ဆား

ဆား အစားများသည့်အလေ့အကျင့်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

“ ဆား ကတော့ ဟင်းချက်ရာမှာသာမက အစားအစာတွေ ပြုလုပ်ရာမှာပါ မပါမဖြစ်ပစ္စည်းတစ်ခုပါပဲ။ဆေးပညာကျွမ်းကျင်သူတွေကတော့ နေ့စဉ် ဆား စားသုံးမှုကို ၁၅၀၀ – ၂၄၀၀ မီလီဂရမ်ထက် မများစေဖို့ အကြံပြုထားပါတယ်။ ဆား စားသုံးမှုများတဲ့အတွက် အောက်ပါကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာ ကြောင့်ပါ။ ”

ကျောက်ကပ်ပြဿနာဖြစ်ခြင်း

ဆားဆိုတဲ့ ဆိုဒီယမ်ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက အရသာရှိလှပေမယ့် သင့်ကျောက်ကပ်ကိုတော့ ဒုက္ခပေးနိုင်ပါတယ်။ ဆားစားသုံးမှုများတာကြောင့် သင့်ဆီးထဲမှာ ကယ်လ်စီမယ်ပမာဏတွေ များစွာပါဝင်သွားနိုင်တဲ့အတွက် ကျောက်ကပ်အတွင်း ကျောက်တည်နိုင်ခြေမြင့်မားသွားနိုင်ပါတယ်။

ဒါ့အပြင် ဆားစားသုံးမှုများတာကြောင့် သင့်ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေ စစ်ထုတ်နိုင်စွမ်းလျော့နည်းသွားတဲ့အတွက် ခန္ဓာကိုယ်ထဲ ဆိုဒီယမ်ပမာဏတွေ များပြားလာတာကြောင့် သွေးတိုးရောဂါရရှိနိုင်ပါတယ်။ သွေးတိုးရောဂါကြောင့် ရေရှည်မှာ ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်။

သွေးဖိအားမြင့်တက်နိုင်ခြင်း

သင့်ရဲ့ သွေးကြောထဲမှာ ဆိုဒီယမ်ပမာဏတွေ မြင့်မားနေတဲ့အတွက် ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကျဆင်းသွားနိုင်ပြီး သွေးဖိအားမြင့်တက်နိုင်ပါတယ်။ သင့်အစားအစာထဲမှာ ဆားများလွန်းရင် ခန္ဓာကိုယ်အတွင်း ရေဓာတ်စုဆောင်းမှု များလာနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် သင့်နှလုံးက ယခင်ကထက်ပိုပြီး အလုပ်လုပ်ရတဲ့ အတွက် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ နှလုံးသွေးကြောပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

လေပွနိုင်ခြင်း

သင် စားတဲ့အစားအစာထဲမှာ ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်စုဆောင်းမှုများလာပြီး လေပွတဲ့ ဝေဒနာခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်၊ လက်တွေမှာလည်း ဖောရောင်လာနိုင်ပါတယ်။

သတိမေ့လွယ်ခြင်း

ဦးနှောက်လုပ်ဆောင်ချက်ကျဆင်းစေတဲ့ အကြောင်းအရာတွေထဲမှာ ဆားစားသုံးမှုများတာလည်း တစ်ခု ပါဝင်ပါတယ်။ အသက်အရွယ်ကြီးခြင်းဆိုင်ရာ အာရုံကြောဌာနက ထုတ်ဝေတဲ့ ဂျာနယ်ရဲ့ လေ့လာမှုအရ ဆား စားသုံးမှုများပြီး အထိုင်များတဲ့ဘဝနေထိုင်ထိုင်မှုပုံစံမရှိသူတွေထက် သတိမေ့လွယ်တဲ့ဝေဒနာ ပိုမိုခံစားရတယ်လို့ သိရပါတယ်။

အရိုးရောဂါဖြစ်လွယ်ခြင်း

သင် ဆီးသွားလိုက်တိုင် ဆီးထဲမှာ ခန္ဓာ ကိုယ်ထဲက ကယ်လ်စီယမ်တွေထွက်သွားပါတယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးသူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်က ပုံမှန်ပမာဏထက် ပိုပြီးပါဝင်သွားတက်ပါတယ်။ အရိုးပါးရောဂါဟာ ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်လျော့နည်းနိုင်တာကြောင့် အရိုးပါးရောဂါဖြစ်နိုင်ခြေ မြင့်မား ရတာဖြစ်ပါတယ်။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts