရဲဘောနည်းသူကို အသင် တွေ့ဖူးပါသလော။

ကာ။     ။ တွေ့ဖူးသည်။

ဆော့။     ။ ရန်သူ ဆုတ်ခွာသောအခါ သူရဲဘောနည်းသူနှင့် သူရသတ္တိရှိသူ နှစ်ဦးအနက် မည်သူက ပို၍ ပျော်မည်နည်း။

ကာ။     ။ နှစ်ဦးစလုံး ညီတူညီမျှပင် ဟု ဆိုချင်သည်။ ညီတူညီမျှ အတိအကျ မဟုတ်စေကာမူ မတိမ်းမယိမ်းပင်။

ဆော့။     ။ သင့်ပါသည်။ သို့ရာတွင် သူရဲဘောနည်းသူ ပျော်မည်မုချ ဟူ၍ကား ဆိုနိုင်ပါသည်။ ဆိုရမည်လော။

ကာ။     ။ ဆိုပါ။ အလွန်ပျော်မည်သာ။

ဆော့။     ။ ပညာမဲ့သောသူကော ပျော်မည်လော။

ကာ။     ။ ပျော်မည်ပါ့။

ဆော့။     ။ ထို့နောက် မေးချင်ပါသေးသည်။ ရန်သူ ချဉ်းကပ်လာသောအခါ သူရဲဘောနည်းသူသာ နာကျင်ခြင်း ဖြစ်သလော၊ သူရသတ္တိ ရှိသူကော နာကျင်ခြင်း မဖြစ်သလော။

ကာ။     ။ နှစ်ဦးစလုံးပင် နာကျင်ခြင်း ဖြစ်ကြမည်သာ။

ဆော့။     ။ ညီတူညီမျှလော။

ကာ။     ။ သူရဲဘောနည်းသူက ပိုမည် ထင်သည်။

ဆော့။     ။ ထို့ပြင် ရန်သူ ဆုတ်ခွာသွားသောအခါ ထိုသူနှစ်ဦးစလုံး နှစ်သက်ကြမည် ထင်ပါသည်။

ကာ။     ။ နှစ်သက် သဘောကျမည်မှာ သေချာသည်။

ဆော့။     ။ ထိုသို့ဖြစ်လျှင် ဤသို့ ဆိုနိုင်မည် ထင်သည်။ ပျော်ကြ နှစ်သက်ကြသည့် အရာ၌လည်းကောင်း၊ နာကျင်ကြသည့် အရာ၌လည်းကောင်း ပညာရှိသူရော ပညာမဲ့သူရော၊ သူရသတ္တိရှိသူရော သူရဲဘော နည်းသူရော သူမသာ ကိုယ်မသာ မတိမ်းမယိမ်း ဖြစ်ကြလိမ့်မည် ဟု ဆိုနိုင်သည်။ သို့ရာတွင် သူရသတ္တိရှိသူထက် သူရဲဘောနည်းသူက နှစ်သက်စရာ ရှိလျှင်လည်း ပို၍ နှစ်သက်မည်၊ နာကျင်စရာ ရှိလျှင်လည်း ပို၍ နာကျင်မည် ဟု ဆိုချင်ပါက ဆိုနိုင်မည် ထင်ပါသည်။

ကာ။     ။ ဆိုပါ၊ ဆိုနိုင်ပါသည်။ သူရဲဘောနည်းသူက ပိုနိုင်ပါသည်။

ဆော့။     ။ သို့ရာတွင် ပညာရှိသူနှင့် သူရသတ္တိရှိသူတို့သည် ကောင်းသူများ ဖြစ်ကြ၏။ ပညာမဲ့သူနှင့် သူရဲဘောနည်းသူတို့သည် ညံ့သူ ဆိုးသူများ ဖြစ်ကြ၏။ ထိုသို့ ဆိုရလိမ့်မည်။ ဆိုရမည်လော။

ကာ။     ။ ဆိုပါ။ မှန်ပါသည်။

ဆော့။     ။ ထိုသို့ဆိုလျှင် ကောင်းသောသူနှင့် ညံ့သော ဆိုးသောသူ နှစ်ဦးစလုံးသည် မတိမ်းမယိမ်း ကောင်းကြ၊ ညံ့ကြ ဆိုးကြ၏ ဟု ဆိုရမည်လော။

သို့တည်းမဟုတ် ညံ့သော ဆိုးသော သူ၌ ပို၍ ကောင်းပိုင်ခွင့် ရှိသည်ဟု ဆိုရမည်လော။

ကာ။     ။ ဆော့ခရတ္တိ၊ ကျွန်ုပ် မဆိုတတ်တော့ပြီ။ မည်သည့်အချက်ကို အသင် ပြောချင်သောကြောင့်နည်း။ ကျွန်ုပ် မလိုက်နိုင်ပါ။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

# Open More Online

Related Posts